နေပြည်တော်၊ ဇူလိုင် ၂၇
(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း (ဗဟို)နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲမှ ထွက်ရှိလာ သည့် သုတေသနစာတမ်းများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရမည်ဖြစ်ကာ မျိုးဆက်သစ်များ ရည်ညွှန်းကိုးကားနိုင်ရန် ပြည်တွင်းဆေးသုတေသနဂျာနယ်များနှင့် နိုင်ငံတကာအသိ အမှတ်ပြု သုတေသန ဂျာနယ်များတွင် ထည့်သွင်းဖော်ပြနိုင်သည်အထိ ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းဆေးသုတေသန ပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယခုစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်းပေါင်း (၂၂) စောင်၊ ပိုစတာ(၆) စောင်၊ တင်သွင်းဖတ်ကြားကြမည်ဖြစ်ပြီး နှီးနွယ် ဝန်ကြီးဌာနများကလည်း စာတမ်းများ လာရောက်ဖတ်ကြားသွားကြမည်ဖြစ်ကာ အကောင်းဆုံး တိုင်းရင်းဆေးသုတေသန စာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေး အဆင့်မီသည့် သုတေသနစာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဆေးတက္ကသိုလ်-မန္တလေး၌ ကျင်းပသည့် ဇီဝကခန်းမ(မန်းရတနာပုံ)နှင့် Recreation Centre ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းဆိုင်း ဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် သူနာပြုတက္ကသိုလ်-မန္တလေး (၆)ထပ်ပင်မဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကာ ကမ္ပည်း မော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ဖြင့်ပက်ဖြန်းပေးကြသည်။
ယင်းနောက် သူနာပြုတက္ကသိုလ်-မန္တလေး သူနာပြုသိပ္ပံ(ပုံမှန်) ကျောင်းသူများက ကရုဏာအလင်း သီချင်းကို သီဆိုဖျော်ဖြေသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး သူနာပြု တက္ကသိုလ်-မန္တလေးပါမောက္ခချုပ်က (၆)ထပ်ပင်မဆောင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ (၆)ထပ်ပင်မဆောင် နှင့်ပတ်သက်သည့် စာရွက် စာတမ်းများကို သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်က ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)