နေပြည်တော် ၇ ဖေဖော်ဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာမှ မည်သို့တုံ့ပြန် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ငွေစက္ကူအတုပြုလုပ်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း/ တင်ပို့ခြင်း၊ အတုမှန်းသိလျက် အသုံးြ့ပုခြင်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး သယ်ဆောင်ခြင်း/ အသုံးပြုခြင်းကို အတုမှန်းမသိကြောင်း ခိုင်မာသော အထောက်အထားရှိပါက ယခုအချိန်တွင် အရေးယူအပြစ်ပေးခြင်း မရှိပါကြောင်း၊ ပြည်ပမှ ငွေစက္ကူအတုများ တင်သွင်းမှု မရှိနိုင်ရေးအတွက် နိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တားဆီးမည့် အစီအမံနှင့် စီမံချက်များရေးဆွဲ၍ ဖော်ထုတ်ဖမ်းဆီးလျက် ရှိပါကြောင်းနှင့် ပြည်ပမှ ငွေစက္ကူအတုများ ပြုလုပ်မှု စစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက လူမွဲခံယူခြင်းဆိုသည့် စကားရပ်သည် ရှင်းလင်းပြတ်သားသည့် စကားရပ်ဖြစ်သည်မှာ ထင်ရှားပေါ်လွင်နေပြီး မြီစားပြန်လည်ထူထောင်ရေး ဆိုသည့် စကားရပ်သည် မရှင်းလင်း မပြတ်မသားဖြစ်ကာ စိတ်ရှုပ်ထွေးစရာ ကောင်းသည့် စကားရပ်မျိုး ဖြစ်သည်ကို လူတိုင်းထင်ရှား လွယ်ကူစွာ သိရှိနိုင်ပါကြောင်း၊ ထို့ပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ အနှစ်သာရကိုလည်း နားမလည်နိ်ုင်လောက်အောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ပေါ်ပေါက်သွားစေနိုင်ပါကြောင်း၊ ထို့ကြောင့် အများပြည်သူ လျစ်လျူရှုခြင်းများ ဖြစ်လာနိုင်ပြီး တရားဥပဒေစိုးမိုးမှုကိုပါ ထိခိုက်လာနိုင်သည့် စကားရပ်မျိုး ဖြစ်သည်ဟု ထင်မြင်မိသည့်အတွက် အဆိုပါ မြီစားပြန်လည်ထူထောင်ရေး ဆိုသည့် စကားရပ်ကို မသုံးသင့်သည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) တို့က ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းက ယခုအချိန်သည် မိမိတို့၏ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်နေပြီဖြစ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်ကြီးသုံးခုရှိရာတွင် တစ်ဖက်နှင့် တစ်ဖက် Check and Balance ဖြစ်စေရန် ထိန်းညှိ၍ သွားနေပြီဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသူများ ဖြစ်သည့်အတွက် ဥပဒေပြုရေး မဏ္ဍိုင်ကို ကိုယ်စားပြု၍ ပြည်သူများ၏ ဆန္ဒနှင့်အညီ မှန်ကန်မျှတ ဖြောင့်မတ်သည့် တရားစီရင်ရေးဖြစ်ရန်နှင့် တိမ်းစောင်းနေသည့် တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်စေလိုသည့်အတွက် အဆိုရှင်က တင်သွင်းလာခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ တရားသူကြီးများအနေဖြင့် ပြည်သူများ၏ အခွန်ဘဏ္ဍာငွေကို စားနေသည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်နေသည့်အတွက် ပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒကို ဆောင်ရွက်ပေးရန် သင့်ပါကြောင်း၊ ထို့ကြောင့် အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးက ဒီမိုကရေစီ နိုင်ငံတစ်ခု၏ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော တရားရေးမဏ္ဍိုင်တစ်ခု ပေါ်ထွက်လာရန်၊ တရားစီရင်ရေးအပေါ် ပြည်သူများ ယုံကြည်လေးစားမှု ပိုမိုရရှိလာရန်အတွက် တရားသူကြီးများသည် အမှုတစ်ခုအား စတင်စစ်ဆေးပြီးချိန် သို့မဟုတ် စစ်ဆေးပြီးသည့်အခါတွင် အမှုတစ်ခုအပေါ်တွင် စီရင်ချက်၊ ဆုံးဖြတ်ချက်ချမည့် အချိန်မျိုး၌ တရားသူကြီးများကိုယ်တိုင် ကျမ်းသစ္စာကို လေးလေးနက်နက်ကျိန်ဆို၍ မိမိ၏ အမှုသည်များအပေါ်တွင် မှန်ကန်စွာ ဆုံးဖြတ်ကြောင်းကို သက်သေပြသင့်ပါကြောင်း၊ ထို့ကြောင့် အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်