ဝါဝါဖူး (Ph.D) မွေးသု(မန်း)
မွေးမြူထုတ်လုပ်ရေးကွင်းဆက်
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်မှာ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက်အတွင်း အချင်းချင်းဆက်နွှယ်နေသည့် အကြောင်းအရင်းအချက်အလက်များကို နားလည်သဘောပေါက်၍ လက်ခံကျင့်သုံးရန် အထူးလိုအပ်ပေသည်။ မွေးမြူထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက်ဖြစ်စဉ်များ၏ လုပ်ငန်းစဉ်အလိုက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) Genetically Make-up constitution (မျိုးရင်းစစ်)
( ခ ) Nutrition (တိရစ္ဆာန်အစာ)
(ဂ ) Health (ကျန်းမာရေး)
(ဃ) Management (မွေးမြူရေးဆိုင်ရာ စီမံ ခန့်ခွဲမှု)
(င ) Production(အမြောက်အမြား ထုတ်လုပ် မှု)
(စ ) Market (ဈေးကွက်)

တိရစ္ဆာန်အစာ၏ အခန်းကဏ္ဍ
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေး နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာ လုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန် အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digesti-bility) (သို့မဟုတ်) မည်မျှအကျိုးသက်ရောက်မှု ရှိသည် (Net Energy) တို့ကို သိရှိရန် လိုအပ်ပေ သည်။ အသုံးပြုကျွေးမွေးသော အစာများ၏ အာဟာရဓာတ်ပြည့်ဝစွာပါသော စပ်စာ (Ration)များ ဖော်ထုတ်အသုံးပြုနိုင်မှုသည် မွေးမြူထုတ်လုပ် ရေးလုပ်ငန်း၏ အရေးပါသောအချက်များကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ တိရစ္ဆာန်များကို အစာအမယ်တစ်မျိုးတည်း အမြဲတမ်းကျွေး၍ မွေးမြူမည်ဆိုပါက အာဟာရဓာတ်ချို့တဲ့မှုနှင့် စပ်လျဉ်းသည့်ရောဂါများ မလွဲမသွေဖြစ်ပေါ်လာပါမည်။ ထို့ကြောင့် အာဟာရဓာတ်များ ညီညွတ် မျှတစွာပါဝင်သော စပ်စာ (Balanced Ration)တစ်ခုကို ဖော်ထုတ်အသုံးပြုရန် လိုအပ်ပေသည်။
ရေရှည်တည်တံ့ခိုင်မြဲစေမည့် အကြောင်းရင်း
ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ရေနှင့်မြေဆီလွှာကဲ့သို့သော အခြေခံအရင်းအမြစ်များကို ထပ်မံအသုံးမပြုဘဲ စွန့်ပစ်ရေကို ပြုပြင်ဖန်တီးထား၍ အစာအသုံးပြု ခြင်းဖြင့် စီးပွားရေးနှင့်လူမှုရေးကဏ္ဍတွင် အကောင်းဆုံး ကုန်ကျစရိတ်နှင့် အကျိုးခံစားခွင့်အချိုးတို့ကို တစ်ပြိုင်တည်းပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ၏ လက်ရှိအခြေ အနေတွင် နည်းပညာများထဲမှတစ်ခုဖြစ်သော ဘိုင်အိုဖလော့မွေးမြူပြီး အစာအဖြစ် ကျွေးမွေးခြင်း စနစ်သည် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါသည်။ ရေအရည်အသွေးကို ထိန်းသိမ်းခြင်းဖြင့် Biofloc မွေးမြူခြင်းသည် ရေလဲလှယ်ရန်လိုအပ်မှုကို လျှော့ချ ပြီး စားသုံးနိုင်သော အဏုဇီဝပရိုတင်းများကို ထုတ်လုပ်ခြင်းဖြင့် မွေးမြူရေး ငါး၊ ပုစွန်များ၏ အစာမှ အသားပြောင်းလဲခြင်းအချိုးကို လျှော့ချ နိုင်သည့်အပြင် စီးပွားဖြစ် အစာဝယ်ယူသည့် ကုန်ကျစရိတ်ကို လျှော့ချနိုင်စေမည် ဖြစ်ပါသည်။

ဘိုင်အိုဖလော့၏အဓိပ္ပာယ်
