ယမန်နေ့မှအဆက်

ခဏတစ်ဖြုတ်ကလေးပဲဖြစ်ဖြစ် မြင်တွေ့လိုက်ချင်တယ်။ အဲဒီဆန္ဒသာ စိတ်ထဲမှာစောနေမိတယ်။ အကြောင်းကြောင်းတွေလည်း ရှိနေတာပေါ့လေ။ လူတွေပြောပြောနေကြတာထက် ကိုယ်တိုင် ကိုယ်ကျတွေ့ပြီး မေးလိုက်ချင်တယ်။ ရက်စက်တယ် ဆိုတာတွေဟာ တကယ်လား၊ ဆိုးတယ်ဆိုတာတွေဟာ အမှန်ပဲလားဆိုတာမျိုးတွေပေါ့။ အမှန်ဆိုရင် ဝမ်နည်းမယ်တော့ မဟုတ်ဘူး။ မမှန်ခဲ့ဘူးဆိုရင်တော့ ဝမ်းနည်းမိလိမ့်မယ်ထင်တယ်။ အေးလေ ကိုယ့်မှာက “မမှန်ခဲ့ပါဘူး” ဆိုတဲ့စကားကို လိုချင်တာနဲ့ပဲ ဒီလောက်အထိ တောင့်တနေမိသလားလည်း မသိပါဘူး”

“ဘာပဲပြောပြော မင့်မေမေကိုတော့ မမုန်းသင့်ဘူး အဲလစ်။ ဘာဖြစ်ခဲ့ဖြစ်ခဲ့။ ဆိုပါတော့လေ မင့်ဖေဖေကို သူ့လက်နဲ့ တကယ်သတ်ဖြတ်ခဲ့တယ်ထား၊ မမုန်းသင့်ဘူး။ စောစောကပြောသလို သူ့ဘက်မှာတော့ အဲဒီလိုလုပ်ဖို့ ခိုင်လုံတဲ့အကြောင်းတွေ ရှိနေတာအမှန်ပဲ”

“ကိုယ်က မေမေ့ကို မုန်းနိုင်အောင် ကြိုးစားနေတယ်လို့ ထင်သလားကိုမျိုး”
နွယ်နွယ်ထွန်းသည် မျိုးထွန်းသိန်း၏ မျက်နှာကို စေ့စေ့ကြည့်လာသည်။ မျိုးထွန်းသိန်းကလည်း သူ၏မျက်နှာကို ကြည့်နေခဲ့သည်။ နွယ်နွယ်ထွန်း ၏မျက်နှာမှာ တစ်စုံတစ်ခုသောအကြောင်းကြောင့် တင်းမာနေသည်ဟု ထင်သည်။

“အဲဒီလိုတော့ မထင်ပါဘူး။ ထင်လည်း မထင်ချင်ဘူး။ ဒါပေမဲ့ ရေနံချောင်းက ပြန်လာပြီးတဲ့နောက် မင်းနဲ့ပတ်သက်လို့ မင်းမေမေက အားမရတာ အမှန်ပဲ။ သူ ကိုယ်တို့အိမ်ကို မင်းအရင်ရောက်ခဲ့ သေးတယ်။ သူ့စကားတွေအရ ဒီအကြောင်းကို ကိုယ်တို့ရိပ်မိလာတာပဲ။ သူဟာ မင်းကိုအနှစ်နှစ် ဆယ်ကျော်စောင့်ခဲ့ရတာပါ။ အနှစ်နှစ်ဆယ်ကျော် မျှော်ခဲ့ရတာပါ။ သူ့အတွက် အဲဒီအတိုင်းအတာရဲ့ ဟိုဘက်ကစပြီး လူ့ဘဝဆိုတာ ဘယ်လိုအနှစ်သာရ မှမရှိပါကလားလို့ ထင်ထားခဲ့တာ။ သမီးဆိုတဲ့ မျှော်လင့်ချက်နဲ့ အနှစ်နှစ်ဆယ်ကျော် လူ့ဘဝမှာ ဆက်ပြီး အသက်ရှင်နေခဲ့ရတဲ့ မိန်းမကြီး တစ်ယောက်ပါ အဲလစ်”

နွယ်နွယ်ထွန်း၏မျက်ဝန်းများသည် တောက်ပလာသည်။ စင်စစ် မျက်နှာထားတင်းမာလာသည် ဆိုခြင်းမှာ တက်ကြွမှုတစ်ခုကြောင့်ဖြစ်ကြောင်း တွေ့လာရသည်။

