အာဆီယံရဲ့‌ပေါင်းစည်းရေးဟာ ပိုမိုပွင့်လင်းပြီး၊ အားလုံးပါဝင်ရမယ့်အပြင် အာဆီယံပဋိညာဉ်အပါအဝင် သဘောတူလက်ခံထားတဲ့ စည်းမျဉ်းတွေကို အခြေခံပြီး စုစည်းတည်ထောင်ထားတဲ့ ဒေသတစ်ခု ဖြစ်လာစေဖို့ မျှော်မှန်းရပါမယ်

အာဆီယံရဲ့‌ပေါင်းစည်းရေးဟာ ပိုမိုပွင့်လင်းပြီး၊ အားလုံးပါဝင်ရမယ့်အပြင် အာဆီယံပဋိညာဉ်အပါအဝင် သဘောတူလက်ခံထားတဲ့ စည်းမျဉ်းတွေကို အခြေခံပြီး စုစည်းတည်ထောင်ထားတဲ့ ဒေသတစ်ခု ဖြစ်လာစေဖို့ မျှော်မှန်းရပါမယ်။

 

မေး။     အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် အာဆီယံနိုင်ငံများ၌ အရေးပါသော အခန်းကဏ္ဍ၌ ပါဝင် နေသည်ဖြစ်ရာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍကို ဒေသတွင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဖြစ်စဉ်၌ ရင်ပေါင်တန်းနိုင်ရေးအတွက် သင့်အနေဖြင့် မူဝါဒချမှတ်သူများကို မည်ကဲ့သို့ အကြံပြုလိုပါသလဲ။

 

ဖြေ။     အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေက အာဆီယံစီးပွားရေးရဲ့ ကျောရိုးပဲ ဖြစ်ပါတယ်။ အာဆီယံ စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၇ ရာခိုင်နှုန်းကို အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ကိုယ်စားပြုထားပြီး ဒေသတွင်း အလုပ်အကိုင်စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းကို ယင်းလုပ်ငန်းတွေက ဖန်တီးပေးထားပါတယ်။

အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ ပိုမိုခိုင်မာရေး ကိစ္စက အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုအောက်ရှိ အဓိက ဆောင်ရွက်မှုတွေ အနက် တစ်ခုဖြစ်ပါတယ်။ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် ထုတ်လုပ်မှုတိုးတက်စေရေး၊ ဘဏ္ဍာငွေရရှိနိုင်မှု တိုးမြှင့်စေရေး၊ ဈေးကွက်အခွင့်အလမ်းရရှိစေရေး၊ မူဝါဒနဲ့ စည်းမျဉ်း ဝန်းကျင် ကောင်းမွန်စေရေး၊ စွန့်ဦးတီထွင်မှုနဲ့ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက် စေရေး စတဲ့ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ကြီးကြပ်ဆောင်ရွက်ဖို့အတွက် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီကိုလည်း ဖွဲ့စည်းထားပါတယ်။           

အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို ပြင်းထန်စွာခံစားခဲ့ရတဲ့ အတွက် ကိုဗစ်ထွက်ပေါက်လို့ တင်စားခေါ်ဝေါ်တဲ့ အာဆီယံ ဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုအောက်က နေ အဆိုပါ ရိုက်ခတ်မှုတွေကို လျော့ပါးသက်သာစေဖို့ ဦးစားပေး လုပ်ငန်းတွေကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်အောက်မှာ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဒစ်ဂျစ်တယ်အတတ်ပညာကို အကျွမ်းတဝင်ရှိစေရေးအတွက်သာမက ဈေးကွက်လက်လှမ်းမီစေဖို့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဘဏ္ဍာရေး နည်းပညာတွေ ရရှိစေရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အငယ်စား၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေအကြား ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ဆက်စပ်တဲ့ နည်းပညာတွေကို သိရှိကျင့်သုံးနိုင်ရေးအတွက် စိန်‌ခေါ် မှုတွေကို သိရှိသတ်မှတ်နိုင်ပြီး ဒီစိန်ခေါ်မှုတွေကိုကျော်လွှားဖို့ အကြံပြုချက်တွေ ပေးနိုင်ရေးအတွက်လည်း အသေးစိတ်လေ့လာမှုတွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တွေအကြား ဒစ်ဂျစ်တယ်နည်းပညာကို လက်ခံအသုံးပြုမှု တိုးတက်စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေကို Action Agenda on Digitalization of ASEAN MSMEs ကတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ဒစ်ဂျစ်တယ် အဆင်သင့်ဖြစ်မှုကလည်း မတူညီတဲ့အတွက် ယင်းအချက်အပေါ် လေ့လာဆန်းစစ်ဖို့ နည်းလမ်းကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကိုဗစ်ကပ်ရောဂါကာလမှာ အာဆီယံ စီးပွားရေးကဏ္ဍနဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒစ်ဂျစ်တယ်နည်းပညာ လက်ခံအသုံးပြုမှုနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့အတွက် အာဆီယံက ၂၀၂၂ ခုနှစ်မှာ ဘန်ဒါဆီရီလမ်းပြမြေပုံနဲ့ စတုတ္ထစက်မှု အသွင်ကူးပြောင်းရေး ပေါင်းစည်းမှု မဟာဗျူဟာကို ချမှတ်ခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းနှစ်ရပ်မှာ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သင့်လျော်တဲ့ ကျွမ်းကျင်မှုတွေကို အထောက်အပံ့ပေးဖို့ ရည်မှန်းချက်တွေနဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းမှာ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ အာဆီယံသင်တန်းကျောင်း ကို ၂၀၁၆ ခုနှစ်ကတည်းက တည်ထောင်ထားပါတယ်။ ဒီသင်တန်း ကျောင်းက အွန်လိုင်းသင်တန်းစင်္ကြံတစ်ခုဖြစ်ပြီး အာဆီယံရဲ့ အငယ် စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ သင်တန်းတွေ ကိုလည်း ဆောင်ရွက်ပေးပါတယ်။ အငယ်စား၊ အသေးစားနဲ့ အလတ် စားလုပ်ငန်းတွေကို ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ ကိုဗစ်ကပ်ရောဂါမှ ပြန်လည်ထူထောင်မှု အရှိန်မြှင့်တင်ရေးအတွက် ၂၀၂၂ ခုနှစ်မှာ အဆိုပါ သင်တန်းကျောင်းကို အဆင့်မြှင့်တင်ထားပါတယ်။ ဒီသင်တန်းကျောင်း မှာ ဒစ်ဂျစ်တယ်ကဏ္ဍနဲ့ဆက်နွှယ်တဲ့ ခေါင်းစဉ်ကို ပိုမိုသင်ကြားပို့ချ ပေးမှုဟာလည်း အာဆီယံရဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မူဝါဒချမှတ်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းနေတဲ့ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို မက်လုံးပေးအစီအစဉ်အဖြစ် ဘဏ္ဍာငွေကြေး ထောက်ပံ့မှု၊ စီမံအုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပေးမှုနဲ့ ထူးချွန်အောင်မြင်တဲ့ လုပ်ငန်း ငယ်တွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ အစီအစဉ်မျိုးတွေ ပြုလုပ်ပေးမယ် ဆိုရင် ၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုနဲ့ စွန့်ဦးတီထွင် စိတ်ဓာတ်ကို မြှင့်တင်ပေးရာရောက်မှာ ဖြစ်ပါတယ်။

 

မေး။     လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဒေသတွင်းနဲ့ ဒေသပြင်ပရှိ ပြည်သူများတွေရဲ့ လူမှုစီးပွား နေ့စဉ်ဘဝတွေအပေါ် ပြင်းထန်စွာ ထိခိုက်လျက်ရှိရာ အာဆီယံနိုင်ငံ တွေအနေနဲ့ အနာဂတ်မှာ စီးပွားပျက်ကပ်ကို ရှောင်လွှဲနိုင်ဖို့အတွက် ခိုင်မာတဲ့ စီးပွားရေး၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကို ဘယ်လို ချမှတ်အကောင်အထည်ဖော်သင့်ပါသလဲ။

 

