သိန်းညွန့်(PZL)

 

ရေချိုရေငန်စပ် ဂေဟစနစ်အတွင်းပါဝင် ပြီး ဒီရေတော၊ ရွှံ့နွံတော၊ မြက်ခင်းတောနှင့် သဲသောင်ပြင်တော စသည့် ဂေဟစနစ် စုံလင်စွာ ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားသော ဘေးမဲ့တောကို ညွှန်ပြပါဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်း တည်ရှိသည့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ဖော်ညွှန်းပြရပါလိမ့်မည်။

 

၁၉၉၄ ခုနှစ်က ကနဦး စတင်ထူထောင်ခဲ့သော မိန်းမလှကျွန်းဘေးမဲ့ တောသည် ငမိုးရိပ်မိကျောင်း (ခေါ်) ရေချိုရေငန်စပ်မိကျောင်းကို သဘာဝအတိုင်း ထိန်းသိမ်းကာကွယ်ထားသည့် အမိနိုင်ငံတော်၏ တစ်ခုတည်းသော ဧရိယာလည်း ဖြစ်သည်။

 

 

mdn

 

 

အတိတ်ကာလက ဧရာဝတီမြစ်ကမ်းပါးနံဘေးတစ်လျှောက် ကနစိုနှင့် ဗြူးခြေထောက်အပင်များ ပေါက်ရောက် တည်ရှိမှုပုံသဏ္ဌာန်သည် ညနေချိန် နေဝင်ရီတရောကာလ၌ မိန်းမလှလေးများ ရေခပ်ဆင်းဟန်နှင့်အလားသဏ္ဌာန် တူ၍ “မိန်းမလှကျွန်း” ဟု ကမ္ပည်းတွင် ခေါ်ဆိုသမုတ်ခဲ့ခြင်းဖြစ်သည်။

 

၁၉၉၄ ခုနှစ်က တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေဖြင့် သစ်တောဦးစီးဌာနက ထိန်းသိမ်းကာကွယ်ထားခဲ့သော မိန်းမလှ ကျွန်း ဘေးမဲ့တောသည် ရေဧရိယာအား ဖြင့် ၂၆၆၄ ဧကနှင့် ကုန်းမြေဧရိယာအနေ ဖြင့် ၃၁၁၁၅ ဧကအပါအဝင် ဧရိယာ စုစုပေါင်း ၃၃၇၇၉ ဧက ကျယ်ဝန်းကြောင်း သိရှိမှတ်သားရသည်။

 

ရေသယံဇာတများမျိုးပွားခိုလှုံ

 

ဤဘေးမဲ့တောအတွင်း ဧရာဝတီတိုင်းဒေသကြီး၏ အဓိကထွက်ကုန်များ ဖြစ်ကြသော ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းအတွက် ပင်လယ်ရေငန် ဝင်ရောက်မှုကို တားဆီးကာကွယ်နိုင်သည်။ ထို့အပြင် မြေပြိုကျပြီး ရေတိုက်စားမှုဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပြီး နုန်းမြေပို့ချသည့် အခြေအနေကိုပါ ထိန်းသိမ်းပေးနိုင်ကာ ဧရာဝတီတိုင်းဒေသကြီး၏ ရေထွက်သယံဇာတများအတွက် မျိုးပွားခိုလှုံ ပေါက်ပွားရာ ဒီရေတောဖြစ်၍ ရာသီဥတုပြောင်းလဲမှု လျော့ပါးရေးနှင့် ရေချိုရေငန်စပ်ဂေဟ စနစ်ရှိသော အရေးပါသည့် နယ်မြေ ဒေသတစ်ခုလည်းဖြစ်ပါ၏။

 

ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ဒေသပြောင်း ဆောင်းခိုငှက်များ လာရောက်ကျက်စားကြသော ဧရိယာဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးအတွက် အလွန်အရေးပါပေရာ နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် ဘေးမဲ့တောကြီးတစ်ခုအဖြစ် သတ်မှတ်ကာကွယ်ထားခြင်းဖြစ်ကြောင်း စေ့ငုမှတ်သားရသည်။

 

သို့ဖြစ်၍ ၂၀၀၃ ခုနှစ်က အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ ရကာ ၂၀၁၇ ခုနှစ်၌မူ ကမ္ဘာ့အရေးကြီး ရေဝပ်ဒေသ (Ramsar Site) အဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် Flyway Network Site(EAAF Network Site) အဖြစ် လည်းကောင်း သတ်မှတ်ဖော်ပြ ခြင်းခံခဲ့ရသည်။

 

