ဆရာကြည်
(၁၃-၆-၂၀၂၂ ရက်နေ့မှအဆက်)
ဆဲရေးတတ်သော ဘာရဒွါဇပုဏ္ဏားအကြောင်း
“နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ”ဟူ၍ ချွတ်ချော်သောအခါ၌ ဥဒါန်းကို ဆိုကျူးလေ့ရှိသော သောတာပန်ပုဏ္ဏားမကြီးတစ်ဦး ရှိသည်။ ၎င်းသည် ရာဇဂြိုဟ်ပြည်၌နေသည်။ သူမကို ဇနဉ္စာနီဟုခေါ်သည်။ တစ်နေ့သ၌ ပုဏ္ဏားများ အား ထမင်းကျွေးရာတွင် ချွတ်ချော်၍ ယင်းဥဒါန်းကို ထိုပုဏ္ဏားမကြီးက ဆိုကျူးမိပါသည်။ သူ၏ခင်ပွန်းက ဥဒါန်းကို ကြားရ၍ ဘုရားထံသို့သွားကာ ဤသို့ လျှောက်ထားလေသည်။ ထိုပုဏ္ဏားကြီးသည် ဘုရားရှင်အား အဘယ်ကိုသတ်၍ ချမ်းသာစွာနေရသနည်း၊ မစိုးရိမ်ရသနည်း၊ အဘယ်တရားတစ်ခု သတ်ခြင်းကို နှစ်သက်သနည်းဟူ၍ လျှောက်ထားလေသည်။
ဘုရားရှင်သည် ပုဏ္ဏား၏ သဘောထားကို သိသဖြင့် “အမျက်ဒေါသကို သတ်ခြင်းဖြင့် ချမ်းသာ စွာနေရ၏။ မစိုးရိမ်ရ။ အမျက်ဒေါသသတ်ခြင်းကို ဘုရား၊ ရဟန္တာတို့က ချီးမွမ်းကြကုန်၏”ဟူ၍ မိန့်တော်မူလေသည်။ ထိုတရားစကားကို ပုဏ္ဏား ကြီးသည် နှစ်သက်၍ ဘုရားရှင်အား ကြည်ညိုလှ သဖြင့် ရဟန်းပြုပြီး ရဟန္တာဖြစ်သွားလေသည်။ သို့ဖြစ်၍ ၎င်းပုဏ္ဏား၏ညီဖြစ်သူ “အဏ္ဏာသ ဘာရဒွါဇ”သည် သူ၏အစ်ကို ရဟန်းဝတ်သွားသောကြောင့် ဘုရားရှင်အား ယုတ်မာကြမ်းကြုတ် သောစကားတို့ဖြင့် ဆဲလေသည်။
ဘုရားရှင်က ၎င်းပုဏ္ဏားအား သင့်ထံရောက်လာသော ဧည့်သည်အား သင်မှ စားဖွယ်သောက်ဖွယ်များကို ပေးပါအံ့။ ထိုသူက လက်မခံလျှင် ဤစားဖွယ်များ သည် ဘယ်သူ့ထံသို့ ပြန်ရောက်လေသနည်းဟူ၍ ဥပမာဖြင့် ဆုံးမလေသည်။ ပုဏ္ဏားကလည်း သူပြန်၍ လက်ခံရမည်ဖြစ်ကြောင်း ပြောလေသည်။ ထိုအခါ ဘုရားရှင်က ထို့အတူပင် သင်ဆဲသည်ကို ဘုရားရှင်က လက်မခံလျှင် သင့်ထံသို့သာ ပြန်ရောက်ပေမည်ဟု ပြောဆိုဆုံးမလေသည်။
ပုဏ္ဏားသည် ဘုရားရှင်၏ အံ့ဖွယ်စကားကို ကြားရ၍ ဘုရားရှင်ကို ကြည်ညိုသွားပြီး ရဟန်းဝတ်လေသည်။ မကြာမီပင် ရဟန္တာဖြစ်သွားလေသည်။ ၎င်း၏ညီနှစ်ဦးကလည်း သူတို့၏အစ်ကို များကို ဘုရားရှင်က ရဟန်းပြုပေးခြင်းကို အထက်ပါ ပုဏ္ဏားနည်းတူ မကျေနပ်၍ ဘုရားရှင်အား လာရောက်ဆဲကြလေသည်။ ဘုရားရှင်၏ ဆုံးမ စကားကြားရပြီး ဘုရားရှင်အား ကြည်ညို၍ ရဟန်း ဝတ်ကြလေသည်။ များမကြာမီပင် ရဟန္တာများ ဖြစ်သွားကြလေသည်။