ဖြေ။     ကျွန်မတို့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လက်ရှိဖြစ်ပွားနေ တဲ့ ကိုဗစ်ကပ်ရောဂါရဲ့ အသိသာဆုံး သက်ရောက်မှုတစ်ခုက ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်ဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ ကပ်ရောဂါရဲ့ ပျံ့နှံ့မှုတွေကို ကာကွယ်ဖို့ ကန့်သတ်ပိတ်ပင်မှု ဆောင်ရွက်ချက် (Lockdown Measures) တွေကို ဆောင်ရွက်ခဲ့တာက ထောက်ပံ့မှုကွင်းဆက်တွေကို အဟန့်အတားဖြစ်စေပြီး ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ အစားအစာတွေ စတဲ့ အရေးကြီးကုန်စည် ပြတ်လပ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှု၊ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းအရေး စတဲ့ကိစ္စရပ်တွေကြောင့် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုတွေကို ဖြစ်စေခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်တဲ့ ထောက်ပံ့ပို့ဆောင်မှုကိစ္စတွေကို ပြေလည်စေဖို့၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာစေဖို့အတွက် အာဆီယံက အစားအစာ၊ ဆေး၊ ဆေးဝါးဆက်စပ် ပစ္စည်းတွေနဲ့ အခြားဆက်စပ်ပစ္စည်တွေ အပါအဝင် အရေးကြီးကုန်စည် များ စီးဆင်းမှုတွေ လွယ်ကူချောမွေ့စေရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ နားလည်မှုစာချွန်လွှာက အာဆီယံဒေသတွင်းရှိ အရေးကြီးကုန်စည် တွေရဲ့ စီးဆင်းမှုအပေါ်မှာ မလိုလားအပ်တဲ့ အဟန့်အတားတွေ ဖြစ်စေတဲ့ အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတွေ ဖယ်ရှားဖို့အတွက်ပဲ ဖြစ်ပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာခြင်း၊ ကိုဗစ်ကပ်ရောဂါကနေ ကမ္ဘာ့စီးပွားရေး ပြန်လည် ထူထောင်မှုကို ခြိမ်းခြောက်မှုဖြစ်စေခြင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ ကြည့်ပြန်ရင် အာဆီယံဒေသက ပြောင်း၊ ဂျုံ၊ ဘာလီကို အဓိကတင်သွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှာ လာအိုနဲ့ မြန်မာနိုင်ငံက စားသုံးတာထက်ပိုပြီး ပြောင်းထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒေသတွင်း အစားအစာဖူလုံရေးကိစ္စမှာ မြန်မာနိုင်ငံကလည်း ကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ ပဋိပက္ခက ရရှိတဲ့သင်ခန်းစာတွေကို အခြေတည်စဉ်းစားပြီး အနာဂတ်ကာလမှာ စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ပဋိပက္ခဖြစ်ပေါ်မှုကို ကာကွယ်နိုင်ဖို့အတွက် အာဆီယံအနေနဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ရာမှာ အစားအစာဖူလုံစေရေး၊ စွမ်းအင် ဖူလုံစေရေး၊ လုံခြုံတဲ့ ခရီးသွားလာမှု၊ မက်ခရိုစီးပွားရေးနဲ့ ဘဏ္ဍာရေးတည်ငြိမ်စေမှုကတစ်ဆင့် စီးပွားရေးကဏ္ဍလုံခြုံစေရေး၊ ထောက်ပံ့မှု ကွင်းဆက်ပြတ်တောက်မှုကို တားဆီးရေးနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေ ဖွင့်လှစ်စေရေး အစရှိတဲ့ ကိစ္စရပ်တွေ ကို မူတည်ပြီး ထည့်သွင်းချမှတ်သွားဖို့ လိုအပ်ပါတယ်။

ကပ်ရောဂါဖြစ်ပွားမှုကပေးတဲ့ အခွင့်အလမ်းတစ်ခုဖြစ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု အရှိန်အဟုန်မြင့်တက်လာမှုကို အသုံးချပြီး အာဆီယံက ဒေသတွင်း ဒစ်ဂျစ်တယ်အဆောက်အဦနဲ့ ဒစ်ဂျစ်တယ်နည်းနဲ့ပေါင်းစည်းဆက်သွယ်လုပ်ကိုင်မှုတွေ တိုးတက်စေရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနာဂတ် ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒတွေမှာလည်း ဒစ်ဂျစ်တယ်စနစ် ပေးချေမှုဆိုင်ရာ အခြေခံအအောက်အဦ တိုးတက်စေရေးကိစ္စရပ်တွေ အပေါ် မူတည်လာနိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ရရှိဖို့အတွက် အာဆီယံက ဒေသတွင်း ပတ်ဝန်းကျင်ကို အကာ အကွယ်ပေးတဲ့ မူဝါဒတွေ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာရင်းနှီး မြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့မူဝါဒတွေကို မိမိတို့နိုင်ငံနဲ့ သင့်လျော် လိုက်ဖက်အောင် ချမှတ်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။

 

