ရွှေယွန်း

ရှမ်းပြည်နယ်၏ အာလူးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အားကောင်းလာစေရေး အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်၏ စီးပွားဖြစ်စိုက်ပျိုးရေး ထုတ်ကုန်တစ်ခုဖြစ်သည့် အာလူးစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ အကျိုးအမြတ် ပိုမိုရရှိစေရေးနှင့် အာလူးမျိုးရှားပါးမှုအခက်အခဲ ကျော်လွှားနိုင်ရန်အတွက် မျိုးအာလူးဖြန့်ဝေမှု ထူထောင်ခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ 

မျိုးအာလူး ဖြန့်ဝေပေးနိုင်ရန် သုတေသနပြုဆောင်ရွက်

အဆိုပါအစီအစဉ်အရ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအောက်ရှိ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ၊ ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)နှင့် စိုက်ပျိုး ရေးဦးစီးဌာနအောက်ရှိ ဟဲဟိုးဥယျာဉ်ခြံတို့တွင် တောင်သူများအတွက် လိုအပ်သောမျိုးအာလူး ဖြန့်ဝေပေးနိုင်ရန် သုတေသနပြုဆောင်ရွက်နေပြီ ဖြစ်သည်။

“ကျွန်မတို့ရှမ်းပြည်နယ်ဟာ  တစ်နိုင်ငံလုံး အာလူးစိုက်ဧကရဲ့ ၇၅ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ် ပါတယ်။ တောင်သူတွေဟာ အာလူးကို အကျိုးအမြတ်များတဲ့အတွက်  အထွက်တိုးနိုင်မယ့် နိုင်ငံခြားကတင်သွင်းတဲ့ မျိုးအာလူးတွေကို ဝယ်ယူစိုက်ပျိုးကြတယ်။ နိုင်ငံခြားကနေတင်သွင်းရတာဖြစ်တဲ့အတွက် တောင်သူတွေအတွက် ကုန်ကျ စရိတ်အတော်များလို့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် တောင်သူတွေအကျိုးစီးပွားကို ပိုပြီးအထောက်အပံ့ပြုနိုင်ဖို့ တောင်သူတွေအတွက် မျိုးအာလူးဖြန့်ဝေမှုအစီအစဉ်ကို သုတေသနပြု ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျွန်မတို့ ထုံးဖို သုတေသနခြံနဲ့  ဒေသသုတေသနဗဟိုဌာန (အောင်ပန်း)တို့ကနေ သုတေသနပြုထွက်ရှိလာတဲ့ မျိုးအာလူးကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဟဲဟိုးဥယျာဉ်ခြံမှာ စမ်းသပ်စိုက်ပျိုးမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန(အောင်ပန်း)မှ  သုတေသနအရာရှိ ဒေါက်တာဒေါ်ဝင်းဝင်းနွယ်က ပြောကြားသည်။
အာလူးစိုက်တောင်သူအများစု အသုံးပြုနေသောမျိုးအာလူးများသည်  စနစ်တကျစိုက်ပျိုး ထုတ်လုပ်ထားသော  မျိုးအာလူးမဟုတ်ဘဲ ဈေးကွက်တွင်  အလွယ်တကူဝယ်ယူရရှိသည့် အာလူးများဖြစ်သောကြောင့် ရောဂါပိုးမွှားဒဏ်မခံနိုင်ခြင်း၊ အထွက်နှုန်းကျဆင်းခြင်းတို့ ဖြစ်ပေါ် တွေ့ကြုံနေကြရသည်။ 

