မြစ်ကြီးနား ၇ ဖေဖော်ဝါရီ
မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ဂေါက်ကွင်းလမ်းတွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က ဓာတ်ဆီဘောက်ဆာ ကားပေါ်မှ အခြားကားပေါ်သို့ ဓာတ်ဆီများ ရွှေ့ပြောင်းသယ်ယူစဉ် ဆီဂေါက်နှင့် ဆီပေပါ ထိခတ်ရာမှ မီးပွားထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ Nissan (အဖြူရောင်) ဂါလန် ၈၀ဝ၀ ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်မှ ဒေါင်ဖန်းယာဉ်ပေါ်တွင် တင်ထားသော ဆီပီပါများအတွင်း ဟွန်ဒါစက်ဖြင့် 92 ဓာတ်ဆီများ ရွှေ့ပြောင်းယူဆောင်စဉ် ဆီဂေါက်နှင့် ဆီပေပါ ထိခတ်ရာမှ မီးပွင့်ထွက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကို သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၂)စီး၊ စည်ပင်သာယာရေး ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ ဒေါင်ဖန်းယာဉ်ပေါ်မှ ဆီပီပါ (၇)လုံးအပါအဝင် ကားတာယာ၊ ခေါင်းခန်းနှင့် ဟွန်ဒါမီးစက် အပါအဝင် ၎င်းယာဉ်ဘေးတွင် ကပ်လျက်ရပ်ထားသော ဒေါင်ဖန်းနောက်တစ်စီးနှင့် Ringer အမျိုးအစားမော်တော်ယာဉ် တစ်စီးကိုပါ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် ယင်းသို့ ဆီသယ်ယူသည့် လုပ်ငန်းများ လုပ်ဆောင်သူအား မြစ်ကြီးနားအမှတ် (၂) နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)
