နေပြည်တော် ဇူလိုင် ၂၇

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ဆက်စပ် ဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးလူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online မှ ပေးပို့ဆောင်ရွက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် မဲစာရင်း မှန်ကန်ရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သော်လည်း ယင်းအချက်အလက်များကို အသုံးပြု၍ မိမိတို့ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ယခုအချက်အလက် များသည် အရေးကြီးသည့် အချက်အလက်များဖြစ်သည်ကို သိရှိနားလည်ကြရန်လိုအပ်ပါကြောင်း၊ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးတို့အတွက် အားလုံးကအလေးထား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြားကာ လုပ်ငန်းဆောင်ရွက်နေသူများအား နှုတ်ဆက်အားပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် အဆိုပါ လုပ်ငန်းများကို ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကွန်ပျူတာအလုံး(၄၀)၊ ပဲခူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် (၁၅)လုံးနှင့် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူးရုံး တွင် (၅)လုံး စုစုပေါင်း ကွန်ပျူတာအလုံး(၆၀)ဖြင့် နေ့ဆိုင်းနှင့် ညဆိုင်းအဖွဲ့များခွဲကာ သတ်မှတ် ကာလအတွင်း  အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)