မေး။     အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု-ယဉ်ကျေးမှု နောက်ခံအခြေအနေတွေ မတူညီဘဲ ကွဲပြားနေတာဟာ အာဆီယံ ပေါင်းစည်းရေးအတွက် အားသာချက်တစ်ခုလား ဒါမှမဟုတ် အားနည်း ချက်တစ်ခုလား။ ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ။     ကျွန်မတို့ရဲ့အမြင်အရ အာဆီယံနိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုနောက်ခံတွေ ကွဲပြားခြားနားတာက အာဆီယံပေါင်းစည်းရေးအတွက် အတားအဆီး တစ်ခုမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ မတူကွဲပြားမှုကို စုစည်းညီညွတ်တဲ့ အားတစ်ရပ်အဖြစ် ထူထောင်နိုင်ခဲ့မှုက အာဆီယံ ပေါင်းစည်းရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅၅ နှစ်တာကာလမှာ အာဆီယံကကမ္ဘာ့စီးပွားရေးမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့လည်း ယနေ့အာဆီယံက ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တိုးချဲ့ပေါင်းစည်းနိုင်ခဲ့တာ သက်သေပဲဖြစ်ပါတယ်။

အာဆီယံရဲ့ ဘုံဆန္ဒနဲ့ စုပေါင်းစွမ်းအားတည်ထောင်မှုကိုအာဆီယံ အတွက် ဥပဒေနဲ့ စည်းမျဉ်းမူဘောင်သဖွယ်ဖြစ်တဲ့ အာဆီယံပဋိညာဉ် က လမ်းညွှန်မှုပေးခဲ့ပါတယ်။ အာဆီယံပဋိညာဉ်က အာဆီယံကို ခိုင်မာစေဖို့နဲ့ ပိုပြီးစည်းလုံးညီညွတ်မှုရှိစေဖို့ ဆောင်ကြဉ်းပေးနိုင် ပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စည်းလုံးချစ်ကြည်တဲ့ ဆက်ဆံရေးကို ထိန်းကျောင်းပေးနိုင်မယ့် ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ တည်ထောင်ထားပါတယ်။

မတူညီကွဲပြားမှုကနေ စည်းလုံးညီညွတ်မှု စိတ်ဓာတ်နဲ့ အာဆီယံ ရဲ့ အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်တွေကို ပုံဖော်ရာမှာ အာဆီယံပဋိညာဉ်၊ ကြေညာချက်တွေ၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေနဲ့ အာဆီယံရဲ့ အခြား သော သဘောတူညီချက်တွေက ထိရောက်တဲ့ ယန္တရားတွေအဖြစ်နဲ့ လည်ပတ်ပါတယ်။

ဒါ့အပြင် ဘာလီကွန်ကော့(၂) မှာလည်း အာဆီယံအနေနဲ့ ဘုံတန်ဖိုးထားမှုရှိစေရေး၊ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ကိစ္စ၊ ရေကြောင်းဆိုင်ရာလုံခြုံမှု၊ ကာကွယ်ရေး စတဲ့ ဘုံကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မျှဝေစေရေး၊ လူမှု-နိုင်ငံရေး ဆိုင်ရာတန်ဖိုးနဲ့ စံနှုန်းတွေ ဖော်ထုတ်ရေး စတဲ့အချက်တွေကိုဖော်ပြ ထားပါတယ်။

အာဆီယံရဲ့ မျှတတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် အာဆီယံ ကနဦးပေါင်းစည်းရေး အစီအစဉ် အောက်ကနေ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေအတွက် နည်းပညာ အကူအညီပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးနယ်ပယ်မှာ အာဆီယံရဲ့ ညီညွတ်တဲ့ ပေါင်းစည်းမှုရဲ့ရလဒ်အနေနဲ့ တရုတ်၊ ဟောင်ကောင် (တရုတ်)၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ လွတ်လပ် တဲ့ ကုန်သွယ်မှုဒေသတွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး လွတ်လပ်‌‌သော ကုန်သွယ်မှုသဘောတူ စာချုပ်တစ်ခုဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက် မှု သဘောတူစာချုပ်ကို အာဆီယံနဲ့ ၎င်း၏ လွတ်လပ်သော ကုန်သွယ် ဖက်နိုင်ငံတွေအကြား လက်မှတ်ရေးထိုးပြီးဖြစ်လို့ အသက်ဝင်နေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅၅ နှစ်ကျော်က ပေါင်းစည်းခဲ့တဲ့ အာဆီယံဟာ ဒီနေ့ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ အဓိကအင်အားကြီးအုပ်စုတစ်ခုအနေနဲ့ အရှိန်အဟုန်နဲ့ ချီတက်နေနိုင်တာဟာ ၁၀ နိုင်ငံအကြား မတူကွဲပြားမှု တွေကို အင်အားတစ်ရပ်အဖြစ် အောင်မြင်စွာ ပေါင်းစည်းဆောင်ရွက် နိုင်ခဲ့တဲ့ ထင်ရှားတဲ့ သက်သေသာဓကပဲဖြစ်ပါတယ်။

 

