ဗိဿနိုးမြို့ဟောင်းမှ အနုပညာလက်ရာမြောက် ပျူအရိုးအိုးများ

 

မြန်စာမြေ သိန်းလွင်

 

(ယမန်နေ့မှအဆက်)

 

တစ်ခေတ်တည်း ပေါ်ထွန်းခဲ့

 

ကုန်းအမှတ်- ၃၃ (BTO-33) တူးဖော်မှုတွင် အဆောက်အဦ၏ အရှေ့မြောက်ဘက်မှ နံရံကပ်လျက် ဟင်္သာငှက်ရုပ်ငယ်လေးများ အပေါ်သို့ မျှော်နေဟန် အရိုးအိုးငယ်တစ်လုံးနှင့် အခြားအရိုးအိုး နှစ်အိုး၊ ဆီမီးခွက် နှစ်ခုခန့်ကို တွေ့ရှိရပါသည်။ ထို့ပြင်အဆောက်အဦ၏ အလယ်နေရာမှ အတာအိုးငယ်ပုံသဏ္ဌာန် အိုး၏ပတ်လည်တွင် ငှက်ရုပ် အဖို၊ အမ၊ ငါးနှစ်ကောင်ရုပ်၊ ခရုသင်းနှင့် သမင်နှစ်ကောင်အနက် တစ်ကောင်မှာအနောက်ဘက်သို့ လည်ပြန်ကြည့်နေဟန် အရုပ်များကို လေးထောင့်ဘောင်အတွင်း ထည့်သွင်း၍ထားသကဲ့သို့ တံဆိပ်ရိုက်နှိပ်ကာ သရုပ်ဖော်ထားသည့် (Stamped ware) အိုးအကောင်းပကတိအတိုင်း ထူးထူးခြားခြား တူးဖော်တွေ့ရရှိခဲ့ပါသည်။ ထိုအိုးတွင်ပါသော အိုးခြမ်းကွဲများကို ယခင် (၁၉၅၉-၆၂ခုနှစ်) တူးဖော်မှု ကုန်းအမှတ်-၃ (KKG-3) နှင့် ၅ (KKG-5) တို့တွင် အိုးခြမ်းကွဲများအဖြစ် တွေ့ရှိခဲ့ရပြီး ယခုတူးဖော်မှုတွင် အိုးကိုအကောင်းပကတိ အပြည့်အစုံ တွေ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် ယခုကုန်း အမှတ် - ၃၃ (BTO-33) သည် ယခင်ကာလ တူးဖော်မှု ကုန်းအမှတ်-၃ (KKG-3) စေတီကြီးနှင့် လည်းကောင်း၊ ကုန်းအမှတ်-၅ (KKG-5) နန်းတော်ရာကုန်း အဆောက်အဦနှင့် လည်းကောင်း တစ်ခေတ်တည်း ပေါ်ထွန်းခဲ့ကြောင်းကို ယခုတူးဖော်မှုမှ ရရှိသော အိုးနှင့် အိုးခြမ်းကွဲများက သက်သေပြနေပါသည်။

 

ကုန်းအမှတ်-၃၄ တူးဖော်မှု

 

ကုန်းအမှတ်-၃၄ (BTO-34) သည် အိုးထိန်းတောင်၏အနောက်ဘက် ကိုက် ၃၀ဝ ခန့် အကွာတွင် တည်ရှိသည်။ ကုန်းအမှတ်-၁၃ (KKG-13) မြို့ဝင်ပေါက်မှ ကိုက် ၁၀ဝ ခန့်အကွာတွင် တည်ရှိသည်။ မတူးဖော်မီ ကုန်းကြီးမှာ တောင်မြောက် အလျားပေ ၇၀၊ အနံပေ ၆၀ နှင့် မြေပြင်မှ လေးပေခန့် မြင့်မားသည်ကို တွေ့ရှိရသည်။

 

တူးဖော်မှုအရ ပေါ်ထွက်လာသော အဆောက်အဦကြီးမှာ တောင်နှင့်မြောက် အလျား ၅၈ ပေ၊ အရှေ့အနောက် အလျား ၄၅ ပေနှင့် ထုငါးပေရှိသော စတုဂံပုံခန်းမကြီးတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ အနောက်ဘက်တွင် ဝင်ပေါက်ရှိပြီး အရှေ့ဘက်တွင် အလျားကိုးပေ၊ အနံ ရှစ်ပေနှင့် အုတ်လွှာရှစ်လွှာနှင့် အမြင့်နှစ်ပေခွဲရှိသော ပလ္လင်ခုံတစ်ခုကို တွေ့ရှိရသည်။ အတွင်းနံရံများ လေးဖက်လုံးတွင် အမိုးကို ထောက်ပင့်ရန် တိုင်ကျင်းရာများကို တွေ့ရှိရသည်။