ဘိုင်အိုဖလော့၏အဓိပ္ပာယ်ကို ဦးစွာဖော်ပြရ မည်ဆိုလျှင် သတ္တမျောလှေးများ၊ ရေညှိရေမှော်၊ ကျောရိုးမဲ့သတ္တဝါများ၏ ရုပ်ကြွင်းများ ပွတ်တိုက်၍ ပွန်းပဲ့ရာမှ ပေါ်ထွက်လာသော အပိုင်းအစများ အနည်ကျရာမှဖြစ်ပေါ်လာသည့် အမှုန်အမွှားများနှင့် အဏုဇီဝသက်ရှိများ ပေါင်းစပ်ဖွဲ့စည်းထားသော polymeric substances များ၊ အဏုစိတ်ဇီဝသက်ရှိ များ ပေါင်းစုဖွဲ့စည်းထားပြီး Floc (Flocculent)မှ ဆင်းသက်လာပါသည်။ အကျိုးပြုဗက်တီးရီးယား အသွင်အဖြစ် ပြောင်းလဲသွားပြီး ငါး၊ ပုစွန်များ အတွက် အထူးသဖြင့် ငါးမှုန်အဆင့်တွင် အလွန် အသုံးဝင်သော အစာဖြစ်သည်ဟု သုတေသနပြု စမ်းသပ်မှုများမှ ဖော်ပြလျက်ရှိပါသည်။
Biofloc မွေးမြူသည့်နည်းပညာကို မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်ကတည်းက ဒေါက်တာ ဉာဏ်တောက ပုစွန်ဖြူမွေးမြူရေး (Litopenaeus vannamei) ကန်များတွင် အစာ အဖြစ် စတင်အသုံးပြုခဲ့သော်လည်း မွေးမြူရေး လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခဲ့ခြင်းမရှိသေးပါ။ ၁၉၇၀ ပြည့်နှစ် အစောပိုင်း တွင် French Research Institute of Exploita-tion of the Sea, Oceanic Center of Pacific (FREMER-COP)တွင် ပုစွန်မျိုးစိတ်အမျိုးမျိုး၏ အစာအဖြစ် ပထမဆုံး တီထွင်စမ်းသပ်ခဲ့ကြသလို ၁၉၈၈ ခုနှစ်တွင်လည်း ဗဟိုအမေရိက၌ ငါးသားပေါက် ထုတ်လုပ်ကန်တွင် Biofloc ကို စီးပွားဖြစ် အသုံးပြုခဲ့သည်။
ယခုအချိန်တွင် ဤနည်းပညာကို အမေရိကန်၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ဘရာဇီး၊ တရုတ်၊ အီတလီနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အောင်မြင်စွာ အကောင်အထည်ဖော် ချဲ့ထွင်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် Biofloc မွေးမြူသည့် နည်းပညာကို ငါး၊ ပုစွန်များတွင် အစာအဖြစ် အသုံးချနိုင်ခြင်း၊ အစာမှ အသားတိုးနှုန်းအချိုး (Food Conversion Ratio-FCR) လျှော့ချနိုင်ခြင်း၊ ပြင်ပမှ ရောဂါများဝင်ရောက်မှုမှ တားဆီးကာကွယ်နိုင်ခြင်း နှင့် အထွက်နှုန်းတိုးတက်နိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများကြောင့် Biofloc ကို ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ Biofloc မွေးမြူရန် လိုအပ်ပါသည်။
ငါးများသည် အမိုင်နိုအက်စစ်၊ အဆီ၊ ဗီတာမင် နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သော ရေနေသတ္တဝါများဖြစ်၍ ကမ္ဘာ့လူဦးရေ တိုးတက်လာသည် နှင့်အမျှ စားနပ်ရိက္ခာဖူလုံစေရေးအတွက် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုအပါအဝင်ဖြစ်လာခဲ့ရာ ထိုမွေးမြူရေးလုပ်ငန်းများ အတွက် နေ့စဉ်လိုအပ်လျက်ရှိသော ငါး၊ ပုစွန် အစာများအတွက် Biofloc မွေးမြူပြီး အစာအဖြစ် ကျွေးခြင်းဖြင့် အစာဖိုးကုန်ကျစရိတ် သက်သာပြီး ပရိုတင်းဓာတ်အပြည့်အဝ ရရှိခြင်းတို့ကြောင့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းတွင် တိုးပွားလာသော ငါးစားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သုတေသနပညာရှင်များနှင့် ငါးမွေးမြူထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများစွာဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ပြင် မွေးမြူရေး လုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျစရိတ်၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းသည် ငါးအစာ ကုန်ကျစရိတ် ဖြစ်သောကြောင့် အရင်းအနှီးကြီးမားပြီး လုပ်ငန်း လည်ပတ်မှု ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည့် စီးပွားဖြစ် ငါးမွေးမြူရေးနည်းပညာများကို ကျင့်သုံးရန် တွန့်ဆုတ်နေကြပါသည်။ ထို့ကြောင့် ကုန်ကျစရိတ် နည်းပါးပြီး သဘာဝအရင်းအမြစ်ကို ထိခိုက်စေခြင်း မရှိသော၊ ရေရှည်တည်တံ့သော နည်းလမ်းဖြစ်သည့် Biofloc မွေးမြူထုတ်လုပ်သည့် နည်းပညာသည် ငါး၊ ပုစွန်ထုတ်လုပ်မှုတိုးမြှင့်ရာတွင် များစွာအထောက်အကူပေးနိုင်မည် ဖြစ်ပါသည်။

Biofloc နည်းပညာ
Biofloc နည်းစနစ်သည် ရေနေသတ္တဝါများ ထုတ်လုပ်မှု၊ ဂေဟစနစ်ထိန်းချုပ်မှု ပိုမိုကောင်းမွန် လာစေခြင်းနှင့် ရေဆိုးရေညစ်များကို ပြုပြင်ပေးခြင်း တို့ကြောင့် ယခုအချိန် ငါး၊ ပုစွန်မွေးမြူရေးတွင် အရေးပါလာနေပြီဖြစ်ပါသည်။ ဇီဝသက်ရှိများ၏ ပွားများကြီးထွားလာမှု၊ ရေလဲလှယ်မှုအနည်းဆုံး လိုအပ်မှု၊ ပျော်ဝင်အောက်ဆီဂျင် ကောင်းမွန်မှုနှင့် ကာဗွန်နိုက်ထရိုဂျင်ထည့်သွင်းသည့် အချိုးအစား (C:N)တို့သည် Biofloc မွေးမြူမှု ရေရှည်ထိန်းသိမ်း ရန်အတွက် အထူးလိုအပ်လှပေသည်။ ကာဗွန်ဟု ဆိုရာတွင် တင်လဲရည်၊ သကြား၊ ဂလူးဂို့စ်၊ ပီလော ပီနံ၊ ကစီဓာတ်များကို ဆိုလိုပြီး ထည့်သွင်းရမည့် အချိုးအစားသည် ကာဗွန် ၁၀ ဆနှင့် နိုက်ထရိုဂျင် တစ်ဆ (C10:N1) ရှိရန် လိုအပ်ပါသည်။ ၎င်းအခြေအနေတွင် အဏုဇီဝများသည် ရေမှ အမိုးနီးယား ပြိုကွဲကာ ဇီဝရုပ်ကြွင်း အမှုန်အမွှားများ၊ အဏုဇီဝ များ၊ ရေညှိများ၊ ပရိုတိုဇွာများ စုစည်းလာရာမှ Microbial protein အဖြစ် ပြောင်းလဲသွားပြီး ငါး၊ ပုစွန်သားလောင်းများမှ အလွယ်တကူ စားသုံးနိုင် ကြပါသည်။ Biofloc အား ရေချိုတွင် မွေးမြူ နိုင်သကဲ့သို့ ရေငန်တွင်လည်း မွေးမြူမည့် ငါးမျိုး စိတ်များ၏ ရေငန်နှုန်းအတိုင်း လျှော့ချမွေးမြူနိုင်ပါ သည်။ အာဟာရပါဝင်နှုန်းများအနေဖြင့် အသား ဓာတ် ၃၄ ရာခိုင်နှုန်း၊ အဆီဓာတ် ၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၇ ရာခိုင်နှုန်း၊ အစိုဓာတ် ၁၂ ရာခိုင် နှုန်းနှင့် ပြာဓာတ် ၁၃-၂၀ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါသည်။ သို့ရာတွင် Biofloc အစာအဖြစ် အမြောက်အမြားထုတ်လုပ်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်းနှင့် သိုလှောင်သည့် လုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် အစာအာဟာရများ ပါဝင်နှုန်း လျော့နည်းမသွားစေရန် လိုအပ်ပါသည်။
အကျိုးကျေးဇူးနှင့် ဆိုးကျိုးများ