“ဒါကို ကိုယ်နားလည်ခဲ့ပါတယ် ကိုမျိုး။ ကိုယ်ဟာ မေမေ့ကို မုန်းဖို့ကြိုးစားနေတာ မဟုတ်ဘူး။ ရုတ်တရက် မိခင်သစ်တစ်ယောက် ပေါ်ပေါက်လာတယ်။ အဲဒီမိခင်သစ်ဟာ ကိုယ့်အတွက် စိမ်းနေသေး တဲ့ မိခင်သာဖြစ်တယ်။ တစ်ခါ ဘဝင်မကျနိုင်စရာအကြောင်းကိစ္စတွေကလည်း ရှိနေသေးတယ်။ ဒီတော့ ကိုယ်တို့ဟာ သားအမိအရင်းဆိုပေမဲ့ ဆက်လက်သူစိမ်းဆန်နေကြတုန်းပဲ ရှိသေးတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်ဖို့ မနည်းကြိုးစားရဦးမယ်။ အမှန်တော့ ကိုယ်ဟာ မေမေ ဒေါ်ရေနံ့သာခင်ခင်ကြီးကို မုန်းဖို့ကြိုးစားမနေတာ အမှန်ပါ။ ပိုပြီးနားလည်အောင်၊ ပိုပြီး ရင်းနှီးနိုင် အောင် အတိတ်ကို ပြန်လည်တူးဖော်နေတာပါ ကိုမျိုး။ ဒါပေမဲ့ အခုလောလောဆယ်အထိ ကိုယ်ဖြစ် စေချင်တာတွေ ဖြစ်မလာသေးဘူးဆိုတာ ဝန်ခံပါတယ်။ တကယ်တော့ ကိုယ်တို့ချင်း ရင်ကြားစေ့လို့ ရမယ့်အဖြစ်ကို ကိုယ်အများကြီး တောင့်တနေမိပါတယ်ကွယ်”

“ဟိုကမ်းပါးယံ တောင်ထက်က မယ်ဇက်ကယ့် ခေါ်ယောင်၊ ရွှေဖိုးခေါင်၊ လွမ်းအောင် ခုနော်၊ လွမ်းချင်းငယ်ပေါ် ကြွေးကြော်သံ ရင့်ကျူးတယ် ကျူးတယ်၊ ကျူးတယ် ကျူးတယ် လေးတော့...အဝေး”

သာယာချိုအေးသော တေးသံကလေးသည် ပျံ့လွင့်လာသည်။ တေးသံနှင့်အတူ ကလေးတစ် ယောက်၏ ငိုသံကလည်း စူးစူးဝါးဝါး ပေါ်လာလျက်ရှိသည်။

“တိတ်ပါသားရယ်၊ တိတ်ပါ။ မေမေ သီချင်းဆို ပြမယ်နော်” ဆိုကာ သီချင်းကို ထပ်ကျော့သီဆို လိုက်ပြန်သည်။ ကလေးသည် တော်တော်နှင့် အငိုမတိတ်၊ သီချင်း သုံးလေးပိုဒ်သို့ ရောက်ခါမှပင် အငိုတိတ်သွားသည်။ အိပ်ပျော်သွားဟန်တူသည်။

သီချင်းသံတိတ်သွားသည်နှင့် မရှေးမနှောင်းမှာပင် လက်ခုပ်တီးသံ ပေါ်လာသည်။

မျိုးထွန်းသိန်းသည် ပုန်းကွယ်နေရာမှ ထွက်လာသည်။ 

“ကြည့်စမ်း သူများကလေးချော့ရင်း သီချင်းဆိုနေတာ ချောင်းနားထောင်တယ်ပေါ့လေ”

နန်းကိန္ဒရီသည် ရုတ်တရက် မြင်လိုက်ရသော မျိုးထွန်းသိန်းကို မကျေနပ်ဟန်ကလေးဖြင့် ကြည့်ကာ ဆီးကြိုအပစ်တင်လိုက်သည်။

“ကိုယ့်မိန်းမက အသံမဆိုးဘူးဟေ့၊ အငြိမ့် မင်းသမီးလုပ်စားဖို့ ကောင်းတယ်”

မျိုးထွန်းသိန်းက နန်းကိန္နရီ၏ ကိုယ်ကို ရင်ခွင်အတွင်း ဆွဲယူလိုက်သည်။
“ဟုတ်တယ်၊ အရီက အငြိမ့်မင်းသမီးလုပ်၊ မောင်က လူပြက်လုပ်မယ်လေ၊ ဖြစ်တယ် မဟုတ်လား”

