မောင်သိန်းဆိုင်
၂၄-၆-၂၀၂၂ ရက်နေ့မှအဆက်
ဒေါ်ရေနံ့သာခင်ခင်ကြီးတွင် အပူပင်မိဆုံးအရာတစ်ခုရှိသည်။ ၎င်းမှာ နန်းကိန္နရီ တစ်ချိန်က သူဖြစ်ခဲ့သလို မဖြစ်စေလိုခြင်းဖြစ်သည်။ ယင်းမိန်း ကလေး၏ကံကြမ္မာကို မိမိကံကြမ္မာနှင့် ထပ်တူထပ်မျှ မဖြစ်စေလိုခြင်းဖြစ်သည်။ မိမိနည်းတူ နာကြည်းကြေကွဲရခြင်းမျိုး ယင်းမိန်းကလေး၌ မပေါ်ပေါက်စေလို ခြင်းဖြစ်သည်။သည်ထက် အရှင်းဆုံးဆိုရပါလျှင် မောင်မောင်ဦးကဲ့သို့လူမျိုးနှင့် နန်းကိန္နရီ မတွေ့ရှိစေလိုခြင်းပင် ဖြစ်ပါသည်။
နန်းကိန္နရီအား ချုပ်ချယ်သောစကား အချို့ဆိုချင်သည်။ လွတ်လပ်ခွင့်ပေးထားသော အခွင့်အရေး အချို့ကို ပြန်လည်ရုပ်သိမ်းချင်သည်။ ယင်းသို့ ပြုမူလိုက်သဖြင့် အိမ်တွင် ထိုမိန်းကလေး မပျော်ပိုက်ဘဲ ရှိမည်ကိုလည်း စိုးရိမ်မိသည်။ မိမိမျက်စိအောက်မှ သူပျောက်ကွယ်သွားမည့်အဖြစ်ကို မည်သို့မျှ မလိုလားနိုင်အောင် ရှိရသည်။ နန်းကိန္နရီနှင့် လက်တွဲဖြုတ်ရမည့်အရေးကို ဒေါ်ရေနံ့သာခင်ခင်ကြီး တွေးပင်မတွေးဝံ့လောက်အောင် ရှိရချေသည်။
သည်ရက်အတွင်း ဗိုလ်မှူးညိုထွန်း ရန်ကုန်သို့ ကိစ္စတစ်ရပ်ဖြင့် ရောက်လာသည်။ ရေနံ့သာတွင်ပင် တည်းခိုသည်။
ဗိုလ်မှူးညိုထွန်း ရောက်လာချိန်၌ အိမ်တွင် နန်းကိန္နရီမရှိပေ။ ဗိုလ်မှူးညိုထွန်းကလည်း အတော်ချည်းမိုးချုပ်မှ ရောက်လာခြင်းဖြစ်သည်။
“ဒီတစ်ပတ်တော့ အတော်ကြာကြာ နေရလိမ့်မယ်။ ညီမတို့အိမ်မှာ ဧည့်သည် ကျောက်ချလုပ်ရတော့မှာပဲ”
ဗိုလ်မှူးညိုထွန်း ဆိုသည်။
“အစ်ကိုထွန်းလာတာ အတော်ပဲ။ ခင်ကြီးလေ ဧည့်မျှော်နေတာ”
ဒေါ်ရေနံ့သာခင်ခင်ကြီး ဝမ်းပန်းတသာပြောသည်။ သူသည် နန်းကိန္နရီ နှင့်ပတ်သက်၍ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှာနေခြင်းဖြစ်လေသည်။
ခရီးရောက်မဆိုက်မှာပင် ဗိုလ်မှူးညိုထွန်းသည် သူ၏ စစ်သုံးလက်ဆွဲအိတ်အတွင်းမှ သေနတ်တစ်လက်ကို ထုတ်ယူလိုက်သည်။ သေနတ်မှာ ပေါ့ပါးလှသော ပစ္စတိုတစ်လက်ဖြစ်သည်။
“ဒါကို လုံလုံခြုံခြုံသိမ်းပေးထားစမ်းပါ” ဆိုရင်း သေနတ်ကို လှမ်းပေးသည်။
“ကျည်ဆန်အပြည့်ပါတယ်နော်” ဟုလည်း သတိပေးသည်။
“အစ်ကိုထွန်း သေနတ်တွေဘာတွေ ဆောင်ထားတယ်လား”