မိန်းမလှကျွန်းဘေးမဲ့တောဧရိယာအတွင်း ဂေဟစနစ်ငါးမျိုးဖြစ်သော ဒီရေတော၊ ရွှံ့နွံတော၊ မြက်ခင်းတော၊ သဲသောင်ပြင်တောနှင့် ရေဝပ်ဒေသဂေဟ စနစ်များတွေ့ရှိရသကဲ့သို့ ဒီရေတော၊ ချုံပုတ်တောနှင့် ပင်လယ်ကမ်းစပ် မြက်ခင်းတောသုံးမျိုးလည်း ပေါက်ရောက်နေကြောင်း သိရှိရသည်။

 

ထို့အပြင် ကနစို၊ သရော၊ ပန့်သကာ၊ ပျဉ်းမ၊ ခရား၊ ဓနိ၊ ဗျိုက် အစရှိသည့် ဒီရေတောသစ် ၂၉ မျိုး၊ ဆေးဖက်ဝင်ပရ ဆေးပင် ၅၄ မျိုးနှင့် သစ်ခွအမျိုးအစား ခြောက်မျိုး ဖြစ်ထွန်းနေကြောင်း တွေ့ရှိရ သည်။ ဤဘေးမဲ့တောအတွင်း ငမိုးရိပ် မိကျောင်း (ရေချိုရေငန်မိကျောင်း) နှင့် ငှက်မျိုးစိတ်များဖြစ်ကြသော ဘွတ်ကလုံ၊ ဒုံးမြှီးကွက်နှင့် ခရုစုပ် ခေါင်းမဲငှက်မျိုးစိတ် တို့ကိုလည်း တွေ့ရှိရသည်။

 

mdn

 

၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့သော အာဆီယံပတ်ဝန်းကျင် ဝန်ကြီးများအစည်းအဝေးမှ ပထမ အဆင့်အနေဖြင့် အာဆီယံအဆင့် သဘာဝအမွေအနှစ်ဥယျာဉ်များ သတ်မှတ် ရန် အတည်ပြုပေးခဲ့သည့် အာဆီယံ အမွေအနှစ်ဥယျာဉ်ရှစ်ခု၌ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

 

ရေဝပ်ဒေသထိန်းသိမ်းစောင့် ရှောက် ရေးဆိုင်ရာ သဘောတူစာချုပ်(Ramsar Conservation on Wetland)ကို အီရန် နိုင်ငံ ရမ်ဆာမြို့တွင် ၁၉၇၁ ခုနှစ်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံသည် စာချုပ် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့သည်။ နှစ်စဉ် ဖေဖော်ဝါရီ ၂ ရက်ကို “ကမ္ဘာ့ရေဝပ်ဒေသများနေ့” (World Wetlands Day) အဖြစ် သတ်မှတ်ခဲ့ရာ ရေဝပ်ဒေသ (Ramsar Site) သတ်မှတ်ခံ ရသော နယ်မြေခြောက်ခုအနက် မိန်းမလှ ကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် တတိယမြောက်အဖြစ် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က သတ်မှတ်ဖော်ပြ ခြင်းခံခဲ့ရသည်။

 

ရေလမ်း၊ ကုန်းလမ်းဖြင့်သွားနိုင်

 

မြို့တော်ရန်ကုန်မှ မိန်းမလှကျွန်း ဒေသသို့ မော်တော်ယာဉ် (သို့မဟုတ်)ရေလမ်းခရီးမှ သွားရောက်နိုင်ကြပေရာ ရန်ကုန်မှ ဘိုကလေးသို့ ရေလမ်းခရီး အဖြင့် ၁၃၅ မိုင်နှင့် ဘိုကလေးမှ မိန်းမလှ ကျွန်းသို့ ရေလမ်းမှ ၁၆ မိုင် သွားရောက် ရကြောင်း၊ ကုန်းလမ်းခရီးအနေဖြင့် ရန်ကုန်မှသည် မအူပင်-ကျိုက်လတ်-ဖျာပုံ-ဘိုကလေးသို့ ၁၁၇ မိုင် ကွာဝေးကြောင်း မှတ်သားရသည်။

 

အချုပ်ဆိုရပါသော် ဧရာဝတီလင်းပိုင်၊ ရေချိုရေငန်စပ်မိကျောင်း အစရှိသော ရှားပါးတောရိုင်းတိရစ္ဆာန်များ ကျက်စားရာ ဒေသအဖြစ် လေ့လာနိုင်သကဲ့သို့ အပန်းဖြေလှေခရီးဖြင့် ဒီရေတောများ၏ သဘာဝအလှတရားကို ဖွေရှာနိုင်မည့် မိန်းမလှကျွန်းဒေသသို့ တစ်ခါတစ်ခေါက် သွားရောက်လည်ပတ် နိုင်ရုံသာမက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အဓိကကျသော နယ်မြေအဖြစ် အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက် ရပါသတည်း။

 

mdn