နေပြည်တော်၊ ဇူလိုင် ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်ဒေသ၊ အားနည်းလျော့ပါးသည့် ဒေသများနှင့် ရွှေ့ပြောင်းခြင်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးဌာနက Hybrid စနစ်ဖြင့် ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ကျေးရွာအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဒေသတွင်းဖိုရမ်သို့ ဝန်ကြီးဌာန နီလာခန်းမမှ ပါဝင်တက်ရောက်သည်။
အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည်။
အဆိုပါဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာပေါင်း (၄၆) ရွာ ရှိပါကြောင်း၊ ထူးခြားသော ယဉ်ကျေးမှုနှင့် သဘာဝသယံဇာတများ ပေါများကြွယ်ဝသည့် ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသတွင်း လူမှုအသိုင်းအဝိုင်း၏ အကျိုးစီးပွားကို အကျိုးပြုနိုင်ပါကြောင်း။
ခရီးသွားကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ ဒေသတွင်းအဆင့်တွင် ကျေးရွာ ခရီးသွားလုပ်ငန်းများ၌ ခရီးစဉ်များဖန်တီးရန်နှင့် လိုအပ်သည့် စံနှုန်းများချမှတ်ရန် အရေးကြီးပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတွင် ဘက်စုံ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြှင့်တင်ရန် အစိုးရ- ပုဂ္ဂလိက- ပြည်သူလူထုများ အတူ တကွ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အလွန်အရေးကြီးပါကြောင်း၊ ဖိုရမ်တွင်ပါဝင် တက်ရောက် သူများအားလုံးကို အာဆီယံဒေသ၏ ကျေးရွာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရီးသွားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် နိုင်ငံအဆင့်၊ အာဆီယံ ဒေသတွင်းအဆင့်တွင် ခရီးသွားကျေးရွာများ၏ ထုတ်ကုန်များ မြှင့်တင်ဖန်တီးနိုင်မည့် အခွင့်အလမ်း များ၊ Gianyar ခရီးသွားကျေးရွာဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံများ၏ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးပွားရေးတို့ကို ပံ့ပိုးကူညီမှုဆိုင်ရာ အတွေ့အကြုံကောင်းများ၊ ခရီးသွားကျေးရွာစီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများ၊ ခရီးသွားကျေးရွာများ၏ ထုတ်ကုန်များဖန်တီးရာတွင် စိန်ခေါ်မှုများ၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင် ခရီးသွားကျေးရွာများ၏ အခန်းကဏ္ဍအရေးပါမှု၊ တရုတ်နိုင်ငံရှိ ခရီးသွားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးတွင် ဒေသခံများပါဝင်မှု နှင့် အာဆီယံဒေသတွင်း အဆင့်တွင် တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူ များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အခွင့်အလမ်းများကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက ဦးဆောင်ဆွေးနွေးကြပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က မြန်မာနိုင်ငံတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်ဒေသခရီးသွားလုပ်ငန်း အကြောင်းအရာများကို ဆွေးနွေးသည်။
အဆိုပါဖိုရမ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးတွဲခရီးစဉ် Packages များကို ရေးဆွဲ ဖော်ဆောင်ရန်၊ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် စံသတ်မှတ်ချက် များအား ရေးဆွဲဖော်ဆောင်ရန်၊ ခရီးစဉ်ဒေသများမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး သဘောထားအကြံပြုချက်များရရှိနိုင်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)