နေပြည်တော် ၆ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်အတွင်း ပထမနေ့လေ့လာရေးခရီးစဉ်ကို ယနေ့နံနက်ပိုင်းတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စတင်ခဲ့ကြသည်။
ရှေးဦးစွာ ကချင်၊ ကယား၊ ကရင်နှင့် ချင်း ပြည်နယ်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ လော်ဝေါ်နှင့် ဂေးဘားမျိုးနွယ်စု ယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်အတွင်းရှိ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ကျောက်မျက်ရတနာပြတိုက်နှင့် Junction Center တို့ကို လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
အလားတူ ဧရာဝတီနှင့် တနင်္သာရီတိုင်း ဒေသကြီးယဉ်ကျေးမှု အဖွဲ့များ၊ မွန်၊ ရခိုင်နှင့် ရှမ်း ပြည်နယ်ယဉ်ကျေးမှု အဖွဲ့များ၊ "ဝ" မျိုးနွယ်စုယဉ်ကျေးမှု အဖွဲ့တို့သည် နေပြည်တော်အတွင်းရှိ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ နေပြည်တော်မြို့မဈေး၊ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော်ဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိစေတီတော်တို့ကို လေ့လာဖူးမြော်ကြသည်။
အဆိုပါ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ဖေဖော်ဝါရီ ၈ ရက်တွင် နေပြည်တော်အတွင်း ဒုတိယနေ့အဖြစ် ဆက်လက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်၊ ဓာတ်ပုံ- ကျော်ဇင်ထိုက်