 

ကုန်းအမှတ်-၃၄ (BTO-34) တူးဖော်ရာတွင် မြေဆီမီးခွက်များ၊ မြေပုတီးစေ့၊ မြေအရိုးအိုး အရွယ်အစားအမျိုးမျိုး၊ ဆေးတံငယ်တစ်ခု၊ ရေသယ်အိုး စသည်တို့ကို တွေ့ရှိရသည်။ မြေပုတီး နှစ်လုံးမှာ အရိုးအိုးအတွင်းမှ ရရှိခြင်းဖြစ်သည်။ အရိုးအိုးများမှာ ခြောက်လက်မမှ ရှစ်လက်မအရွယ် အရိုးအိုးငယ်များကို အကောင်းပကတိအတိုင်း ရရှိသည်။ အရိုးအိုးကြီးများမှာ အများအားဖြင့် ကွဲကြေလျက်သာ တွေ့ရှိရသည်။ အရိုးအိုးတစ်ခု၏ ပခုံးနေရာတွင် ငှက်ရုပ် (ခိုငှက်) တစ်ခု၊ စကြာပန်းပွင့်တစ်ခုစသည်ဖြင့် အလှည့်ကျ ရုပ်ကြွပြုလုပ်တပ်ဆင်ထားသည်ကို လှပစွာတွေ့ရှိရသည်။ တွေ့ရှိရသော ပစ္စည်းများအရ ထိုအဆောက်အဦမှာ ဘာသာရေးဆိုင်ရာအဆောက် အဦတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 

ထူးခြားသော တူးဖော်တွေ့ရှိမှုများ

 

ဗိဿနိုးမြို့ဟောင်းတွင်၂၀ဝ၃ ခုနှစ်အတွင်း၌ ရှေးဟောင်းကုန်းပေါင်း ၁၀ ကုန်းနှင့် ၂၀ဝ၉ ခုနှစ်တွင်မူ ရှေးဟောင်းကုန်းပေါင်း ငါးကုန်းတိတိကို တူးဖော်သုတေသနပြုခြင်းနှင့် တူးဖော်ခဲ့ရာတွင် ဖော်ပြပါ မြို့ပြအဆောက်အဦများ၏ ထူးခြားသော ဖွဲ့စည်းမှုအသစ်များသာမက ကြေးဗုဒ္ဓဆင်းတုတော်၊ ကြေးခေါင်းလောင်းစသော ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကပစ္စည်းများကို ထူးထူးခြားခြား တွေ့ရှိခဲ့ရသည်။ ထိုသို့ထူးခြားသော တူးဖော်တွေ့ရှိမှုများက ဗိဿနိုးမြို့ဟောင်းနှင့် ပတ်သက်သော သမိုင်းရှုထောင့်အချို့ကို ပြောင်းလဲစေခဲ့ပါသည်။

 

ဗိဿနိုးမြို့ဟောင်းတူးဖော်မှုတွင် တူးဖော်မှုကုန်းတိုင်း၌ မြေဆီမီးခွက်များကို အကောင်းပကတိအတိုင်း လည်းကောင်း၊ အိုးခြမ်းကွဲများအဖြစ် လည်းကောင်း အမြောက်အမြားတွေ့ရှိရပါသည်။ မြေဆီမီးခွက်များကိုအများအပြား တူးဖော်တွေ့ရှိရသော ရှေးဟောင်းကုန်းများမှ ထွက်ပေါ်လာသော အဆောက်အဦများသည် ဘာသာရေးဆိုင်ရာ အဆောက်အဦများဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 