“အာလူးစိုက်မယ်ဆို ပွဲရုံက အဆင်ပြေတဲ့မျိုးကို ဝယ်ယူစိုက်ကြတာများတယ်။ ပွဲရုံကနေ သီးနှံပေါ် ပေးစနစ်နဲ့ဆိုတော့ အဆင်ပြေတယ်။ မျိုးကောင်းမျိုးသန့်ရွေးတဲ့အပိုင်းကို အားမထည့်ကြဘူး။ အဲဒီတော့ အာလူးက မျိုးပေါင်းစုံတယ်။ တချို့နိုင်ငံတွေက ဝင်လာတဲ့မျိုးတွေဆို စိုက်ပျိုးတဲ့တောင်သူကို အာမခံချက်ပေးနိုင်တဲ့မျိုးမဟုတ်ဘူး။ ကျွန်တော် တို့အတွက် အာမခံချက်ရှိတဲ့ အာလူးမျိုးကောင်း မျိုးသန့်လိုအပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အာလူးစိုက်တဲ့တောင်သူတွေဟာ ရေရှည်အတွက် စဉ်းစားရတယ်။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနကို ဒီလိုမျိုးတွေ ထုတ်လုပ်ပေးစေချင်တယ်။ အခုတော့ ကျွန်တော်တို့ဒေသမှာ သုတေသနပြုဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကျွန်တော်တို့လက်ထဲ အာလူးမျိုးကောင်းမျိုးသန့်တွေရောက်ဖို့ မျှော်လင့်နေပါတယ်”ဟု နောင်တရားမြို့မှ အာလူးစိုက် တောင်သူတစ်ဦးဖြစ်သည့် ဦးခွန်အောင်ဆန်းဦးက ပြောသည်။

အာလူးစိုက်ဧကပေါင်း ၉၀၆၄၄ ဧက

မြန်မာနိုင်ငံတွင်  အာလူးစိုက်ဧကပေါင်း ၉၀၆၄၄ ဧက ရှိပြီး ရှမ်းပြည်နယ်တွင် အာလူးစိုက် ဧက ၅၁၂၉၆ တည်ရှိနေသည်။ လက်ရှိ ရှမ်းပြည်နယ် ရှိ အာလူးစိုက်တောင်သူများသည် L6 (တရုတ်မျိုး) စိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်း၊ Markies (နယ်သာလန်မျိုး) စိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်း၊ Carolus(နယ်သာလန်မျိုး) ၂၀ ရာခိုင်နှုန်းနှင့် Kufri jyoti (အိန္ဒိယမျိုး) စိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

“မျိုးကောင်းမျိုးသန့်သုံးရမယ်ဆိုတဲ့ အသိတော့ရှိကြပါတယ်။ သို့သော်လည်း စိုက်ခါနီးအချိန်ကျ ဈေးကွက်ထဲ အလွယ်ရတာ စိုက်ကြတာများတယ်။ ဒီမျိုးတွေက အဆင်မပြေတာတွေရှိတယ်။ ပြီးတော့ အခုနှစ်ပိုင်းမှာ ဈေးကွက်မှာ  မျိုးဈေးနှုန်းက တက်တဲ့အခါ စိုက်တဲ့သူအတွက် အဆင်မပြေတော့ ကိုယ့်နိုင်ငံထဲမှာ မျိုးကောင်းမျိုးသန့် စနစ်တကျ စိုက်ပျိုးချင်လာကြတယ်”ဟု ဟဲဟိုးမြို့မှ အာလူး စိုက်တောင်သူ ဦးဌေးအောင်ကဆိုသည်။

စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းမည့် အာလူးစိုက်ပျိုးထုတ်လုပ်မှုအတွက် ပိုးမွှားကင်းစင် သောမျိုးအာလူးများ အသုံးပြုရန်လိုအပ်သည်။ သို့အတွက် မျိုးကောင်းမျိုးသန့်များစွာ ရရှိရန် အတွက် အပင်တစ်သျှူးကာချာနည်းပညာဖြင့် မွေးမြူထုတ်လုပ်ရသည်။  ယင်းနည်းပညာဖြင့် ရရှိလာသည့်မျိုးပင်ငယ်များကို အဆင့်ဆင့်စိုက်ပျိုး ပြီးမှ မျိုးအာလူးထုတ်လုပ်ရခြင်းဖြစ်သည်။

သုတေသနပြု ဆောင်ရွက်လျက်ရှိ

 အပင်တစ်သျှူးကာချာ  နည်းပညာဖြင့် မျိုးအာလူးထုတ်လုပ်မှုအစီအစဉ်ကို ရှမ်းပြည်နယ်ရှိ ထုံးဖိုသုတေသနခြံနှင့် ဒေသသုတေသနဗဟိုဌာန (အောင်ပန်း)တွင် သုတေသနပြု ဆောင်ရွက်လျက် ရှိသည်။

