လွိုင်ကော် ၆ ဖေဖော်ဝါရီ   


ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)အား ယနေ့ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၉၀) ရာခိုင်နှုန်း တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို အောင်မြင်စွာကျင်းပကြောင်း သိရသည်။


ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေး မတက်ရောက်နိုင်၍ ယမန်နေ့က ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂)ဦးဖြစ်ပြီး အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု မှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်၏ “ဖရူဆိုမြို့မှ ကေးလျားကျေးရွာသို့ သွားသည့်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်း ခင်းကျင်းပေးရန် အစီအစဉ် ရှိ/ မရှိ ၊ “ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ဒေါညေးခူကျေးရွာမှ ဒေါကူးခူကျေးရွာသို့ သွားသည့်လမ်းအား ကတ္တရာလမ်းခင်း ကျင်းပေးရန် အစီအစဉ် ရှိ/ မရှိ ၊ “ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ မာခရော်ရှေ့ရွာမှ ခိုးရားခူကျေးရွာနှင့် ဒေါတထောကျေးရွာလမ်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်းစသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်းဖြေကြားသည်။ 


ဆက်လက်၍ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “လွိုင်ကော် - ရှားတောလမ်းပေါ်မှ သစ်ခိုးထုတ်နေခြင်းများအား မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတီရယ်မှ ပြန်လည်ရှင်းလင်း ဖြေကြားသည်။ “မယ်စဲ့မြို့နယ်၊ နန့်မန်းကျေးရွာ ရွာတွင်းလမ်းများအား ကတ္တရာလမ်း အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်းမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်း ဖြေကြားသည်။  “မယ်စဲ့မြို့နယ်၊ နန့်မန်းကျေးရွာ၏ မြောက်ဘက်လမ်းဘေးရှိ တောင်ယာများအား မီးလင်းရေးအတွက် ဓါတ်မီးတိုင်စိုက်ထူပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း မေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည် ရှင်းလင်းဖြေကြားသည်။ “ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြခန်းများပြသလျက်ရှိရာ ထိုင်းကုန်စည်များ ခင်းကျင်းပြသရာတွင် အသုံးပြုသောပြခန်းများအား မည်သို့အသုံးပြုနေသည်ကို သိရှိလိုကြောင်းမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးရွှေ၏“တောင်ငူ-မော်ချီး-ဒီးမော့ဆို လမ်းပေါ်ရှိ မိုင်တိုင် (၁၂၃/ဝ+၃၀´) မှ (၁၂၇/၅ ဖာလုံ + ၆၃၀´) အတွင်း (၁၂) ပေအကျယ်မှ (၁၈)ပေအကျယ် ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်း ဖြေကြားပြီး ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတို့ကို ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာပါ အချက်များနှင့်အညီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခြင်း ဆောင်ရွက်သည်။ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီနှင့် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး အဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ဆက်လက်ဆောင်ရွက်သည်။


ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ကယား ပြည်နယ်လွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်းနှင့် ၎င်းမိန့်ခွန်းအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၁၁ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


ကိုစိုင်း (လွိုင်ကော်)

 

123