သတင်းဆောင်းပါး - ဒေါက်တာ တင်မာမာဦး

မြန်မာနိုင်ငံ၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လယ်ယာကဏ္ဍအပေါ်တွင်           တည်မီလျက်ရှိရာ လယ်ယာကဏ္ဍ    တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးအခြေခံ  နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထား စိုက်ပျိုးလျက် ရှိပါသည်။ စားသုံးဆီသည် ဆန်စပါးပြီးပါက ဒုတိယ အရေးကြီးသော အခြေခံစားကုန်ဖြစ်သည်နှင့်အညီ ဆီဖူလုံရေးသည်လည်း အရေးပါလျက်ရှိသည်။ 

မြန်မာနိုင်ငံသားများမှာ   တစ်နှစ်လျှင်    ဆီ  ခြောက်ပိဿာခန့် စားသုံးသင့်သော်လည်း ၎င်းထက် ပိုမိုစားသုံးနေ၍ တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် ကိုးသိန်းခန့် တင်သွင်းရပြီး  နိုင်ငံခြားငွေ  ဒေါ်လာ သန်း  ၈ဝဝ ကျော် သုံးစွဲရလျက်ရှိကြောင်း  သိရ သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌  ဆီထွက်သီးနှံမှရရှိ သည့် စားသုံးဆီဈေးနှုန်းများ ကြီးမြင့်လျက်ရှိသည့် အပြင် စားအုန်းဆီဈေးနှုန်းများသည်လည်း တစ်နေ့ ထက်တစ်နေ့ မြင့်မားလျက်ရှိကြောင်း တွေ့ရသည်။ 

ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာတွင် နေကြာသီးနှံသည် လည်း ဆီဖူလုံရေးအတွက် ဆောင်ရွက်သင့်သည့် သီးနှံတစ်မျိုးဖြစ်သည်။ နေကြာသီးနှံသည် စိုက်ပျိုး ထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊   စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့်  တစ်ဧက ဆီထွက်နှုန်းကောင်းမွန်ခြင်း၊   သီးသန့်၊ သီးထပ်၊  သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင် သည့် သီးနှံဖြစ်သည်။ 

နေကြာသီးနှံကို ရေတော်မိုးတော်မြေမျိုးတွင် သာမက  မြေဆီလွှာအနည်းငယ်  ထက်သန်သော မြေဧရိယာများတွင်  စိုက်ပျိုးနိုင်ခြင်း၊ နေကြာဆီ သည် လူတို့၏ ကျန်းမာရေးကို အထောက်အကူပြု ခြင်း၊ တောင်သူများအနေဖြင့် အခြားသီးနှံများနှင့် သီးညှပ်အဖြစ်    စိုက်ပျိုးနိုင်၍    အပိုဝင်ငွေရရှိနိုင် ခြင်းနှင့်  တိုးချဲ့စိုက်ပျိုးခြင်းဖြင့်   ဝင်ငွေပိုမိုတိုးတက် ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
 
စစ်ကိုင်းတိုင်းဒေသကြီး၏ နေကြာသီးနှံ 
စိုက်ပျိုးထွက်ရှိမှုနှင့် တိုးချဲ့ထုတ်လုပ်မှု 

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧရိယာသည် စုစုပေါင်း သီးနှံစိုက်ဧရိယာ၏ ၁၆ ဒသမ ၉ ရာခိုင် နှုန်းရှိသည်။  မြန်မာနိုင်ငံအတွင်း စားသုံးဆီဖူလုံ ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး  နိုင်ငံတော်က လမ်းညွှန်ချက်များ   ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  နေကြာသီးနှံ ကို  ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဧက  ၁ ဒသမ  ၅ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး       ရည်မှန်းချက်ထားကာ ဆောင်ရွက်နေသည်။  
 
