ငပုတော ၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်မသစ်တောကြိုးဝိုင်းအတွင်း ဆင်သတ်မုဆိုးများ၏ လက်ချက်ကြောင့် ဝဲဘက်ကျောခြမ်း အရေခွံခွာထားရပြီး နှာမောင်းနှင့် နားရွက်တို့ဖြတ်ခံထားရသည့် သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။
ပျော့ကုန်းကျေးရွာနေ စောဘွဲ့စေး၏ သတင်းပေးပို့ချက်အရ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ထွန်းထွန်းဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ကမ်းနီဘိနယ် တာဝန်ခံ တောအုပ်ကြီး ဦးဝင်းဌေး၊ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းနှင့် အရေးပေါ်ဆင်ကိစ္စ ဆောင်ရွက်မှုအဖွဲ့မှ ဒုတိယတိရစ္ဆာန်ဆေးကုမှူး ဦးလင်းလင်းထွန်းနှင့် အခြားပူးပေါင်းပါဝင်သော အဖွဲ့ဝင် များသည် ပုသိမ်-မော်တင်ကားလမ်း၊ ဆင်မသစ်တောကြိုးဝိုင်း အကွက်အမှတ် (၇၄) ဒေသအခေါ် ရှားဖြူတောင်အတွင်းတွင် တောဆင်ရိုင်း သေဆုံးသည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါဆင်မှာ အရပ် ၆ ပေ ၆ လက်မရှိပြီး အသက် ၈ နှစ်ခန့်ရှိသော ဆင်ထီး တစ်ကောင်ဖြစ်ပြီး လွန်ခဲ့သော ၃ ရက်ခန့်ကပင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတောဆင်ရိုင်းသေဆုံးမှုကြောင့် ငပုတောမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဝင်းဌေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ငရုတ်ကောင်းနယ်မြေရဲစခန်းမှ အမှုရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)