တစ်နေ့သောအခါ၌ ရဟန်းများသည် တရား သဘင်အလယ်၌ ဘုရား၏ ဆုံးမစကားကြောင့် ပုဏ္ဏားလေးဦး ရဟန်းပြုရခြင်းနှင့်ပတ်သက်၍ အံ့သြချီးကျူးနေကြသည်။ ထိုအခါ ဘုရားက ၎င်းတို့ထံလာ၍ မေးသောအခါ ဤအကြောင်းမှန်ကို ရဟန်းတို့က လျှောက်ထားပါသည်။ ထိုစကားများကို ဘုရားရှင်ကြားသောအခါ ဘုရားရှင်က သူသည် သည်းခံခြင်းနှင့် ပြည့်စုံသောကြောင့် သူ့ကို ပြစ်မှား သူတို့အား ပြန်၍မပြစ်မှားမူ၍ လူများစွာတို့၏ မှီခို ရာဖြစ်ကြောင်း တရားဓမ္မ မိန့်ကြားလေသည်။
ကျွမ်းသမား ဥဂ္ဂသေန ရဟန္တာဖြစ်ခြင်း
ရာဇဂြိုဟ်ပြည်သို့ ကချေသည်ငါးရာ ပါဝင်သော နယ်လှည့် ကဇာတ်အဖွဲ့ ရောက်လာပါသည်။ ၎င်းအဖွဲ့သည် ဗိမ္ဗိသာရမင်းကြီး၏ရှေ့မှောက်၌ နှစ်ရက်တိုင်တိုင် ကျင်းပကပြလေသည်။ ဤသို့ ကပြခြင်းကြောင့် ရွှေငွေဥစ္စာပစ္စည်း များစွာရလေ သည်။ လူအများကလည်း ကဇာတ်အဖွဲ့၏ ကပွဲကိုကြည့်ရှုကြပါသည်။ ကျွမ်းဘားသမား၏သမီးသည် စိုက်ထူထားသော ဝါးလုံးပေါ်သို့တက်၍ ယင်းဝါးလုံးထိပ်ပေါ်တွင် ကပြလေသည်။ ယင်းသို့ ကပြခြင်း နှင့် သီချင်းကို သီဆိုပြလေသည်။
ထိုအချိန်၌ ဥဂ္ဂသေနမည်သော သူဌေးသားက လည်း ယင်းကပွဲကို ကြည့်နေစဉ် ဤကျွမ်းဘားသမား၏ သမီးကိုမြင်ရ၍ ချစ်ခင်စုံမက်၍ မရလျှင်မနေနိုင်အောင် စွဲလမ်းသွားပါသည်။ သူ၏မိဘများကို ပြောပြရာ သူ၏မိဘများကလည်း သူ့ဆန္ဒ အတိုင်း ကျွမ်းဘားသမားသမီးနှင့် ထိမ်းမြားပေးလိုက်သည်။ ၎င်းသည် သူ၏ဇနီး ကျွမ်းဘားကပြရာသို့ လိုက်ပါသွားလေ့ရှိသည်။
မကြာမီ ၎င်းတို့တွင် သားလေးတစ်ယောက် ရလေသည်။ ထိုကချေသည်မ ကျွမ်းဘားသမီးသည် ကလေးကိုချော့တိုင်း သူ့ခင်ပွန်း သူဌေးသားဥဂ္ဂသေနကို စောင်းချိတ်၍ “လှည်းစောင့်သမား၏သား”၊ “ဥစ္စာထုပ်ထမ်းသမား၏သား”၊ “ဘာမျှမတတ်သူ၏သား”ဟူ၍ ဆိုချေသည်။ သူဌေးသားသည် သူ့အား စောင်းမြောင်းပြောနေသည်ကိုသိ၍ သူ့ ယောက္ခမထံမှ တစ်နှစ်တိုင် ယင်းကျွမ်းဘားအတတ်ကို သင်ကြားပြီး ရွာတွင်လှည့်လည်၍ အတတ်ပညာဖြင့် ကပြနေသည်။ ထို့အပြင် သူ့ဇနီးမယားကို စွန့်လွှတ်ခဲ့လေသည်။