 စစ်ကိုင်းတိုင်းဒေသကြီး၏ နေကြာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးနေကြာ ၄၁၄၂၆ ဧက၊   ဆောင်းနေကြာ  ဧက ၃၁၇၉၀၀ စုစုပေါင်း ၃၅၉၃၂၆ ဧက စိုက်ပျိုးခဲ့ရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်  ၂၇ ဒသမ ၅ တင်းနှုန်းဖြင့် အထွက်  ၉၈၈၁၄၆၅ တင်း ရရှိခဲ့သည်။ 
၂၀၂၁-၂၀၂၂ နေကြာသီးနှံစိုက်ပျိုးဧက ၃၅၉၃၂၆ ဧက အပေါ် အခြေခံ၍ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ ၄၁၄၂၆ ဧကနှင့် ဆောင်းနေကြာ ၃၅၁၇၇၃ ဧက စုစုပေါင်း   ၃၉၃၁၉၉ ဧက စိုက်ပျိုး ထုတ်လုပ်ရန် လျာထားပြီး  ၃၃၈၇၃ ဧက   တိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း နေကြာသီးနှံ  စိုက်ပျိုး ရာတွင်  ‌ဒေသနှင့်ကိုက်ညီဖြစ်ထွန်းမည့်  အထွက် ကောင်းမျိုးများဖြစ်သည့်  ရေဆင်းစပ်မျိုး(၁)  နှင့်  ဆင်းရွှေကြာ(၂) မျိုးများကို အဓိကထား၍ စိုက်ပျိုး လျက်ရှိသည်။ 
၂၀၂၂-၂၀၂၃ ခုနှစ်တွင်  စိုက်ပျိုးမည့် နေကြာသီးနှံ ၃၉၃၁၉၉ ဧကအတွက် အထွက်နှုန်း ကောင်းမွန်သည့် နေကြာမျိုးစေ့များ   ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် မျိုးစေ့ထုတ်စိုက်ခင်းများကို ၂၀၂၂  မိုးရာသီတွင် စစ်ကိုင်းခရိုင်၌ ဧက ၂၀၀၀၊ မုံရွာခရိုင် ၌ ဧက  ၁၀၁၀၊ ရွှေဘိုခရိုင်၌ ဧက ၆၂၀၊ ကန့်ဘလူ ခရိုင်၌ ဧက  ၃၀ နှင့် ယင်းမာပင်ခရိုင်၌ ဧက ၃၄၀   စုစုပေါင်း ဧက ၄၀၀၀ စိုက်ပျိုး၍ ထွက်ရှိလာမည့် မျိုးစေ့များကို     ဆောင်းရာသီ   စိုက်ပျိုးချိန်အမီ ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်သည်။ 

တိုင်းဒေသကြီးအတွင်း နေကြာစိုက်ဧက တိုးချဲ့ နိုင်ရေးနှင့်  လျာထားချက်ပြည့်မီရေး လိုအပ်သည့် ရေမြေဒေသနှင့်  ကိုက်ညီသော  အထွက်ကောင်း နေကြာမျိုးကောင်းမျိုးသန့်များဖြစ်သည့် ရေဆင်း စပ်မျိုး(၁)  အိတ်  ၅၀၀ နှင့် ဆင်းရွှေကြာ(၂) မျိုးစေ့ တင်း  ၇၅၀ ကို    အခမဲ့  ထောက်ပံ့ပေးအပ်ခြင်းနှင့်   နေကြာစိုက်ခင်းများတွင် အသုံးပြုရန် ယူရီးယား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

တိုင်းဒေသကြီး၏   နေကြာသီးနှံ စိုက်ပျိုးပြီးစီးမှု အနေဖြင့် ၂၀၂၂  ဇွန်လကုန်အထိ မိုးနေကြာ လျာထား ၄၁၄၂၆ ဧကအနက် ဧက  ၂၃၀၀၀ စိုက်ပျိုးပြီးစီးခဲ့ပြီး    နေကြာမျိုးစေ့ထုတ် လျာထားဧက  ၄၀၀၀ အနက်  ဧက  ၂၆၅၀ စိုက်ပျိုးပြီးဖြစ်ရာ  ဇူလိုင်လကုန်တွင် လျာထားချက်ပြည့်မီကျော်လွန်ရေး    ဆောင်ရွက် လျက်ရှိသည်။ 

နေကြာသီးနှံတစ်မျိုးတည်း သီးသန့်စိုက်ပျိုးခြင်း အပြင် စပါးအပြီးနှင့်   မိုးဦးရာသီ သီးနှံများဖြစ်သော  မိုးမြေပဲ၊ နှမ်းလျင်၊ ပဲတီစိမ်းသီးနှံတို့အပြီး သီးထပ် စိုက်ပျိုးခြင်း၊   ပဲစင်းငုံ၊  ပဲတီစိမ်း  သီးနှံများဖြင့်    သီးညှပ်စိုက်ပျိုးခြင်း၊ ဆောင်းရာသီ ဂျုံသီးနှံ စိုက်ပျိုး ရာသီတွင်လည်း  နေကြာနှင့်  ဂျုံသီးနှံ  သီးညှပ် စိုက်ပျိုးခြင်း စသည့် နည်းစနစ်များဖြင့် နေကြာ သီးနှံစိုက်စွမ်းအားတိုးတက်စေရေး စည်းရုံးဆောင် ရွက်မည်ဖြစ်သည်။ 