ရယ်သံများ ပေါ်လာသည်။ နန်းကိန္နရီက တစ်စုံတစ်ခုကို သတိရမိသလို ရုတ်တရက် အရယ်ရပ်ကာ နှုတ်ခမ်းတွင် လက်ညှိုးတေ့လျက် “ရှူး” ဟု လေသံပြုသည်။ “သား အခုတင်အိပ်တယ်။ နိုးသွားဦးမယ်” ဆိုသည်။ တစ်ဆက်တည်းမှာလည်း “မောင် ဘယ်တုန်းကရောက်နေတာလဲဟင်” မေးသည်။

“မောင် အစောကြီးကတည်းကရောက်နေတာ၊ ရီသီချင်းဆိုတာကို နားထောင်နေတာ”

“သူ သိပ်ညစ်ပတ်တာပဲ။ ကလေးတော့ ကူသိပ်ပေးဖော်မရဘူး”

“မောင် အကဲခတ်နေတာ။ ရီ့မှာ အရည်အချင်း ပြည့်ဝမှု ရှိမရှိပေါ့ ”

“ ဒီတော့ ဘယ်လိုထင်သလဲဟင်” 

“မဆိုးပါဘူး။ ကလေးအိပ်အောင် သိပ်တတ်တဲ့ ပညာတွေတတ်နေပြီ"

“မောင့်သားကို တစ်ခါတစ်ခါ အိပ်အောင် သိပ်ရတာ မလွယ်ဘူး။ အတော်ခေါင်းမာတဲ့ကလေး၊ ဖအေတူမို့ ထင်တယ် ”

“ဘုရားပေးပေး ကျမ်းပေးပေးပါ ရီရယ်။ မောင် ခေါင်းမမာတာ အမှန်ပါ။ ဖြစ်ခြင်းဖြစ်ရင် မအေတူလို့ နေမှာပါ”

“ထားပါ။ ထားပါ။ ရီတို့က ဆွေနဲ့မျိုးနဲ့ ခေါင်းမာလာတာ မဟုတ်လား။ ကိုကိုဦးဆိုတဲ့ နာမည်ယူထားမှ ဒီလောက်တော့ ခေါင်းမာမှာပေါ့ မဟုတ်လား”

နန်းကိန္နရီက ကိုကိုဦးအမည်ကို မောင်မောင်ဦးနှင့်နွှယ်လျက် ပြောလိုက်ခြင်းဖြစ်သည်။ မျိုးထွန်း သိန်းက သဘောပေါက်သွားသလို ရယ်လိုက်သည်။

“မောင် ဒီကနေ့ အိမ်ပြန်နောက်ကျတယ်”

မျိုးထွန်းသိန်း၏ တိုက်ပုံအင်္ကျီကို ကူ၍ချွတ်ပေးရင်း နန်းကိန္နရီက ဆိုသည်။

“ဟုတ်တယ်။ စောစောကတည်းက အဲလစ်လာပြီး ချောဆွဲသွားလို့” 

“ဘယ်တွေရောက်ခဲ့သလဲဟင်” 

“သူ့ ဖေဖေ အုတ်ဂူကိုပါ” 

“ဪ”

နန်းကိန္နရီသည် ဆက်လက် မေးမြန်းခြင်း မပြုတော့ပေ။ 

အခါတိုင်းကလည်း သည်သို့ပင် ဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ပတ်သက်သော အကြောင်းတို့ကို စလိုက်လေတိုင်း နန်းကိန္နရီသည် နှုတ်ဆိတ်သွားတတ်မြဲ ဖြစ်ခဲ့သည်။ အဲလစ်နှင့် ပတ်သက်၍ပင်ဖြစ်စေ လူအများတို့ ဝိုင်းဖွဲ့ပြော လာကြပြီဆိုလျှင် နန်းကိန္နရီသည် စကားဝိုင်းမှ ဖဲကြဉ်သွားတတ်မြဲဖြစ်လေသည်။ နန်းကိန္နရီသည် ယင်းအကြောင်းများအပေါ် စိတ်မဝင်စားနိုင်အောင် ရှိရသည်မျိုးတော့ မဟုတ်။ သူသည် ယင်းအကြောင်းတို့နှင့် မပတ်သက်ချင်သောသဘောမျိုး ဖြစ်လိမ့်မည် ထင်ရသည်။