“တစ်ခါတလေပါ။ လမ်းခရီးအတွက်ပါ။ ရန်ကုန်မှာတော့ မလိုပါဘူး”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သေနတ်ကို ဆကြည့်သည်။ ကျည်ဆန်ကပ်ကို ထုတ်ယူသည်။ ကျည်ဆန်မပါဘဲ တဖြောက်ဖြောက်ပစ်ခတ်ကြည့်သည်။
သူ့တွင် သေနတ်နှင့်ပတ်သက်သော အတွေ့အကြုံရှိသည်။ ပုပ္ပားသို့ စစ်ပြေးစဉ်က သေနတ် အမျိုးမျိုး အစားစားကို တွေ့ရဖူးသည်။ ပစ်ခတ်ကြည့်ခဲ့ဖူးသည်။ သည်စဉ်က တော်လှန်ရေးတွင် ကိုကို ပါဝင်သည်။ ခေါင်းဆောင်ဖြစ်သည်။ သေနတ်တွေ မလိုချင်အဆုံးဖြစ်ခဲ့သည်။ သေနတ်ပုံမှာ ခေါင်းထိုးအိပ်ခဲ့ရဖူးသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဗိုလ်မှူး ညိုထွန်း၏သေနတ်ကို သူ၏ အဝတ်ဗီရိုအံဆွဲရှိ အဝတ်များ အောက်တွင် သိမ်းထားပေးသည်။ဤသည်မှာ ဒေါ်ရေနံ့သာခင်ခင်ကြီး အတွက် သေနတ်တစ်လက် ရရှိလာခြင်း အကြောင်းရင်းပေတည်း။
သည်တစ်ခေါက် ရန်ကုန်သို့လာရာဝယ် ဗိုလ်မှူးညိုထွန်းသည် အခါတိုင်းကထက် ဆန်းကြယ်သောစကားအချို့ ကို ပြောခဲ့သည်။
“အစ်ကိုထွန်း မကြာခင် အငြိမ်းစား ယူဖို့ စိတ်ကူးထားမိတယ် ညီမ”
“စောပါသေးတယ်။ အသက်က ဘာကြီးသေးတာမှတ်လို့”
“ဒါပေမဲ့ အစ်ကိုထွန်းနားချင်ပြီ။ အေးအေးဆေးဆေးနေချင်ပြီ။ တွက်ကြည့်လေ။ လူမှန်းသိတတ်စ အရွယ်ကတည်းက၊ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ် ကိုယ်မတ်မတ်ရပ်နိုင်ပြီ ဆိုကတည်းက အလုပ်လုပ်လာခဲ့ရတာ။ အစ်ကိုထွန်းရဲ့ ဘဝတစ်လျှောက်လုံးမှာ နားချိန်ဆိုတာ မရှိခဲ့ပါဘူး”
“ဘာထူးမှာလဲ အစ်ကိုထွန်းရယ်။ သားမရှိ၊ မယားမရှိ။ ဆွေမရှိ မျိုးမရှိနဲ့။ အလုပ်နဲ့လက်နဲ့မပြတ်ဘဲ နေတာကမှ အဓိပ္ပာယ်ရှိဦးမှာပါ။ နို့မဟုတ်ရင် လူ့ဘဝ ဆိုတာ ပျင်းစရာကြီးဖြစ်နေမှာပေါ့”
“ဒီလိုတော့လည်း ဘယ်ဟုတ်မလဲကွယ်။ အစ်ကိုထွန်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ရှိတာပေါ့။ အငြိမ်းစားယူပြီးတဲ့နောက်မှာ အစ်ကိုထွန်းအဖို့ လုပ်စရာတွေတစ်ပုံကြီးပါ။ အစ်ကိုထွန်း စာရေးချင်တယ်။ ဆောင်းပါးတွေ၊ အတ္ထုပ္ပတ္တိတွေ၊ ဘာသာပြန်တွေ။ ပြီးတော့ ပန်းချီကားတွေလည်း အများကြီး ဆွဲချင်တယ်။ စောင်းနဲ့ စန္ဒရားကို အခု အတော်ကလေး တီးနိုင်နေပြီ။ ဆက်ပြီး သင်ပေး ချင်သေးတယ်။ အယ်လ်ဇေးရှင်းခွေးတွေ မွေးချင်တယ်။ အဲဒီလုပ်ငန်းဟာ တကယ် ပိပိရိရိလုပ်မယ်ဆိုရင် ထမင်းစားလောက် ပါတယ်”
“အစ်ကိုထွန်းရဲ့ဆန္ဒက ဒါအကုန်ပဲ လားဟင်”