Biofloc နည်းစနစ်ဖြင့် မွေးမြူခြင်းတွင် အကျိုးသက်ရောက်မှုများရှိသကဲ့သို့ ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင် ပါသည်။ အကျိုးသက်ရောက်မှုများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော မွေးမြူမှုစနစ် ဖြစ်ပေါ်စေခြင်း၊ ရေလဲလှယ်နှုန်း လျှော့ချနိုင်ခြင်း၊ ထုတ်လုပ်မှုမြင့်မားခြင်း၊ ဇီဝလုံခြုံမှုမြင့်မားခြင်း၊ ရေညစ်ညမ်းမှု လျှော့ချ ခြင်းနှင့် ကုန်ကျစရိတ်သက်သာစေခြင်းတို့ဖြစ်ပြီး ဆိုးကျိုးများအနေဖြင့် စွမ်းအင်အလုံအလောက် လိုအပ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ပါက အသုံး မဝင်သော အမှုန်များ (Dead particle) အဖြစ် ပြောင်းသွားပြီး အမိုးနီးယား တက်စေနိုင်ခြင်း၊ ရေချဉ်ဖန်နှုန်းကောင်းမွန်ရန်အတွက် ထုံးဓာတ် ဖြည့်စွက်ရန် လိုအပ်ခြင်း၊ ရာသီဥတုအပြောင်းအလဲ များကြောင့် နေရောင်ခြည်ကောင်းစွာမရရှိလျှင် ပွားများနှုန်း ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင် သည့်အတွက် မွေးမြူစဉ်ကာလအတွင်း ပြောင်းလဲလာသည့် ရေအရည်အသွေးကို တိုင်းတာစစ်ဆေးခြင်းနှင့် စောင့်ကြည့်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
အချုပ်ဆိုရသော် Biofloc နည်းစနစ်သည် ဂေဟစနစ်နှင့် သဟဇာတဖြစ်စေပြီး မွေးမြူရေး လုပ်ငန်းများတွင် အစာအဖြစ် အသုံးပြုနိုင်သည့် နည်းပညာရပ်တစ်ခု ဖြစ်ပါသည်။ Biofloc တွင် ပါဝင်သော ဗက်တီးရီးယား အစုအဖွဲ့များသည် ငါးများ၏ စွန့်ထုတ်ထားသော အညစ်အကြေးများ၊ စွန့်ပစ်ရေများမှ နိုက်ထရိုဂျင်ပျော်ဝင်မှုကို အသုံးချ၍ အဏုဇီဝပရိုတင်းအဖြစ်သို့ ပြောင်းလဲသွားသည့် ဗက်တီးရီးယားများ ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများတွင် ကျွေးမွေးသောအစာများသည် ဖော်စပ်စာများအဖြစ် ဖော်စပ်ပြုလုပ်ထားသကဲ့သို့ Biofloc အစာဖြင့်လည်း အစားထိုးနိုင်ပေသည်။ အာဟာရ ပြည့်ဝစွာပါဝင်သော Biofloc ကို ကျွေးမွေးခြင်းဖြင့် အစာမှ အသားတိုးနှုန်းအချိုးကို လျှော့ချနိုင်သကဲ့ သို့ အစာကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင် ကြောင့် ဤနည်းစနစ်သည် ငါးထုတ်လုပ်မှု၏ ကုန်ကျ စရိတ်ကို လျှော့ချပေးနိုင်ပါသည်။ Biofloc နည်းစနစ် သည် ရေနေသတ္တဝါများ ရှင်သန်ရပ်တည်ရေးနှင့် ရေနေသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားသုံး သူပြည်သူလူထု၏ အာဟာရဖူလုံရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးနိုင်ပါ ကြောင်း ဗဟုသုတမှတ်သားဖွယ်ရာများအဖြစ် ရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား
1. Avnimelech, Y. (2009). Biofloc Techno-logy, Second Edition. World Aquaculture Society, Baton Rouge, LA.
2. Crab, R., Defoirdt, T., Bossier, P. and Verstraete, W. (2012). Biofloc technology in aquaculture: Beneficial effects and future challenges. Aquaculture, 351– 357.
3. Nyan Taw, (2014). Shrimp farming, biofloc as biosecurity?*
4. Suneetha, K., Kavitha, K. and Darwin, C.H.(2018). Biofloc Technology: An emer-ging tool for sustainable aquaculture. International Journal of Zoology Stu-dies, 3(1): 87-90.