ဆီစက်များတည်ရှိမှုအခြေအနေ

ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်း ရန်အတွက် ပြည်တွင်းဆီစက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန်လည်း အလွန်အရေးကြီးသည်ဖြစ်ရာ တိုင်းဒေသ ကြီးအတွင်း နေကြာစိုက်ဧရိယာများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးထွက်ရှိလာသည့် နေကြာများကို        ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ 

တိုင်းဒေသကြီးအတွင်း   လက်ရှိ  လည်ပတ်နေ သည့် ဆီစက်ပေါင်း ၈၆၈ စက်ရှိရာ အကြီး ၂၉ စက်၊ အလတ်  ၁၇၃ စက်နှင့် အငယ်  ၆၆၆ စက်  လုပ်ငန်း လည်ပတ်လျက်ရှိသည်။ အဆိုပါ  ဆီစက် ၈၆၈  စက်အနက်  အကြီး  ၁၂ စက်၊ အလတ်  ၅၄ စက်နှင့်  အငယ် ၇၆ စက်   စုစုပေါင်း ၁၄၂ စက်မှ  နေကြာ ဆီများ ကြိတ်ခွဲထုတ်လုပ်ပေးလျက်ရှိသည်။ 

တိုင်းဒေသကြီးအတွင်း အဓိက စိုက်ပျိုးလျက် ရှိသည့်နေကြာမျိုးများဖြစ်သည့် ရေဆင်းစပ်မျိုး(၁) တစ်ဧကလျှင် (၅၅ မှ ၆၀) တင်းအထိ ထွက်ရှိနိုင်ပြီး ဆင်းရွှေကြာ(၂)မျိုး  တစ်ဧကလျှင်  အထွက်နှုန်း (၂၅ မှ ၃၀) တင်းအထိ ထွက်ရှိနိုင်မည်ဖြစ်သည်။   စိုက်ပျိုးထွက်ရှိလာသည့်    နေကြာများကို   စံချိန် စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်း နေကြာ ဆီများ ကြိတ်ခွဲထုတ်လုပ်နိုင်ရန်အတွက် တိုင်းဒေသ ကြီး   အစိုးရအဖွဲ့အနေဖြင့်     လိုအပ်သည်များ ပေါင်းစပ်ကူညီ  ညှိနှိုင်းဖြည့်ဆည်းပေးလျက်ရှိရာ ဇူလိုင် ၅ ရက်တွင်  တိုင်းဒေသကြီး  ကုန်သည် ကြီးများအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းမှ  တာဝန်ရှိသူများအား   တွေ့ဆုံ၍   တိုင်းဒေသကြီး အတွင်းရှိ နေကြာဆီစက်များကို  အဆင့်မြှင့်တင်နိုင် ရေးနှင့်   အရည်အသွေးမြင့် နေကြာကုန်ကြမ်း အလုံအလောက် ရရှိကြိတ်ခွဲနိုင်ရေး ဆွေးနွေးလျက် ရှိသည်။

