တိုင်းရင်းသားပြည်သူလူထု စည်းလုံးညီညွတ်မှုကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ပြီး ခိုင်ခိုင်မာမာ သက်သေပြနိုင်သည့်ကာလမှာ နှစ်စဉ် ဖေဖော်ဝါရီ ဤလပတ်ဝန်းကျင်ကာလဖြစ်သည်။ ထိုကာလတွင် မြန်မာ ပြည် လွတ်လပ်ရေးအောင်ပန်းကို လှမ်းကိုင်ဆွတ်ချူနိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား ပြည်သူလူထုအားလုံး တစ်စိတ်တစ်ဝမ်း တည်း အားထုတ်ယူနိုင်ခဲ့သည်။

 

တိုင်းရင်းသားပြည်သူအားလုံးတို့အနေဖြင့် ၄င်းတို့၏ စိတ်ရင်း အမှန်တွင် ပြည်ထောင်စုကြီးအတွင်း ပြည်ထောင်စုဖွားအချင်းချင်း အတူယှဉ်တွဲကာ လက်တွဲနေထိုင်လိုကြသည်။ သို့သော် လွတ်လပ်ရေးမရမီ တိုင်းတစ်ပါး၏ သွေးခွဲမှုကိုခံခဲ့ရသည့် တိုင်းရင်းသားခေါင်းဆောင်အချို့၏ ပြည်ထောင်စုမှ သွေဖည်လိုသော သဘောထားအရိပ်အငွေ့များမှာ ယနေ့တိုင် ရိုက်ခတ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမှာ အခြားနိုင်ငံများကဲ့သို့ ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ချေ။ ဂိုဏ်းဂဏစွဲ များ၊ သွေးထိုးသပ်လျှိုမှုများကြားမှ လွတ်လပ်ရေးကို မဖြစ်မနေယူခဲ့ခြင်း ဖြစ်ရာ အကျိုးဆက်အနေဖြင့် ယနေ့နိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေ များအပေါ် သုံးသပ်ရှုမြင်လျှင် သိမြင်နိုင်မည်ဖြစ်သည်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျရောက်သည့် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ နိုင်ငံတော်သမ္မတပေးပို့သည့် သဝဏ်လွှာတွင် ''တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်း ဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် (ဝါ) ပင်လုံစိတ်ဓာတ်အရင်းခံ ကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရ ပူးပေါင်း လက်တွဲဆောင်ရွက်သွားကြရန်'' တိုက်တွန်းနှိုးဆော်ထားသည်။

 

တိုင်းရင်းသားပြည်သူများအနေဖြင့် မူလကတည်းက ခံယူထားသော မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ ဆိုသကဲ့သို့ အေးချမ်းစွာနေထိုင် လိုရင်းဖြစ်သည်မှန်သော်လည်း ပင်လုံစိတ်ဓာတ်ဖြစ်သည့် စည်းလုံး ညီညွတ်ရေးကို အရင်းခံသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ကို ရယူ ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို လက်တွဲညီညာ ဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းရင်းသားပြည်သူများ အတွက် ကောင်းမွန်သည့်ကံကြမ္မာ ပေါ်ပေါက်လာစေရန် ဖန်တီး ဖော်ဆောင်ပေးနေသည်ကိုလည်း နားလည်ထားကြရမည် ဖြစ်သည်။

 

ယင်းကောင်းမွန်သော ကံအကြောင်းတရားများ ပေါ်ပေါက်ရေး အတွက် လွတ်လပ်သောတိုင်းပြည် ပေါ်ပေါက်လာကတည်းက ပေါ်ထွက် ခဲ့သော ဆူးငြောင့်များကို ရှင်းလင်းဖယ်ရှားကြရမည်ဖြစ်သည်။ တိုင်းရင်း သားပြည်သူများအကြား ဖြစ်ပေါ်နေသည့် သံသယများကို တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုကို တည်ဆောက်ယူခြင်းဖြင့် ဦးစွာဖယ်ရှားကြရမည် ဖြစ်သည်။ နင်၊ ငါအစွဲများကို လျှော့ချ၍ ရိုးသားဖြူစင်သည့် တိုင်းရင်း သားပြည်သူများ၏ အကျိုးစီးပွားကို မျက်မှောက်ပြုကြရမည်ဖြစ်သည်။

 

ထိုသို့အများပြည်သူအကျိုးစီးပွားကို အမှန်တကယ်ရှေးရှုမှသာ မွန်မြတ်သူ၊ ကြီးကျယ်မြင့်မြတ်သူများ ဖြစ်ကြပေလိမ့်မည်။ သမိုင်းကြောင်း ကောင်းသူများ ဖြစ်ကြပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လူပင် သေသော်ငြား ၄င်း၏မျှော်မှန်းချက်၊ ယုံကြည်ချက်များ ဆက်လက်ထွန်းကား ပြီး မြန်မာတွင်သာမက ကမ္ဘာတွင်ပါ နာမည်တစ်လုံးဖြင့် ထာဝရ ရှင်သန်နေခြင်းသည် အများပြည်သူကောင်းစားရေးကို စိတ်ရင်းစေတနာ မှန်စွာဖြင့် လက်တွေ့ကျကျ စွမ်းဆောင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလ တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်၍ ယင်းကို တည်ဆောက်နိုင်ရန်အတွက် စိတ်ရင်းစေတနာ မှန်ကန် စွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ကြေးမုံ