မုံရွာ  ၇ ဖေဖော်ဝါရီ 


ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း(၉၀)ဦး တက်ရောက် ကြသည်။

                                        
ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေး တက်ရောက်မှု အခြေအနေအား လွှတ်တော်၏ အတည်ပြု ချက်ရယူကြသည်။    

                                    
ယင်းနောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးက ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်း(၁၁)ခုကို မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး “ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ အစီရင်ခံစာ (၂)ခု ”အား လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။


ကောလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း ၏  “မြေဂရန်အသစ်ပြုလုပ်လျှင် နိုင်ငံတော်သို့ပေးရန်သတ်မှတ်ထားသော အခွန်နှုန်းထားနှင့် အိမ်ဂရန် သက်တမ်း တိုး ပြုလုပ်ရာတွင် နိုင်ငံတော်သို့ပေးသွင်းရန်သတ်မှတ်ထားသော အခွန်နှုန်းထားကို သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က ရှင်းလင်း ဖြေကြားခဲ့သည်။ 

နန်းယွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် ၏ “နန်းယွန်းမြို့နယ်အတွင်း ကျေးရွာများမှ ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်ထားသော (၃)ပေ အကျယ်ရှိ ကဲဆန်နုတ်ညို-ဟရှိတ်နုတ်ညို-ဝပ်ကလာငွေမှ ကြူယန်းနုတ်ညိုကျေးရွာအထိ ခန့်မှန်း(၃၇)မိုင်လမ်းပိုင်းအား မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍     တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က ရှင်းလင်းဖြေကြားခဲ့သည်။ 


ကလေးဝမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ကျော် ၏ “ ကလေးဝမြို့နယ်အတွင်း သလ္လာရတနာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မစိန်-နန်းကလက်လမ်းပိုင်း(၅)မိုင်ကို ကျောက်ချောခင်းခြင်းလုပ်ငန်းအနက် (၂)မိုင် (၃)ဖာလုံသာ ဆောင်ရွက်ထား ပါသဖြင့် ကျန်ရှိသော လုပ်ငန်းများကို မည်သည့် အချိန်ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က ရှင်းလင်း ဖြေကြားခဲ့သည်။ 


ချောင်းဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၏ “မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ မြို့ပြနှင့်ကျေးရွာများ၊ လယ်ယာမြေများ ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် ချင်းတွင်းတာတမံအမှတ် ပေတိုင် (၄၄၇၂၀)ရှိ ရွှေဒါးကျရေသွင်းမြောင်းအား တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ က ရှင်းလင်း ဖြေကြားခဲ့သည်။


ခင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း ၏ “ခင်ဦးမြို့နယ် ထနှောင်းကိုင်းကျေးရွာအုပ်စုရှိ တပ်မှပြန်လည်စွန့်လွှတ်ထားသည့် ရွှေမင်းဝံစိုက်ကွင်း မြေ(၅၁၅၉ ဒဿမ ၇၈)ဧကအနက် (၄၁၇၅ ဒဿမ ၃၂)ဧကကို တောင်သူ(၂၈၂)ဦးထံ ပုံစံ(၇) ထုတ်ပေးထားသော်လည်း ယနေ့အထိ စိုက်ပျိုးလုပ်ကိုင်ခွင့်မရဘဲ သီးစားချထားသော ပုဂ္ဂိုလ်များသာ ခံစားခွင့်ရနေသဖြင့် မူလပိုင်ဆိုင်သူများလက်ဝယ်သို့ ပြန်လည်ရောက်ရှိရေး မည်သို့မည်ပုံ စိစစ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ က ရှင်းလင်း ဖြေကြားခဲ့သည်။


ခင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ ၏ “ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ရွာသာကျေးရွာနှင့် ရွာသစ်ကျေးရွာအနီး ဖြတ်သန်းစီးဆင်းလျက်ရှိသော “စိမ့်အိုင်ချောင်းတစ်လျှောက် လိုအပ်နေသောနေရာများတွင် ရေဝပ်-ရေသိုလှောင်နိုင်ရန်အတွက် ၎င်းနေရာများအား ခုတ်ထွင်ပေးနိုင်ပါရန်နှင့် ပိတ်ဆို့နေသော နွယ်၊ မြက်၊ သစ်ပင်များကို ရှင်းလင်းပေးရန်” အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ က ရှင်းလင်း ဖြေကြားခဲ့သည်။