ထိုဥဂ္ဂသေနသူဌေးသားသည် ရာဇဂြိုဟ်ပြည်တွင် ကျွမ်းဘားကို ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့တွင် ကပြမည်ဖြစ်ကြောင်း မြို့သူမြို့သားအား ကြွေးကြော်လေသည်။ ထိုနေ့မှ ခုနစ်ရက် မြောက်နေ့၌ ဥဂ္ဂသေနသူဌေးသားသည် စိုက်ထူထားသော အတောင်ခြောက်ဆယ်အမြင့်ရှိ ဝါးလုံးပေါ်တက်၍ ကပြလေသည်။
ထိုနေ့နံနက်၌ ဘုရားရှင်သည် ကျွတ်ထိုက်သည့် သတ္တဝါများကို သဗ္ဗညုတဉာဏ်ဖြင့် ကြည့်ရှုသော် ထို ဥဂ္ဂသေနသူဌေးသားသည် ဉာဏ်တော်တွင် ပေါ်လာသည်။ ဘုရားရှင်သည် ၎င်းအား သူတရား တစ်ဂါထာနာရရုံဖြင့် ရဟန္တာဖြစ်မည်ကို မြင်တော် မူလေသည်။
ဘုရားရှင်သည် ဆွမ်းခံကြွသောအချိန် ရောက်သော် ရဟန်းအပေါင်းခြံရံလျက် ရာဇဂြိုဟ်ပြည်ထဲသို့ ဆွမ်းခံကြွတော်မူလေသည်။ ထိုအချိန်၌ ဥဂ္ဂသေန သူဌေးသားသည် သူ့ကျွမ်းဘားအတတ်ဖြင့် ဝါးလုံး ထိပ်များ၌ ခုနစ်ကြိမ်လှည့် ရပ်တည်ပြလျက် ပြည်သူပြည်သားအပေါင်းအား အုတ်အုတ်ကျက်ကျက် ဖြစ်စေပါသည်။
ထိုအချိန်တွင် ဘုရားရှင်သည် ဥဂ္ဂသေန သူဌေးသား ကျွမ်းဘားများ ကပြရာသို့ ရောက်လာလေသည်။ ဘုရားရှင်က တန်ခိုးဖြင့် ထိုသူဌေးသား ပြသနေသည်ကို မကြည့်စေဘဲ ဘုရားရှင်အား အာရုံပြုစေရန် ပြည်သူပြည်သားတို့အား ဖန်တီးစေခဲ့သည်။ ပြည်သူပြည်သားတို့ကလည်း ကျွမ်းဘားကပြသည်ကို မကြည့်ဘဲ ဘုရားရှင်ကိုသာ အာရုံစိုက် နေကြလေသည်။
ထိုအဖြစ်အပျက်ကြောင့် ဥဂ္ဂသေနသူဌေးသားသည် သူသင်ကြားခဲ့သော ကျွမ်းဘားအတတ်ပညာ တစ်နှစ်တာ သင်ကြားခဲ့သည်မှာ အချည်းအနှီးဖြစ်သည်ဟု ကြံစည်ပြီး သူကပြနေခြင်းကို ရပ်ထားလေသည်။ ဘုရားရှင်က သိတော်မူ၍ အရှင်မဟာ မောဂ္ဂလာန်အား ဆက်ကပြသဖို့ သွားပြောခိုင်းလေသည်။ ထိုပြောကြားခိုင်းသည့်အတိုင်း အရှင်မောဂ္ဂလာန်သည် သွားပြောလေသည်။ ၎င်းသူဌေး သားသည် ဘုရားရှင်က သူကပြနေသည်ကို ကြည့်လို၍ ဆိုလာခြင်းဟုထင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဆက်လက်၍ ဝါးလုံးထိပ်ဖျားပေါ်တွင် ကောင်းကင်သို့ ပျံတက်၍ ကပြလေသည်။