မြစ်ရေတင်နှင့်  မြေအောက်ရေတင်လုပ်ငန်းများတွင် ဆိုလာစနစ်တွဲဖက်တပ်ဆင်မှု အခြေအနေ

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက် ဖြစ်သည့်  မြစ်ချောင်းများအနီး စိုက်ပျိုးရေးလုပ်ငန်း များတွင် ရာသီမရွေး စိုက်ပျိုးရေလုံလောက်စွာရရှိ ရေးအတွက်  မြစ်ရေတင်စီမံကိန်းများကို   ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့်    နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများ  အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေ လုံလောက်စွာ ရရှိပြီး    အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်    လျှပ်စစ်မြစ်ရေတင်   စီမံကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်       နေရောင်ခြည်သုံး ဆိုလာစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်အတွင်း  စစ်ကိုင်းခရိုင်   မြင်းမူမြို့နယ်ရှိ ပျော့ရွာ လျှပ်စစ် ရေတင်လုပ်ငန်း (ရေတင်အဆင့်-၂  နှင့်  ၃)နှင့် ကန့်ဘလူခရိုင်    ကန့်ဘလူမြို့နယ်ရှိ  ကတ(၉၂) လျှပ်စစ်ရေတင်လုပ်ငန်းများတွင်    ဆိုလာစနစ် တွဲဖက်တပ်ဆင်ခဲ့ရာ စပါးအပါအဝင် အကျိုးပြုဧက ၁၀၈၀ ကို  ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှ စတင်၍  စိုက်ပျိုးရေပေးဝေလျက်ရှိသည်။  ၂၀၂၁-၂၀၂၂ မီနီ ဘတ်ဂျက်တွင်လည်း    တိုင်းဒေသကြီး  အထွေထွေ ပိုလျှံရန်ပုံငွေ(GRF) ကျပ်  ၃၄၂၉  သန်းဖြင့်   စစ်ကိုင်း ခရိုင် စစ်ကိုင်းမြို့နယ်မှ တပ်ရွာမြစ်ရေတင်၊ ဆင်တပ် မြစ်ရေတင်နှင့်  မြင်းမူမြို့နယ် ပျော့ရွာမြစ်ရေတင် များတွင် ဆိုလာစနစ် တွဲဖက်တပ်ဆင်ခဲ့ရာ အကျိုးပြု ဧက  ၁၃၀၀ ကို  စိုက်ပျိုးရေပေးဝေနိုင်ပြီဖြစ်သည်။ သို့ဖြစ်ရာ  စစ်ကိုင်းခရိုင်အတွင်း  ယခုနှစ် မိုးရာသီ တွင် စိုက်ပျိုးမည့် နေကြာသီးနှံ မျိုးစေ့ထုတ်ဧကများ နှင့် နေကြာစိုက်ပျိုးဧရိယာများအတွက် တစ်နှစ်ပတ် လုံး စိုက်ပျိုးရေရရှိနိုင်ပြီဖြစ်ရာ လျာထားစိုက်ဧက များ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။
 
၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်လည်း   တိုင်း ဒေသကြီးရန်ပုံငွေ ကျပ်သန်း  ၁၂၈၀ ဖြင့် မုံရွာခရိုင် လျှပ်စစ်စက်ဝိုင်းလေးခုအတွင်းရှိ    မုံရွာမြို့နယ်မှ စက်ရေတွင်း ၁၈ တွင်းနှင့်    ချောင်းဦးမြို့နယ်မှ  စက်ရေတွင်း နှစ်တွင်း  စုစုပေါင်း တွင်း  ၂၀  ကို ဆိုလာစနစ် တွဲဖက်တပ်ဆင်ရန် လျာထားဆောင်ရွက် လျက်ရှိရာ လျှပ်စစ်မီတာခ ကုန်ကျစရိတ် သက်သာ စွာဖြင့် စိုက်ခင်းများကို   တစ်နှစ်ပတ်လုံး  စိုက်ပျိုးရေ များ    ပေးဝေနိုင်မည်ဖြစ်သည်။ ကျန်မြစ်ရေတင် စီမံကိန်းများနှင့်  လျှပ်စစ်စက်ဝိုင်းများအတွင်းရှိ  စက်ရေတွင်းများတွင်လည်း ဆိုလာစနစ် ပြောင်းလဲ အသုံးပြုနိုင်ရေးကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ပေးမည်ဖြစ်သဖြင့်  ယခင်က မိုးရေကိုသာ အားထား စိုက်ပျိုးခဲ့ကြရသည့် တောင်သူများအနေဖြင့်  ယခု အခါ ဆည်များ၊  တာတမံများ၊ မြစ်ရေတင်များ၊ မြေအောက်ရေတင်များဖြင့်  နေကြာသီးနှံအပါအဝင်  သီးနှံမျိုးစုံကို တစ်သီးစားမှ သုံးသီးစား ပြောင်းလဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီဖြစ်သဖြင့် တိုင်း ဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းမှ သည် ဒေသခံတောင်သူများနှင့် ဆီစက်ပိုင်ရှင်များ အား ရေရှည်အကျိုးစီးပွား ဖန်တီးပေးနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝများလည်း     ဖွံ့ဖြိုးတိုးတက်လာမည်       ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။    ။