မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံမူ၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံရည်မှန်းချက်၊အာဆီယံ ပဋိညာဉ်စာတမ်းများနှင့်အညီ လိုက်နာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကိုစတင် ထူထောင်ခဲ့သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် ပြည်သူများသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

 

အာဆီယံသည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ ထိတွေ့ဆက်ဆံလိုသောနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးလိုသောနိုင်ငံများ ပိုမိုများပြားလာခြင်းသည် အာဆီယံ၏ စံတန်ဖိုးများကို နိုင်ငံတကာမှ ပိုမိုလက်ခံအသိအမှတ်ပြုလာခြင်းသဘော ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။ ယနေ့အချိန်အခါတွင် အာဆီယံသည် အောင်မြင်သော ဒေသတွင်းပေါင်းစည်းမှု ပုံစံတစ်ခုဖြစ်လာပြီး ကမ္ဘာ့ရေးရာကိစ္စများ၌ အရေးပါသည့် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

 

အာဆီယံကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပြီး ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူဆောင်ရွက်ရာ၌ “စိန်ခေါ်မှုများကို စုစည်းညီညွတ်စွာဖြေရှင်းကြပါစို့” ဆောင်ပုဒ်ကို ရွေးချယ်ခြင်းသည် လျော်ကန်သင့်မြတ်လှပြီး အာဆီယံ၏ “စုစည်း ညီညွတ်မှု” စိတ်ဓာတ်ဖြင့် လိုက်လျောညီထွေရှိကာ ငြိမ်းချမ်းသာယာဝပြောသည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ထူထောင်နိုင်မည်ဟု ယုံကြည်ပါသည်။

 

“အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေး အားပြိုင်မှုတို့မှတစ်ဆင့် ပေါ်ပေါက်လာသည့် ဖိအားများနှင့် လွှမ်းမိုးမှုများကို စုစည်း ညီညွတ်စွာ ကြံ့ကြံ့ခံနိုင်စွမ်းရှိရမည်ဖြစ်ပြီး အာဆီယံ၏ ဦးဆောင်မှုအောက်ရှိယန္တရား များမှတစ်ဆင့် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော စည်းမျဉ်းအခြေခံပြုသည့် ဒေသဆိုင်ရာ ဗိသုကာပုံစံတစ်ရပ်ကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်ပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

 

မျက်မှောက်ကာလ၌ ကမ္ဘာပေါ်တွင် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့်ကာလအတွင်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံတန်ဖိုးများ၊ အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏သဘောထား အမြင်တို့အပေါ်အခြေခံပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံး  ညီညွတ်မှုကို ခိုင်မာစွာကိုင်စွဲထားရန် အရေးကြီးပါသည်။အာဆီယံ၏ အခြေခံမူများကို မြှင့်တင်ခြင်းဖြင့် အာဆီယံ ဦးဆောင်မှုအောက်ရှိ ယန္တရားများနှင့် အာဆီယံကိုဗဟိုပြုသည့် ဒေသဆိုင်ရာဗိသုကာပုံစံကို ပိုမိုခိုင်မာ အားကောင်းစေမည် ဖြစ်သည့်အပြင် အရှေ့တောင်အာရှဒေသ၊ အာရှ- ပစိဖိတ်ဒေသနှင့် အင်ဒို - ပစိဖိတ် ဒေသရှိ ပြည်သူများအတွက်လည်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ချမ်းသာကြွယ်ဝမှုတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ် ဆိုင်ရာ အာဆီယံသဘောထား အမြင်တို့တွင် ပါရှိသည့် အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ ဒေသတွင်းရှိ ပြည်သူ များအားလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေး ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်သွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ကိုင်စွဲထားသော မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံမှ ချမှတ်ထားသည့်အချက် များကို လေးစားလိုက်နာပြီး ဒေသတွင်းနှင့် ဒေသပြင်ပ တည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝချမ်းသာရေးအတွက် အာဆီယံအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းများတွင် အပြု သဘောဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။        ။

 

ကြေးမုံ