“အာလူးစိုက်ရင် ခြမ်းစိုက်တာရှိတယ်၊ အလုံး လိုက်စိုက်တာရှိတယ်၊ ဘယ်လိုစိုက်စိုက် စိုက်လို့ ရပေမယ့် အခြမ်းစိုက်တာက ရောဂါပိုး ပိုပြီးဝင်လွယ်တယ်။ ပြီးတော့ ကျွန်မတို့ဒေသမှာ မျိုးကောင်း မျိုးသန့်ဆိုတာမျက်စိနဲ့ ကြည့်လို့မြင်ရတာမဟုတ်တော့ အဆင်ပြေတာ ရွေးချယ်ကြတဲ့အတွက် ရောဂါဒဏ်ကြောင့် အထွက်ကျတာ ကြုံကြရတယ်။ အဓိကတော့ မြေဆောင်ရောဂါတွေ ဝင်တဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ရတယ်။ ဒါကြောင့် မျိုးကောင်းမျိုးသန့်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ဖို့ပါ။ ကျွန်မတို့ဒေသမှာက ကြော်အာလူး၊ စား အာလူး စသဖြင့် ဈေးကွက်လိုအပ်ချက်ရှိတဲ့ အာလူးမျိုးစုံကိုစိုက်ကြတယ်။ ခုနောက်ပိုင်းမှာ မျိုးကောင်း မျိုးသန့်အာလူးရရှိဖို့ဟာ အရေးကြီးတာကို သိရှိလာကြတဲ့အတွက် မျိုးအာလူးစိုက်ပြီး ပြန်လည်ရောင်းချင်တဲ့ တောင်သူတွေလည်း များလာပါပြီ” ဟု ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံမှ သုတေသန အရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောပြသည်။

အပင်တစ်သျှူး အာလူးပင်ငယ်များ  မွေးမြူထုတ်လုပ်

တောင်သူလက်ဝယ် မျိုးအာလူး ဖြန့်ချိနိုင်ရန်အတွက် ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနခြံများရှိ ဓာတ်ခွဲခန်းအတွင်း အပင်တစ်သျှူး အာလူးပင်ငယ်များ မွေးမြူထုတ်လုပ်ရသည်။ အပင်တစ်သျှူး အာလူးပင်ငယ်များ  မွေးမြူထုတ်လုပ်ရာတွင် အပင်ဓာတ်ခွဲခန်းတွင်း အဆင့်အဆင့် ပြုလုပ်ရသည်။ ထိုမှတစ်ဆင့် ဓာတ်ခွဲခန်းမှရရှိလာသော အပင်ငယ် လေးများအား ပျိုးခြံအတွင်း Aeroponic နည်းဖြင့် လည်းကောင်း၊  ပွားစာ(substrates)များဖြင့် လည်းကောင်း  အာလူး minitubers များကို generation 0 အဆင့် ထုတ်လုပ်ပေးရသည်။

“ကျွန်မတို့ သုတေသနခြံတွေမှာ မြေမှာ ချစိုက်နိုင်တဲ့အဆင့် ရောက်ရှိအောင် ရှေးဦးအဆင့်တွေကို ဓာတ်ခွဲခန်းထဲနေ မျိုးရလဒ်ကောင်းထွက်အောင် လုပ်ပေးရတာပါ။ ပထမဆုံးအနေနဲ့ ဓာတ်ခွဲခန်းထဲမှာ အညှောက်ဖောက်ထားတဲ့ အာလူးညှောက်တွေကို ပိုးသန့်စင်ခြင်း အဆင့်ဆင့်လုပ်ရတယ်။ ဒီကနေ ရောဂါပိုးမွှားကင်းစင်တဲ့ Meristem  ရအောင် လုပ်ရတယ်။ ဒီအပိုင်းလေးရဖို့ ရက် ၉၀ ကနေ ၁၂၀ အထိ  ကြာမြင့်နိုင်ပါတယ်။ ဒီကနေ Meristem အပိုင်းလေး ရလာပြီဆိုရင် ထပ်ပွားဖို့ လုပ်ရတယ်။ ထပ်ပွားတဲ့အဆင့်က ရက် ၂၀ ကနေ ၃၀ အထိ ကြာမြင့်ပါတယ်။ ထပ်ပွားလာတဲ့အပင်လေးတွေကို အာဟာရပုလင်းထဲမှာ မွေးရတယ်။ မွေးပြီးရင် မီနီကျူးဘာထုတ်ဖို့အတွက် ပင်စည်သန်မာအောင် လုပ်ရတယ်။  ပင်စည်သန်မာလာပြီဆိုရင်  Generation 0 ထုတ်လုပ်ဖို့ အေရိုပိုးနစ်စင်တွေပေါ် တင်ရတယ်။ အေရိုပိုးနစ်စနစ်ဆိုတာကတော့ ဓာတ်ခွဲခန်းထဲက ထွက်လာတဲ့ တစ်သျှူးအပင်လေးတွေကို မြေလွှာမဲ့စိုက်ပျိုးတာပါ။ ဒီလိုစိုက်ပျိုးရာကနေ Generation 0 ပိုးမွှားကင်းစင်တဲ့ မျိုးသန့် အာလူး ရရှိပါပြီ။ ဒါကတော့ အပင်တစ်သျှူးကာချာ နည်းပညာပါ”ဟု သုတေသနအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။ 