ဒေါ်ရေနံ့သာခင်ခင်ကြီးက ရုတ်တရက် ကောက်မေးလိုက်ရာ ဗိုလ်မှူးညိုထွန်း အဖြေရခက်သလို ဖြစ်သွားသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
“အစ်ကိုထွန်းမှာ ဒီဥစ္စာတွေအပြင် တခြားဆန္ဒ မရှိတော့ဘူးလားလို့ပါ၊ အစ်ကိုထွန်း အိမ်ထောင်တို့ ဘာတို့ မပြုတော့ဘူးလား။ ကလေးတွေတစ်လှေကြီးနဲ့ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက် မနေချင်ဘူးလား”
သည်စကားမှာ ပို၍အဖြေရခက်သော စကားဖြစ်ပုံရသည်။ ဗိုလ်မှူးညိုထွန်းသည် ဒေါ်ရေနံ့သာ ခင်ခင်ကြီး၏ မျက်ဝန်းကို ငေးစိုက်ကြည့်နေသည်။ ပြီးလျှင်သူသည် အဝေးသို့လှမ်းကြည့် လိုက်ကာ ခြောက်သွေ့စွာ ရယ်မောလိုက် လေသည်။
“ညီမ အစ်ကိုထွန်းကို ဒီလိုတော့ မလှောင်သင့်ပါဘူး”
“အိုး...ခင်ကြီး အကောင်းပြောတာပါ အစ်ကိုထွန်းရဲ့၊ အစ်ကိုထွန်းရဲ့ ရာထူးဂုဏ်သိမ်၊ ရုပ်ရည်သွင်ပြင်နဲ့ဆိုရင် လိုချင်တဲ့မိန်းကလေးကို အခုတိုင်အောင် လက်ညှိုးထိုး ရွေးလို့ရပါသေးတယ်။ ဘုန်းကြီးကြိုက် မင်းကြိုက် ကာလသားများနဲ့ လားလားမှမထိုက်တဲ့ ဗျာဆံပိုက်၊ ဗျာဆံခါကလေးတွေကို ရနိုင်ပါသေးတယ်”
ဗိုလ်မှူးညိုထွန်း၏ မျက်နှာမှာပိုမိုတည်ကြည်လာသည်။ သွေးရောင်လွှမ်းတက်လာသည်။ မျက်လုံးအစုံမှာ ဝေရီလာသလို ထင်ရသည်။ သူ့ထံမှ အသံထွက်မလာတော့။
သည်တော့လည်း ဒေါ်ရေနံ့သာ ခင်ခင်ကြီး ပြောရပြန်သည်။
“အလကား အစ်ကိုထွန်းကိုစတာပါ။ ရယ်စရာပြောတာပါ။ တကယ်တမ်းပြောရ မယ်ဆိုရင် ဒီအရွယ်ကျမှ အစ်ကိုထွန်း အိမ်ထောင်ပြုမှာကို ခင်ကြီးကိုယ်တိုင်မလိုလားပါဘူး။ ကလေးတွေ မြေးတွေနဲ့ ရှုပ်ယှက်ခတ်နေတာ မတွေ့ချင်ပါဘူး။ ဒီအတိုင်းပဲကောင်းပါတယ် အစ်ကိုထွန်းရယ်။ သံယောဇဉ်ဆိုတာဟာ တစ်ခုရှိတယ်ဆိုရင် တစ်ခုဆိုတဲ့အတိုင်းအတာအရ ပူပန်သောကကို ရစေတတ်တာပဲ အစ်ကိုထွန်းရဲ့”
သည်နောက်တွင် စကားလမ်းကြောင်း ပြောင်းလွဲသွားသည်။ နန်းကိန္နရီထံ ရောက်သွားသည်။ နန်းကိန္နရီနှင့် ပတ်သက်၍ ပူပန်ရခြင်းများ၊ စိုးနှောင့်ရခြင်းများကို ဒေါ်ရေနံ့သာခင်ခင်ကြီး တိုင်တည်သည်။ သမီးတစ်ယောက်ဆို တစ်ယောက်ဆိုသလောက် အလိုလိုက်မိခြင်းမှစကာ ယခုအခါ အခက်ကြုံနေရပုံကို ပြောပြမိသည်။