ဘုရားရှင်သည် ၎င်းဥဂ္ဂသေနသူဌေးသားအား ခန္ဓာငါးပါး၌ဖြစ်ပြီး၊ ဖြစ်လတ္တံ့၊ ဖြစ်ဆဲတို့အား ပညာရှိမှန်သမျှသည် တွယ်တာမှုမရှိ၊ တဏှာကို စွန့်လွှတ်ပြီး ဇာတိ၊ ဇရာ၊ မရဏတို့ ဒုက္ခအပေါင်းတို့ လွတ်မြောက်ခြင်းအတွက် အားထုတ်သင့်လှပြီဟူ၍ ဂါထာနှစ်ပါးစုံဖြင့် ဟောကြားသည်။ ဘုရားရှင်က ဟောကြားသောတရားကို နာကြားရသော ဥဂ္ဂသေန သူဌေးသားသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ဝါးလုံး ထိပ်ဖျားတွင် ရပ်လျက်ပင် ရဟန္တာဖြစ်လေသည်။
၎င်းသည် ဤမှဆင်း၍ ဘုရားရှင်အား ထိခြင်းငါးပါးဖြင့်ရှိခိုးကာ ရဟန်းအဖြစ် တောင်းခံလျှောက် ထားလေသည်။ ဘုရားရှင်ကလည်း “ဧဟိဘိက္ခု’’ ခေါ်၍ ပေးလိုက်လျှင် ၎င်းသူဌေးသားမှာ လူ့အသွင်မှ ရဟန်းအသွင်သို့ ပြောင်းသွားလေသည်။
နှစ်ပြည်ထောင်စစ်ခင်းခြင်းကို ဘုရားရှင်က ငြိမ်းအေးစေခြင်း
ကပိလဝတ်သာကီဝင်မင်းတို့နှင့် ကောလိယ သာကီဝင်မင်းတို့သည် ကပိလဝတ်ပြည်နှင့် ကောလိယပြည် (နှစ်ပြည်ထောင်ကြား) တွင် ရောဟိဏီမြစ်ကို ကန်ပေါင်ဆည်ရိုး တစ်ခုတည်း၌ ဆို့ပိတ်၍ နှစ်ဦးနှစ်ဖက် သင့်တင့်ညီညွတ်စွာ သူတစ်လှည့် ကိုယ်တစ်လှည့် ရေကိုဆောင်သွင်း၍ လယ်လုပ်ကြသည်။ ထိုအချိန်၌ ဘုရားရှင်သည် ကဆုန်လကုန်လောက်တွင် ရာဇဂြိုဟ်ပြည်မှ ဝေသာလီပြည်သို့ ပဉ္စမဝါကပ်ရန် ကြွတော်မူသည်။
ဘုရားရှင်သည် ဝေသာလီပြည် ကူဋာဂါရ ကျောင်း၌ သီတင်းသုံးနေတော်မူသည်။ ထိုအချိန်၌ နယုန်လလည်းဖြစ်၊ ရေကလည်း နည်းပါးသဖြင့် ကောက်စပါးပင်များ ညှိုးနွမ်းကုန်သည်။ နှစ်ပြည်ထောင်ရှိ လယ်သမားတို့သည် ရေကို မျှတစွာမသုံးဘဲ သူ့ထက်ငါလုယူ၍ ရောဟိဏီမြစ်မှရေကို အသုံးပြုကြသည်။ ထိုသို့ဖြစ်ခြင်းကြောင့် နှစ်ပြည်ထောင် လယ်သမားတို့သည် မညီညွတ်မတည့်ကြ၍ တစ်ဦး ကိုတစ်ဦး ဆဲရေးကြကုန်၏။ အချင်းချင်းလည်း သတ်ပုတ်ရိုက်နှက်ကြကုန်သည်။ ဤသို့ လယ်သမားတို့သည် မိမိတို့ပြည်သို့ ပြန်ကြပြီး ယင်းအဖြစ်အပျက် ကို လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အမတ်ကြီးတို့အား တိုင်ကြားကြကုန်သည်။ ၎င်းတို့၏ တိုင်ကြားချက်ကြောင့် မင်းမှ မင်းသားတို့ထံသို့ ဤသတင်းရောက် သွားလေသည်။