သုတေသနပြုဆောင်ရွက်

အပင်တစ်သျှူးကာချာနည်းပညာကို ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သီးနှံနှင့် ပန်းမန်များ၊ ရှားပါးဒေသမျိုးများနှင့် မျိုးပွားရန် ခက်သောမျိုးများကို သုတေသနပြုမွေးမြူရွေးချယ်ရန်၊ ပြောင်းလဲ လာသောရာသီဥတုကို ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သောအထွက်နှုန်းကို ပေးနိုင်သည့် ဟင်းသီးဟင်းရွက်၊  ပန်းမန်မျိုးကောင်းမျိုးသန့်များကို သုတေသနပြုဖော်ထုတ်ရန်၊ တောင်သူများ ကြုံတွေ့နေရသော  စိုက်ပျိုးရေးဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်မည့် သုတေသနနည်းပညာ ရှာဖွေဖော်ထုတ်ရန်၊ သုတေသနပြုရရှိလာသော ရလဒ်ကောင်းများနှင့် နည်းပညာများ၊ မျိုးသစ်များကို စိုက်ပျိုးထုတ်လုပ်သူတို့အား လက်ဆင့်ကမ်းဖြန့်ဝေခြင်းကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တောင်သူအခြေပြု သုတေသနစခန်းများ တည်ထောင် ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူတို့ကို သုတေသန ရလဒ်ကောင်းများကို လက်တွေ့စိုက်ပျိုး ပြသ၍ နည်းပညာများကိုဖြန့်ဝေရန် စိုက်ပျိုးရေး သုတေသနခြံများတွင် သုတေသနပြုဆောင်ရွက် လျက်ရှိသည်။