ကန့်ဘလူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်း ၏ “လယ်ယာစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအရေးပါသော ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ပင်ကြီးအုပ်စု၊ အင်ဖက်တောကျေးရွာ၏ အရှေ့ဘက် တင်းတပ်ဆည်မှ OMC လက်ဝဲတူးမြောင်းကူး ကွန်ကရစ်ခံ သစ်သားတံတားအား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ က ရှင်းလင်း ဖြေကြားခဲ့သည်။


ချောင်းဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ “ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး ကားလမ်းပပေါ်ရှိ ငါးယှန်ရေကျော်အား တံတားတစ်စင်း (သို့မဟုတ်) ပေးမည်ကို Box Culvert ဆောက်လုပ်ပေးရန် လိုအပ်သည့်အတွက် အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း  ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား)တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က  ရှင်းလင်းဖြေကြားခဲ့သည်။


မင်းကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်း ၏  “မင်းကင်း-လာဘို့-ယာကြီး-မုံရွာ ကားလမ်းပေါ်ရှိ ကူလဲချောင်းကွန်ကရစ် ရေကျော်တံတား ပျက်စီးနေမှုများကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိရှိလိုပါကြောင်း ”မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား)တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က  ရှင်းလင်းဖြေကြားခဲ့သည်။


ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင် ၏ “ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာအုပ်စု၊ မာလုံကျေးရွာ၊ နမ့်မာလုံချောင်းကူး ကွန်ကရစ်တံတား (၈၀'×၁၈') တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း ” မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား)တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က  ရှင်းလင်းဖြေကြားခဲ့သည်။


ကနီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေး ၏ “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၏ ကတိအကြိမ်ကြိမ်ရရှိခဲ့သောလမ်းများ ပြန်လည်တိုးချဲ့ရေးလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွင်း မည်ကဲ့သို့ အကောင်အထည်ဖော်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍  တိုင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား) ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က  ရှင်းလင်းဖြေကြားခဲ့သည်။


ဖောင်းပြင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် ၏ “ဖောင်းမြင်မြို့နယ်ရှိ ယာဉ်ရပ်နားစခန်းသည် ဗျုဟာလမ်းဘေးတွင်ရှိသော်လည်း မြေနိမ့်ပိုင်းဖြစ်သဖြင့် မိုးရာသီမြစ်ရေကြီးပါက ရေနစ်မြုပ်ခြင်း၊ ရွံ့ဗွက်များဖြစ်ပေါ်ခြင်းတို့ကြောင့် ရာသီမရွေး ယာဉ်ရပ်နားနိုင်ရန်အတွက် မြေဖို့ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား) တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ရှင်းလင်းဖြေကြားခဲ့သည်။


ခင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ ၏ “ခင်ဦးမြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စု၊ ဝန်းကြီးကျေးရွာ၏ အနောက်ဘက်တွင်ရှိသော ကုန်ထုတ်လမ်းအား ဂျင်းကျောက်ခင်းလမ်းအဖြစ် လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ” မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း(ကိုယ်စား) တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က  ရှင်းလင်းဖြေကြားခဲ့သည်။


ယင်းနောက်  လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ မူလနည်းဥပဒေ အခန်း(၂) အပိုဒ်(၃)မှ အပိုဒ်ခွဲ(ခ)၊ (ဂ)တို့တွင် ပုံမှန်အစည်းအဝေးကို အနည်းဆုံး (၁၅)ရက်၊ အထူးအစည်းအဝေးကို အနည်းဆုံး(၇)ရက်သို့ ပြောင်းလဲပြင်ဆင်ခြင်းနှင့် မူလနည်းဥပဒေအခန်း(၅)၊ အပိုဒ်(၃၁) အပိုဒ်ခွဲ(ထ)တွင် အပိုဒ်ခွဲငယ်(၃) E-Voting စနစ်ဖြင့် ဆန္ဒမဲပေးသည့် နည်းလမ်းဟူသော အပိုဒ်ခွဲငယ်တစ်ခု ထပ်မံဖြည့်စွက်ခြင်းကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။


ဆက်လက်ပြီး ''ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ စစ်ကိုင်းခရိုင်အတွင်း ကွင်းဆင်းစိစစ်မှုတင်ပြချက် အစီရင်ခံစာ"ကို ကော်မတီ အဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်နိုင်အေးမှ လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ  လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာသည်။


 ထို့နောက် ''ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု  အစီရင်ခံစာ''အား ကော်မတီအဖွဲ့ဝင် မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဦးလှိုင်မြင့်က လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် (သောကြာနေ့) (၁၆:ဝ၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့်  အစည်းအဝေး ပဉ္စမနေ့ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းကိုကို(ယင်းမာပင်)