နေပြည်တော် ဇူလိုင် ၈

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို   လေးကြိမ်တိုင်တိုင်    စုစည်း တည်ထောင်ခဲ့ရသည်ဟု သမိုင်းမော်ကွန်းရေးထိုးထားသည်။ ပထမမြန်မာနိုင်ငံ တော်ကို  ပုဂံခေတ်တွင်  အနော်ရထာဘုရင်မင်းမြတ်ကလည်းကောင်း၊   ဒုတိယ မြန်မာနိုင်ငံတော်ကို    တောင်ငူခေတ်တွင်   ဘုရင့်နောင်ကျော်ထင်နော်ရထာက လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်း တရား  ဦးအောင်ဇေယျကလည်းကောင်း  အခိုင်အမာစုစည်းတည်ထောင်ခဲ့ကြ သည်။

ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံ သည် နယ်ချဲ့ဗြိတိသျှတို့၏ လက်နက်အားကိုးဖြင့် မတရားကျူးကျော်သိမ်းပိုက် ခြင်းကို ခံခဲ့ရပြီး နယ်ချဲ့ကျွန်သပေါက်ဘဝကို လုံးလုံးလျားလျား ကျရောက်သွား တော့သည်။ ဤသို့ဖြင့် မြန်မာတစ်မျိုးသားလုံးသည် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင်   ကံဆိုးမိုးမှောင်  ကျရောက်ခဲ့ရသည်။ နယ်ချဲ့ကျွန်ဘဝ    ကျရောက်ပြီးနောက်   ရာစုနှစ်တစ်ဝက်ခန့်ကြာသည့်အခါ မြန်မာနိုင်ငံကို လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ပြန်လည် စုစည်းတည်ထောင်နိုင်သော လွတ်လပ်ရေးဗိသုကာတစ်ဦး ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံတော်ကြီးကို  အနော်ရထာ၊  ဘုရင့်နောင်၊  အလောင်းဘုရားတို့ ကဲ့သို့ပင် စတုတ္ထအကြိမ် ပြန်လည်စုစည်းတည်ထောင်သူကား ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံးချိန်၌ မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံးကို ဖဆပလအလံတော် အောက်၌  တစုတရုံးတည်း   စည်းရုံးပေးခဲ့သော၊   လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု သမိုင်းမှတ်တိုင်ကို အခိုင်အမာစိုက်ထူပေးခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်  (ခေါ်) ဘီအိုင်အေ  တပ်မတော်ကြီးကို စတင် တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း (ခေါ်)  ဒို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်း ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဗိသုကာ   အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော  အားထုတ်မှုများမှာ အံ့မခန်းမကုန်နိုင်အောင် မော်ကွန်းရေးထိုးထားသည်။ ဗိုလ်ချုပ်အောင်ဆန်း၏  ထင်ရှားသော နိုင်ငံရေးဂုဏ်ပုဒ်တစ်ခုမှာ နိုင်ငံရေးတရားသေဝါဒသမား မဖြစ်ခဲ့ ခြင်းပင်။ အချို့သော နိုင်ငံရေးခေါင်းဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော တရားသေ အစွဲအလမ်းဝါဒမျိုး ဗိုလ်ချုပ်အောင်ဆန်းတွင် မည်သည့်အခါမျှ မမြင်တွေ့ရပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အကျိုးရှိမည်ဆိုပါက မိမိဆုပ်ကိုင်ထားသည့် ဝါဒကို  အခြေအနေနှင့်လျော်ညီစွာ စွန့်လွှတ်ပြောင်းလဲပေးနိုင်သူဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဗိသုကာ    အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ် အောင်ဆန်း၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ အရင်းရှင်နယ်ချဲ့တို့အပေါ် ပြတ်သားစွာ တုံ့ပြန်မှု၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းပြမှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ်  ချစ်မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ ဂုဏ်သိက္ခာ၊ အာဏာ၊ စည်းစိမ်ဥစ္စာတို့ကို မမက်မောမှု စသည့်ဂုဏ်ပုဒ်များမှာ ပြောပြ၍ပင်မကုန်နိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမြတ် သော နိုင်ငံရေးဂုဏ်ဒြပ်ကို မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ  ပြည်သူများက  ဦးလည် မသုန်  အမြဲမပြတ်  လေးစားတန်ဖိုးထားလျက်၊ တန်းဖိုးထားခဲ့၊ တန်ဖိုးထားဆဲ ဖြစ်သည်။

သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ဦးနှင့် တစ်ဦးအပေါ် အာဃာတမထား မြင့်မြတ်သောစိတ်ထားရှိခြင်းကြောင့် ပညာရှိ  သတိဖြစ်ခဲဆိုသကဲ့သို့ အားနည်းချက်အချို့ရှိခဲ့သည်။    ယင်းမှာ   မိမိကိုယ်ကို ယုံကြည်မှုပိုကဲသဖြင့် ရန်သူကို ဂရုမပြု လျစ်လျူရှုထားခဲ့သော အမှားပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးရှိပြည်သူများက မည်မျှချစ်ခင်လေးစားသည် မှန်စေ နိုင်ငံရေးအမြင်မတူသူ၊ နိုင်ငံရေးသဘောထားကွဲပြားသူ၊ ပြိုင်ဘက်ရန်သူ၊  အာဏာလက်လွှတ်ရမည့်သူများရှိနေသည်ကို သတိပြုသင့်သည်။ ယုတ်စွအဆုံး အသက်အန္တရာယ်ပြုသူရှိနေပါသည်ဟု  ပြောကြားသော်လည်း မယုံကြည်ခဲ့ခြင်းပင် ဖြစ်သည်။

သို့ဖြစ်ပါ၍    မြန်မာ့လွတ်လပ်ရေးဗိသုကာ   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မစားရသည့်အမဲ သဲနှင့်ပက်ရန် ကြံစည်အားထုတ်သူများ၊  ယုတ်မာပက်စက်သည့် အကြံအစည်ဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လူသတ်သမားများ၏  သတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အမျိုးသားခေါင်းဆောင်များ ရေတိမ်နစ်ခဲ့ရသည်။ တိုင်းပြည်အတွက် အမှောင်အတိဖုံးပြီး   အနာဂတ်ပျောက်ဆုံးခဲ့ရသည်။  ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့်  ကျဆုံးခဲ့ရ သော်လည်း မြန်မာပြည်သူတို့၏ နှလုံးသည်းပွတ်ထဲတွင် မမေ့မပျောက်ရှိနေဆဲ ဖြစ်သည်။ လူပင်သေသော်လည်း နာမည်မသေသည့် ထာဝရမမေ့ပျောက်နိုင်သော  အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါကြောင်း။    ။

ကြေးမုံ