တူးဖော်တွေ့ရှိရသော အိုးခြမ်းကွဲများ၏ ပုံသဏ္ဌာန်များကို လေ့လာခြင်းအားဖြင့် ဆီမီးခွက်များ၊ အရိုးအိုးများ၊ ရေတည်အိုးကြီးများနှင့် ချက်ပြုတ်အိုးများကို တွေ့ရှိခဲ့ရပါသည်။ အရိုးအိုးများသည် ခြောက်လက်မအရွယ်ခန့်မှ လက်မ ၃၀ ခန့်အထိမြင့်သော အရိုးအိုးများအဖြစ်တွေ့ရှိရသည်။ အနို့တံပါသောအရိုးအိုး (Spouted Pottery) အကောင်းတစ်လုံးနှင့် အကွဲတစ်လုံးကို ကုန်း အမှတ်-၃၂ (BTO-32) တူးဖော်မှု မှ တူးဖော်တွေ့ရှိ ရသည်။ ထို့ပြင် ငှက်ရုပ်ပုံများ၊ စက်ဝိုင်းပုံများ၊ မြားပုံစံများ၊ ကြာပွင့်ပုံစံများ၊ ဗိန္ဓုပြောက်များဖြင့် တန်ဆာဆင်ထားသော အရိုးအိုးများ၏ အိုးခြမ်းကွဲများကို အမြောက်အမြား တွေ့ရှိရသည်။

 

ပန်းချီပညာတွင်လည်း ကျွမ်းကျင်တတ်မြောက်

 

အထူးခြားဆုံးမှာ ကုန်းအမှတ်-၃၂ (BTO-32)မှ တူးဖော်ရရှိသော အိုးခြမ်းကွဲတွင် အိုးသားအနီရောင်ပေါ်၌ အနက်ရောင်ဆေးသားဖြင့် ကနုတ်ပန်းများ၊ ထောင်လိုက်ရေးဆွဲထားသော နယ်ခြားမျဉ်းများ စသည်ဖြင့်ပါရှိသော ဆေးရေးခြယ်ထား သောအိုး (Painted Pottery) တစ်လုံးကို တွေ့ရှိ ရပါသည်။ ရေးဆွဲထားသောပုံတို့မှာ သဘာဝကို တိုက်ရိုက်ပုံတူကူးယူ ရေးဆွဲခြင်းမဟုတ်ဘဲ မိမိတို့ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရေးဆွဲထားသော ပုံသဏ္ဌာန် များ (Patterns) ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် အိုးသားပေါ်၌ အဝါရောင်၊ မြေနီရောင် ခြယ်ထားသည့် အိုးခြမ်းကွဲအချို့ကို တွေ့ရှိရသော်လည်း ပုံသဏ္ဌာန်မထင်ရှားချေ။ ဆေးရေးခြယ်ထား သောအိုး (Painted Pottery) မှာ ပျူမြို့ဟောင်း တူးဖော်မှုများတွင် ပထမဆုံး တွေ့ရှိရသောအိုး ဖြစ်ပါသည်။ ထိုအိုးကို တွေ့ရှိရခြင်းဖြင့် ပျူလူမျိုးတို့သည် ပန်းချီပညာတွင်လည်း ကျွမ်းကျင်တတ်မြောက် ကြကြောင်း၊ အချိုးအစား ကျနစွာရေးဆွဲတတ်ကြောင်း သိရှိနိုင်ပါသည်။

နောက်ထပ်ထူးခြားသော အိုးတစ်လုံးကိုမူ ကုန်း အမှတ်-၃၃ (BTO-33) တွင် တူးဖော်တွေ့ရှိခဲ့ပါသည်။ ထိုအိုးမှာ သင်္ကြန်အတာအိုး အရွယ်ခန့်ရှိပြီး အိုး၏ကိုယ်ထည်အပေါ်ပိုင်းတွင် လေးထောင့်ပုံ စတုရန်းကွက်အတွင်း သမင်နှစ်ကောင်ရုပ်၊ ငါး နှစ်ကောင်ရုပ်၊ ခရုသင်းရုပ်၊ ငှက်ဖိုငှက်မရုပ် စသည့် ရုပ်ပုံများကို တံဆိပ်တုံး (Stamp) ဖြင့် တံဆိပ် ရိုက်နှိပ်၍ ပုံဖော်ထားသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ တံဆိပ်များပါသော အိုးခြမ်းကွဲများကို ယခင်တူးဖော်မှုများမှ တွေ့ရှိရသော်လည်း ယခုအခါ တွင် တံဆိပ်များပါသောအိုးတစ်လုံးကို အကောင်း ပကတိအတိုင်း ပထမဆုံး တူးဖော်တွေ့ရှိရခြင်း ဖြစ်ပါသည်။

 

 

mdn

 

အနုပညာဖန်တီးနိုင်မှုစွမ်းရည်

 

