ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ကိုင်တွယ်ထိန်းချုပ်ပြီးနောက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လျက်ရှိ 

 

ဖနောင်ပင် ဇူလိုင် ၁၁ 
ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နိုင်ငံ၏လူမှုစီးပွား ဆောင်ရွက်ချက်များကိုလည်း ယုံကြည်မှုအပြည့်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ်ဆီဟာမိုနီက ဆိုသည်။ 

ကမ္ဘောဒီးယားဘုရင်က ယမန်နေ့က ကျင်းပသည့် သစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်ဟွန်ဆန်အား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ချီးကျူးစကားဆိုခဲ့ကြောင်း သိရသည်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က နိုင်ငံအတွင်းရှိ နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အချိန်မီ အခမဲ့ထိုးနှံပေးခဲ့သည့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည့်အတွက် ယခုအချိန်တွင် အောင်မြင်မှု အသီးအပွင့်များအဖြစ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ်ဆီဟာမိုနီက ပြောကြားသည်။ 

လက်ရှိတွင် ကမ္ဘောဒီးယားပြည်သူ ၁၆ သန်းရှိသည့်အနက် ၉၄ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်သည်။ ထို့ပြင် ၉၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် အပြည့်အဝထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။ 

၅၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်း ထိုးနှံမှုတစ်ကြိမ်ခံယူပြီးဖြစ်ပြီး ၁၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု နှစ်ကြိမ်ခံယူပြီးဖြစ်သည်။ ထို့ပြင် လူဦးရေ၏နှစ်ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှု သုံးကြိမ်ခံယူပြီး ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac နှင့် Sinopharm တို့ကိုသာ အသုံးပြုလျက်ရှိသည်။ 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇ ဦး စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၁၃၆၃၄၃ ဦးရှိပြီး သေဆုံးသူ ၃၀၅၆ ဦးရှိကာ ရောဂါမှပြန်လည်ကျန်းမာ လာသူပေါင်း ၁၃၃၂၀၆ ဦးရှိကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ 
ဘာသာပြန်- အောင်ကျော်ကျော်