ယင်းသို့ ရင်ဖွင့်လိုက်ရသဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ရင်မှာ ပေါ့ပါးလာရသည့်အသွင် ရှိသည်။ ဗိုလ်မှူး ညိုထွန်းအဖို့မှာမူ သူ့ထံမှ ပူပန်သောကများ ကူးစက်ခံစားလာရသလိုရှိကာ ရင်မှာ လေးလံလာသည်။ ပြီးလျှင် သူ့တွင် ကိုမောင်မောင်ဦး နှင့်ပတ်သက်၍ သတိရဖွယ်ရာများ ပေါ်ပေါက်လာပြန်လေသည်။
ရန်ကုန်သို့မလာမီမှာပင် သူသည် ဂေါ့ကွင်း၌ ဂျော့ဘမောင်နှင့် ဆုံရသည်။ ဂျော့ဘမောင်ကစတင်၍ မိတ်ဆက်လာသည်။ ထို့နောက် ကိုမောင်မောင်ဦး၏ အကြောင်းကို ပြောပြခဲ့သည်။ အိမ်မှ ထွက်ခွာသွားသည့်အကြောင်း၊ ပျောက်ဆုံးသွားကြောင်း၊ ကောင်းစွာ မကျန်းမာကြောင်း။ သည်တော့လည်း ကိုမောင်မောင်ဦးအတွက် သူ စိတ်မကောင်းနိုင်အောင် ရှိရသည်။
ယင်းသို့ ဗိုလ်မှူးညိုထွန်းနှင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးတို့ စကားပြောနေခိုက် တယ်လီဖုန်းမြည်လာသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီး စကားပြောခွက်ကို ကောက် ယူလိုက်သည်။
“ပြောပါ”
သည်မျှသာ ဆိုသည်။
တစ်ဖက်မှ အလွန်အမင်း အရေး တကြီးရှိဟန်နှင့် စကားဆိုလာသည်။
“နန်းကိန္နရီ မဟုတ်လားဟင်။ ကလေးရေ ဦးလေးတော့ ခေါင်းမီးတောက်နေပြီ။ ငယ်ထိပ် မြွေအခဲခံရ တယ်ဆိုတဲ့ကိန်း ဆိုက်နေပြီ”
တစ်ဖက်မှ ပြောလာသောစကားကို ဒေါ်ရေနံ့သာခင်ခင်ကြီး နားမလည်နိုင်။ တယ်လီဖုန်း မှားဆက်ခြင်းလေလား ထင်မိသေးသည်။ သို့ရာတွင် နန်းကိန္နရီ အမည်ပါနေ၍ မှားတော့မမှားတန်ရာ။ ယောက်ျားတစ်ယောက်၏ အသံလည်းဖြစ်၊ အလွန်အမင်း အရေးတကြီးနိုင်နေသည်လည်းဖြစ်ရာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် မိမိကိုယ်ကို နန်းကိန္နရီ မဟုတ်ပါဟု မပြောချင်လောက်အောင် ရှိသည်။ တစ်ဖက်မှ ပြောလာမည့်စကားကို စောင့်နားထောင်ချင်သည်။ သူတို့တစ်တွေ ဘယ်လိုများရှုပ်နေကြပြန်ပါ လိမ့်ဟု စိတ်စောစွာ တွေးမိလာပြန်သည်။
သို့ဖြင့် တစ်ဖက်မှစကားကို အသံမပြုဘဲ ငြိမ်သက်စွာ နားထောင်နေလိုက် သည်။
“အခုပဲ ဆေးရုံက အကြောင်းကြားတယ်။ သူ ဆေးရုံက ထွက်ပြေးသွားသတဲ့။ ဆရာတွေ၊ ဆရာမတွေ အလစ်မှာ ထွက်သွားသတဲ့။ ခက်တာက သူ့ရောဂါ အခြေအနေဟာ မသေးလှဘူး။ ဆေးရုံမှာ ကြာကြာနားနေဖို့ လိုအပ်တယ်လို့ ပြောတယ်၊ ဒါကြောင့် ခေါင်းမီးတောက်ရတာပဲ”
“ဘယ်သူလဲဟင်၊ ထွက်ပြေးတယ်ဆိုတာ”
ဒေါ်ရေနံ့သာခင်ခင်ကြီး အသံဖျက်လျက် မေးလိုက်သည်။