ပျူခေတ်အိုးများနှင့်ပတ်သက်၍ အကောင်းဆုံးသောအိုးများကို ဗိဿနိုးမြို့ဟောင်းတွင် တွေ့ရှိရကြောင်း ဆိုပါသည်။ ယခု တူးဖော်မှုတွင်လည်း ငှက်ရုပ်ပုံပါရှိသောအိုးများ၊ ကျက်သရေမင်္ဂလာ ရှိသော အမှတ်အသားများဖြစ်သည့် သမင်ရုပ်၊ ငါးရုပ်၊ ခရုသင်းရုပ်စသည်တို့ကို အိုးပေါ်တွင် တံဆိပ် ရိုက်နှိပ်သရုပ်ဖော်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အထူးခြားဆုံးအနေဖြင့် ဆေးရေးခြယ်ထားသောအိုး(Painted Pottery)ကို တူးဖော်တွေ့ရှိခြင်းဖြင့် ဗိဿနိုးမြို့ဟောင်း ပျူလူမျိုးတို့၏ ပန်းချီအနု ပညာဖန်တီးနိုင်မှုစွမ်းရည်ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။

 

ထိုအရိုးအိုးများ ဗိဿနိုးပျူတို့၏ အိုးအတတ် ပညာကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု အနုပညာ အရည်အသွေးကို ကောင်းစွာဖော်ညွှန်းလျက်ရှိပါသည်။ ဗိဿနိုးမြို့ဟောင်းရှိ ပျူလူမျိုးတို့၏ အိုးအတတ်ပညာသည် ဟန်လင်း၊ သရေခေတ္တရာနှင့် မိုင်းမောဒေသရှိ ပျူလူမျိုးတို့၏ အိုးအတတ်ပညာ ထက်သာကြောင်း နှိုင်းယှဉ်တွေ့ရှိရပါသည်။

 

ထို့ကြောင့် ၂၀ဝ၃ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ် ဗိဿနိုး မြို့ဟောင်းတူးဖော်မှုမှ ပေါ်ထွက်လာသော အဆောက်အဦများ၊ စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ မြေမီးဖုတ် ကနုတ်ပန်း၊ မြေအရိုးအိုးများနှင့် သာသနိကပစ္စည်း များသည် ဗိဿနိုးမြို့ဟောင်းမှ ပျူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို တစ်စိတ်တစ်ဒေသအားဖြင့်ထပ်မံ ဖြည့်စွက်နိုင်ခဲ့ပါသည်။

 

ဗိဿနိုးမြို့ဟောင်းအိုးထိန်းတောင်မှ တူးဖော်တွေ့ရှိရသော ငှက်ရုပ်ကလေးများပါရှိသည့် မြေအရိုးအိုး တစ်လုံးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မင်းဘူးဒေသ၊ မယ်ဘေကုန်းအရပ်မှ တူးဖော်တွေ့ရှိခဲ့ရဖူးပါသည်။ ထို့ကြောင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ပျူလူမျိုးများသည် ဗိဿနိုး မြို့ဟောင်းမှ ပျူလူမျိုးတို့နှင့် ယဉ်ကျေးမှုကာလ ခေတ်ပြိုင် ထွန်းကားခဲ့ကြောင်း ညွှန်ပြနေပါသည်။

 

ထို့ကြောင့်ဗိဿနိုးမြို့ဟောင်း အိုးထိန်းတောင်နှင့် အခြားရှေးဟောင်းတူးဖော်မှုကုန်းများမှ ပေါ်ထွက်လာသော ပျူအရိုးအိုးများက ပျူလူမျိုးများ၏ အိုးလုပ်ငန်းအတတ်ပညာတွင် ကျွမ်းကျင်နိုင်နင်းမှုကို လည်းကောင်း၊ ပျူလူမျိုးများ၏ တီထွင်ဖန်တီးနိုင်မှု အနုပညာအရည်အသွေးကိုလည်းကောင်း၊ ဗိဿနိုး မြို့ဟောင်းမှပျူလူမျိုးများ၏ ယဉ်ကျေးမှုအနုပညာ အဆင့်အတန်းကိုလည်းကောင်း၊ ဗိဿနိုးမြို့ဟောင်း ပျူယဉ်ကျေးမှုကာလ ခေတ်ပြိုင် ထွန်းကားရာ ဒေသများကိုလည်းကောင်း ထူးထူးခြားခြား ပေါ်လွင် ထင်ရှားစေလျက်ရှိပါသည်။ ။