မေး။     အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ မှာ ၂၀၂၅ ခုနှစ် တွင် ပြည့်မြောက်တော့မည်ဖြစ်ရာ အာဆီယံအနေနဲ့ ဘယ်လို မျှော်မှန်းချက်နဲ့ ရည်မှန်းချက်အသစ်တွေကို အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန်ကာလတွေအတွက် ရေးဆွဲသင့်ပါသလဲ။

 

ဖြေ။     ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေက အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်နှင့် စာတမ်းများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ဟနွိုင်းကြေညာစာတမ်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲတဲ့အခါ ပြီးပြည့်စုံတဲ့၊ လက်တွေ့ကျတဲ့၊ ဟန်ချက်ညီတဲ့၊ အားလုံးပါဝင်တဲ့၊ ပေါင်းစည်းညီညွတ်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဖြစ်စေရေးကို နိုင်ငံ့ ခေါင်းဆောင်တွေက သဘောတူထားပါတယ်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ကို ရေးဆွဲဖို့ အတွက် အာဆီယံ ၁၀ နိုင်ငံက Eminent Person ၁၀ ဦးနဲ့ အဆင့်မြင့်ကိုယ်စားလှယ် ၁၀ ဦးပါဝင်တဲ့ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (High-Level Task Force on the ASEAN Community’s Post2025 Vision-HLTF-ACV) ကိုလည်း ၂၀၂၁ ခုနှစ်ကတည်းက ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ယနေ့ကာလအထိ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ အစည်း အဝေးကို နှစ်ကြိမ် ကျင်းပပြီးခဲ့ပြီး မျှော်မှန်းချက်မှာ ထည့်သွင်းမယ့် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးလျက်ရှိပါတယ်။ အဆင့်မြင့်လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးတွေကို ယခုနှစ်အတွင်း ဆက်လက်ကျင်းပဖို့ရှိပြီး ၂၀၂၅ အလွန် မျှော်မှန်းချက်မှာ ထည့်သွင်း မယ့်အကြောင်းအရာတွေအပေါ် နိုင်ငံ့ခေါင်းဆောင်တွေကို တင်ပြနိုင် ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားကြမှာ ဖြစ်ပါတယ်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်မှာ ကမ္ဘာ့ ပထဝီနိုင်ငံရေးဆိုင်ရာ အပြောင်းအလဲဖြစ်စဉ်တွေကနေ အာဆီယံရဲ့ တည်ငြိမ်ရေးနဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေအပေါ် သက်ရောက် လာနိုင်တဲ့ကိစ္စတွေ၊ ကမ္ဘာ့ကုန်သွယ်မှုမှာ ကိုယ်ကျိုးစီးပွားကာကွယ်မှု တွေ တိုးမြှင့်ကျင့်သုံးတဲ့ ကိစ္စတွေအပြင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ စွမ်းအင်ဆိုင်ရာ အကျပ်အတည်း၊ ရာသီဥတုပြောင်းလဲမှု၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ အနာဂတ်မှာ ထပ်မံဖြစ်လာနိုင်တဲ့ ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးကိစ္စ စတဲ့ပေါ်ထွန်းဆဲ (Emerging Issues) ကိစ္စရပ်တွေနဲ့ ဆက်နွှယ်ပတ်သက်တဲ့အကြောင်း အရာတွေကို ပူးပေါင်းဖြေရှင်းဆောင်ရွက်မယ့် အစီအမံတွေ ထည့်သွင်း သွားနိုင်ဖို့လိုပါတယ်။ ဒါ့အပြင် အာဆီယံရဲ့‌ ပေါင်းစည်းရေးဟာ ပိုမို ပွင့်လင်းပြီး အားလုံးပါဝင်ရမယ့်အပြင် အာဆီယံပဋိညာဉ်အပါအဝင် သဘောတူလက်ခံထားတဲ့ စည်းမျဉ်းတွေကို အခြေခံပြီး စုစည်း တည်ထောင်ထားတဲ့ ဒေသတစ်ခုဖြစ်လာစေဖို့ မျှော်မှန်းရပါမယ်။ ဒါ့အပြင် အာဆီယံဗဟိုပြုတဲ့ ပြင်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေး ကို ပိုမိုတိုးတက်စေရေး၊ ဂျီအမ်အက်စ်အပါအဝင် ဒေသခွဲတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို အပြန်အလှန် အကျိုးပြုစေရေး စတဲ့ကိစ္စရပ်တွေကိုလည်း ၂၀၂၅ အလွန် မျှော်မှန်းချက်မှာ ထည့်သွင်းသွားနိုင်ဖို့ လိုအပ်ပါတယ်။