အမှန်တွင်လည်း သည်အကြောင်းတို့ကို စမိပြီဆိုလေတိုင်း မလွှဲမကင်းသာ ဦးကောင်းမိုး၏ အကြောင်းသည်လည်းကောင်း၊ မခင်သန်းနွဲ့၏ အမည်သည်လည်းကောင်း ပါဝင်လာတတ်မြဲဖြစ်လေ သည်။ ကိုမောင်မောင်ဦး၏ အမည်သည်လည်း သည်အထဲမှာ မလွဲမသွေ ပါဝင်လာရလေသည်။ စင်စစ် သည်လူတွေနှင့် ပတ်သက်လာလေသော အကြောင်းတို့ကလည်း အကောင်းဟူ၍ မရှိခဲ့။ အစဉ်လို ဆိုးရွာယုတ်မာသည့်သဘောသို့ သက်ရောက်လျက်ရှိသည် အမှန်ပင်။ တွက်ကြည့်မည်ဆိုပါက နန်းကိန္နရီသည် သည်အနွယ်၏ အထီးတည်းသော သွေးသားရင်းချာဖြစ်သည်။ အထီးတည်းသော အနွှယ်အဆက်ဖြစ်သည်။

သည်ဘက်က လူတွေနှင့် သွေးသားတော်ရခြင်းမှာ အရှုံးဘက်က ရပ်တည်ရသည်နှင့် တူနေသည်။ စကားစလိုက်လေပြီဆိုသည်နှင့် တစ်ပြိုင်နက် သည်လူသိုက်၏ မကောင်းမှုသည် ပါဝင်လာရမြဲ ဖြစ်လေသည်။

ထို့ကြောင့်ပင် နန်းကိန္နရီသည် စကားဝိုင်းများမှ ဖဲကြဉ်ခဲ့မိခြင်း ဖြစ်သည်။ ရှောင်မိခြင်း ဖြစ်မည်။

အကယ်၍ မျိုးထွန်းသိန်းဟူသော အတွယ်အတာ တစ်ရပ်သာ မရှိခဲ့ပါက နန်းကိန္နရီသည် သည်အသိုင်း အဝန်း သည်ဝန်းကျင်ကို ထာဝရ လွဲဖယ်ရှောင်တိမ်း နေခဲ့မိမည် ဖြစ်သည်။ ရှောင်လည်း အရှောင်ခဲ့မိလေ သား။

မော်တော်ကားမှောက်၍ ဒဏ်ရာရပြီး ဆေးရုံတက်ရသည်။ ဆေးရုံမှနေ၍ သတင်းစကားမျိုးစုံကို ကြားခဲ့ရသည်။ ကိုမောင်မောင်ဦး အသတ်ခံရခြင်းများ၊ ဒေါ်ရေနံ့သာခင်ခင်ကြီး အဖမ်းခံရခြင်းများ၊ ဦးကျော်ထွန်းတို့မှတစ်ဆင့် အဲလစ်ခေါ် နွယ်နွယ်ထွန်းနှင့် အဆက်အသွယ်ရခဲ့ခြင်းများကို နန်းကိန္နရီ ကြားခဲ့ရသည်။ သည်စဉ်ကပင် နန်းကိန္နရီ ဆုံးဖြတ်ချက်ချခဲ့သည်။ ဆေးရုံမှဆင်းလျှင် ရေနံ့သာသို့ မည်သည့်နည်းနှင့်မျှ ပြန်မသွားတော့ဟု သန္နိဋ္ဌာန်ချခဲ့သည်။ ယင်းနှင့်အညီ ဆေးရုံမှဆင်းသောအခါ သူသည် အငြိမ့်ထောင်ဆရာ ဦးမြတ်စံ၏အိမ်သို့ လာခဲ့သည်။ အငြိမ့်ပြန်ကဖို့ ကြိုးစားသည်။

ဦးမြတ်စံတို့ကလည်း နန်းကိန္နရီ ပြန်လာသည်ကို ဝမ်းသာအားရကြိုဆိုခဲ့သည်ပင် ဖြစ်ပါသည်။ သူတို့ ခေါင်းဆောင်အဖြစ် တင်ထားသော မင်းသမီးများမှာ မစွံခဲ့။ တစ်နှစ်တစ်ယောက်လောက် ပြောင်း၍  ကနေရသည်။ အငြိမ့်အဖွဲ့မှာ လူဟောင်းများ မရှိတော့ဘဲ အကွဲကွဲအပြားပြား ဖြစ်နေရသည်။ ဖရိုဖရဲ ဖြစ်နေသည်။ နန်းကိန္နရီ ပြန်ရောက်လာသည့်အတွက် အားလုံးက ဝမ်းသာခဲ့ကြသည်။

ဆက်လက်ဖော်ပြပါမည်။