“ကျွန်မတို့အနေနဲ့ ရှမ်းပြည်နယ်ရဲ့ အာလူးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး တိုးတက်လာဖို့ မျိုးအာလူးထုတ်လုပ်တဲ့ အစီအစဉ်အတွက်ဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့က အကူအညီအထောက်အပံ့တွေ အများကြီးပေးပါတယ်။ တစ်သျှူးကာချာနည်းနဲ့ ထွက်လာတဲ့ အပင်လေးတွေကိုစိုက်ဖို့ အေရိုပိုးနစ် စင်တွေ လိုအပ်ပါတယ်။ ဒီအတွက် တိုးချဲ့တည်ဆောက် ပေးတာရှိသလို ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင် ပေးတာလည်း ရှိပါတယ်။ အဓိကတော့ တောင်သူ တွေအတွက်လိုအပ်တဲ့  မျိုးကောင်းမျိုးသန့်ကို တစ်နှစ်ပတ်လုံး  ထုတ်လုပ်ပေးနိုင်အောင်ပါ။ သုတေသနပြုပြီး  တောင်သူအကျိုးများမယ့် ရလဒ်ကောင်းထွက်အောင် ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် သုတေသနပြုလုပ်တဲ့အချိန်တော့ ယူရ ပါတယ်။ လက်ရှိတောင်သူတွေလိုအပ်နေတဲ့ မျိုးအာလူးကို ချက်ချင်းတော့ တောင်သူလက်ထဲ မပေးအပ်နိုင်သေးပေမယ့် ရေရှည်မှာတောင်သူတွေ အကျိုးရှိမယ့် ရလဒ်ကောင်းတွေအတွက် ဆောင်ရွက်နေပါတယ်။ အခု ကျွန်မတို့ သုတေသနခြံတွေမှာ ဒေသအာလူးစစ်ဗိုလ်မျိုးအပြင်  နယ်သာလန်၊ အိန္ဒိယမျိုးတွေကိုပါ  တစ်သျှူးကာချာနည်းနဲ့ အပင်ဓာတ်ခွဲခန်းတွင်း ပွားများဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းနွယ်က ရှင်းပြ သည်။
ထုံးဖိုသုတေသနခြံနှင့် ဒေသသုတေသနဗဟို ဌာန(အောင်ပန်း)မှ ရရှိလာသည့် မျိုးအာလူး Generation 0 ကို ဟဲဟိုးမြို့ စိုက်ပျိုးရေးဦးစီးဌာန ခြံတွင် မျိုးအာလူး Generation 1 အဖြစ် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ခြံမှာက အပင်တစ်သျှူးကာချာ နည်းပညာနဲ့ရရှိလာတဲ့  မျိုးအာလူး Genera- tion 0 တစ်ဧက စမ်းသပ်စိုက်ပျိုးသွားမယ်။ ဒီကနေ မျိုးအာလူး Generation 1 ရလာမယ်။ သုတေသန ပြုချက်အရတော့ တစ်ဧက စိုက်ပျိုးရင် မျိုးဥ ၅၂၄၈ ပိဿာ စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ လက်ရှိမှာတော့ မျိုးအာလူးကွင်းဆက်က အပြည့်အဝ မချိတ်မိသေး ဘူး။ ကျွန်တော်တို့ ဌာနတွေအနေနဲ့ ဆောင်ရွက်ဆဲ အဆင့်ပဲ ရှိနေသေးတယ်။ ဒါပေမဲ့ တောင်သူထံ အမြန်ဆုံးပေးအပ်နိုင်ဖို့  ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့ခြံတွေကထွက်ရှိတဲ့  မျိုးအာလူး Generation 1 ကို မျိုးစေ့ထုတ်သမအသင်းတွေ၊ Contract Farming တွေကိုထပ်ပြီး  မျိုးအာလူးထုတ်နိုင်ဖို့ ဖြန့်ဝေသွားမယ်။ ဒီအဆင့်မှာ တောင်သူ ဆီ တိုက်ရိုက်မဖြန့်တာက မျိုးအာလူးထုတ်လုပ်မှု ကွင်းဆက်မပြတ်အောင်ပါ။ ပြီးတော့ မျိုးအာလူး ထိန်းသိမ်းတဲ့စနစ်ကလည်း ကုန်ကျမှုစရိတ်ရှိပါတယ်။ ဒါကြောင့် ဒီအဆင့်ကနေ မျိုးအာလူး Generation 2 နဲ့ 3 ကို စိုက်ပျိုးပြီး ဒီကနေ မျိုးအာလူး Generation 4 ကစပြီး တောင်သူဆီ ဖြန့်ဝေတဲ့ ကွင်းဆက်ကို စီစဉ်နေပါတယ်။ ဒီမျိုး တွေက တစ်ဧကကို အထွက် (၇၀၀၀-၁၀၀၀၀) ပိဿာရရှိနိုင်ပါတယ်။ ဒီအတွက် စိုက်ပျိုးနည်းပညာပေးတဲ့ လုပ်ငန်းတွေကိုလည်း တစ်ဖက်ကဆောင်ရွက်နေပါတယ်”ဟု ဟဲဟိုးဥယျာဉ်ခြံ တာဝန်ခံ ဦးညီညီအောင်က ရှင်းပြသည်။

မျိုးကောင်းမျိုးသန့်   မျိုးအာလူးများကို စနစ်တကျထိန်းသိမ်းသိုလှောင်ခြင်းသည် စိုက်ပျိုး တောင်သူများအတွက် အရေးကြီးသည့်လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ မျိုးသိုလှောင်မည့် အခန်းအပူချိန် သည် ၄၀ ဖာရင်ဟိုက်မှ ၇၀ ဖာရင်ဟိုက်အတွင်း တည်ရှိရမည်ဖြစ်သည်။ သို့မှသာ အာလူးတွင် သဘာဝအတိုင်းရှိနေသည့် အာဟာရဓာတ်များကို မပြောင်းမလဲ ကောင်းစွာသိုလှောင်ထားနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ဟဲဟိုး၌ အာလူးမျိုး သိုလှောင်ရုံ နှစ်ခုရှိပြီး မျိုးအာလူး တန် ၁၅၀၀ ခန့်သာ သိုလှောင် နိုင်ပြီး တည်ဆောက်လျက်ရှိသည့် အင်းခေါင်းနှင့် နောင်တရား အအေးခန်းသိုလှောင်ရုံများပြီးစီးပါက အင်းခေါင်း စုစုပေါင်း မျိုးအာလူး တန် ၃၀၀၀ ထပ်မံ သိုလှောင်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း အားလူးစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ရေးအတွက် မျိုးထားမျိုးလှောင်အသုံးပြုခြင်း လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်သည်။ ထို့ကြောင့် မျိုးသန့်ပွားများခြင်းလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက် ရေးနှင့် မျိုးပွားခြင်း၊ မျိုးသိုလှောင်ခြင်းနှင့် မျိုးဖြန့် ခြင်းတို့ကို အကျိုးဆောင်တောင်သူများ ဖွဲ့စည်းလျက် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်လျက်ရှိသည်။