ထိုအခါ ကပိလဝတ်ပြည် သာကီဝင်မင်းတို့နှင့် ကောလိယ သာကီဝင်မင်းတို့ စစ်ခင်းရန်အတွက် ရောဟိဏီမြစ်ဆီသို့ ရောက်လာကြကုန်၏။ ဘုရားရှင်သည် ယနေ့မိုးသောက်ယံတွင် သတ္တလောကကြီးကို ကြည့်ရှုရာ ယင်းတို့ နှစ်ဦးနှစ်ဖက် စစ်ခင်းလာကြသည်ကို မြင်တော်မူသည်။ ထို့နောက် ဘုရားရှင်က ဆင်ခြင်သော် ယင်းနှစ်ပြည်ထောင်မင်းတို့အား တရားဟောလျှင် စစ်ပြေငြိမ်းလတ္တံ့။ ထို့နောက် နှစ်ပြည်ထောင်မှ မင်းသား ၂၅၀ စီကို ရဟန်းပြုပေး လတ္တံ့။
ထိုမင်းသား ၅၀၀ သည် ရဟန်းဝတ်ပြီးသော် မဟာသမယ အစည်းအဝေးခေါ်လတ္တံ့ စသည်ကို ဘုရားရှင် မြင်တော်မူလေသည်။
ဘုရားရှင်သည် ဝေသာလီပြည် ကူဋာဂါရ ကျောင်းမှ ထွက်တော်မူပြီး ကောင်းကင်ခရီးဖြင့်ကြွ၍ နှစ်ပြည်ထောင် စစ်ခင်းမည့်နေရာအလယ်မှ ကောင်းကင်တွင် တင်ပျဉ်ခွေထိုင်တော်မူလေသည်။ ထိုနှစ်ပြည်ထောင်မင်းတို့သည် သူတို့၏ ဆွေမျိုးတော် ဘုရားရှင် ကြွလာသည်ကိုမြင်သော် သူတို့ နှစ်ပြည်ထောင် အဘယ်ကြောင့် စစ်ခင်းရန် မသင့်ကြောင်း စဉ်းစားလျက် လက်နက်များကို စွန့်လွှတ်ကြကုန်သည်။ ဘုရားရှင်အားလည်း ရှိခိုး၍ ထိုင်နေ လေကုန်၏။ ဘုရားရှင်က သိတော်မူလျက် ဤနေရာသို့ အဘယ်ကြောင့် စုဝေးလာကြသလဲဟူ၍ အကြောင်းစုံကို မေးတော်မူလေသည်။
ထိုအခါ၌ ဘုရားရှင်က ရောဟိဏီမြစ်ချောင်း ရေသည် အဘယ်မျှတန်ဖိုးရှိသလဲဟု မေးသည်။ မင်းတို့ကလည်း အနည်းငယ်သော အဖိုးထိုက်တန်ပါသည်ဟု ပြန်လည်ဖြေကြား လျှောက်ထားလေသည်။ ခတ္တိယမင်းမျိုးတို့သည် အဘယ်မျှတန်ဖိုးရှိသလဲဟု ဘုရားရှင်က ထပ်မေးသော် ၎င်းတို့က ခတ္တိယနွယ် မင်းမျိုးတို့သည် အတိုင်းမသိ အဖိုးထိုက်ပါသည်ဟု ဖြေကြားလျှောက်ကြလေသည်။
ဘုရားရှင်က ဤမျှတန်ဖိုးနည်းသော ရောဟိဏီ မြစ်၏ရေကြောင့် အဖိုးထိုက်တန်သည့် ခတ္တိယမင်းမျိုးတို့ မပျက်စီးကြရန် ဟောကြားသည်။ ထို့အပြင် ရန်ခိုက်ဒေါသဖြစ်ရန် ဖြစ်ခြင်းသည် ဆုံးရှုံးဖို့သာရှိသည်ဟူ၍ ဇာတ်တော်များကို သာဓကပြ၍ ဟောကြားတော်မူပြီး “အတ္တဒဏ္ဍ” သုတ်တော် ကို ဆက်၍ဟောတော်မူခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်)