“မျိုးက ကျွန်တော်တို့ပြည်နယ်မှာ တောင်သူ လက်ဝယ်ဖြန့်ဝေနိုင်ဖို့ လုပ်ဆောင်နေပါပြီ။ အာလူး စိုက်တဲ့အခါ စိုက်ပျိုးစရိတ်ကုန်ကျမှုမှာ မျိုးအတွက် ကုန်ကျစရိတ်က ၆၀ ရာခိုင်နှုန်း  ရှိပါတယ်။ လတ်တလော ကျွန်တော်တို့ဆီမှာ မထုတ်နိုင်သေး တဲ့အတွက် မျိုးတင်သွင်းတဲ့အခါမှာ အခွန်စုစုပေါင်း ၁၇ ရာခိုင်နှုန်းဆောင်ရပါတယ်။  ကုန်သွယ်ခွန် မကောက်တဲ့အတွက်ကြောင့်ပါ။ ကောက်ရင်တော့ ၂၂ ရာခိုင်နှုန်း ဆောင်ရပါမယ်။ နယ်စပ်ကနေ ဝင်လာတာတွေလည်းရှိပါတယ်။ ဒီဟာနဲ့ ဈေးနှုန်း က ယှဉ်မရဘူး၊ ဒါကြောင့် ကိုယ့်ဆီမှာ မျိုးမထုတ်နိုင်သေးတဲ့ ကာလတစ်ခုမှာ အာလူးစိုက်တောင်သူတွေ အဆင်ပြေစေဖို့ မျိုးအာလူးတင်သွင်းတာနဲ့ ပတ်သက်ပြီး စီစဉ်ပေးစေလိုပါတယ်။” ဟု ဟဲဟိုး အာလူးအသင်းမှ   ဦးအောင်သန်းကျော်ခေါ် ဦးချမ်းထွေးက အကြံပြုပြောကြားသည်။ 

လက်ရှိတွင် ရှမ်းပြည်နယ်ရှိ အာလူးစိုက် တောင်သူများသည် စိုက်ပျိုးဧကများစွာ စိုက်ပျိုး ကြသော်လည်း အကျိုးဖြစ်ထွန်းမှု အားနည်းလျက် ရှိသည်။ အာလူးစိုက်တောင်သူများတွင် မျိုးကောင်း မျိုးသန့်အသုံးမပြုနိုင်ခြင်း၊  ရောဂါဒဏ်ခံနိုင်မှု နည်းသောမျိုးများ အသုံးပြုနေကြရခြင်း၊ သဘာဝ မြေဩဇာ လုံလုံလောက်လောက် မထည့်သွင်းနိုင် ခြင်း၊ ရေကို လိုအပ်သလောက် မထည့်သွင်းနိုင်ခြင်း စသည့်အခက်အခဲများ  ရင်ဆိုင်နေကြရသည်။ ထိုကဲ့သို့ စိုက်ပျိုးတောင်သူများ တွေ့ကြုံနေရသည့် အခက်အခဲများကိုကျော်လွန်ကာ ပြည်နယ်၏ စီးပွား ဖြစ်စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်သည့် အာလူး စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ အကျိုး အမြတ်ပိုမိုရရှိစေရေးကို  မျိုးအာလူးဖြန့်ဝေမှု ထူထောင်ခြင်းအစီအစဉ်က တစ်နည်းတစ်လမ်းဖြင့် အထောက်အပံ့ပြု ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။