ရွှေယွန်း
တိုးတက်ခေတ်မီလာသော စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်လာစေရန် စိုက်ပျိုးရေစီမံခန့်ခွဲမှုစနစ်ကို နိုင်ငံတိုင်းတွင် အလေးထား ဆောင်ရွက်လာကြသည်။ စိုက်ခင်းများတွင် စိုက်ပျိုးရေကို အချိန်ကိုက် လိုအပ်သည့်ပမာဏ ပေးဝေနိုင်ရန်နှင့် ပိုလျှံရေများ အလွယ်တကူနုတ်ပေး နိုင်ရန်အတွက် ရေသယ်မြောင်း၊ ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများကို တည်ဆောက်ပေးခြင်း၊ သီးနှံရေလိုအပ်ချက် တွက်ချက်ခြင်းနှင့် တွက်ချက်မှုအတိုင်း စနစ်တကျရေပေးဝေမှုကို တိုင်းတာခြင်းစသည့် လုပ်ငန်းစဉ်များကို ဘက်စုံစနစ်ကျ အချိုးညီစေခြင်းဖြင့် ရေစီမံခန့်ခွဲမှုကို စနစ်တကျ ဖော်ဆောင်လာကြသည်။
ရေစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းမှုနှင့်အတူ တစ်ဖက်မှလည်း ဆည်မြောင်း ကဏ္ဍ၏ ရေသယ်မြောင်း၊ ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများအတွက် ပြုပြင် ထိန်းသိမ်းစရိတ် ကုန်ကျငွေကို အနည်းဆုံး ဖြစ်အောင် စီမံဆောင်ရွက်လာကြသည်။
ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာ
မြန်မာနိုင်ငံ၏ ဆည်မြောင်းကဏ္ဍတွင် သီးနှံစိုက်ပျိုးရေးအတွက် ဆည်ရေသောက်စနစ် တိုးတက်လာစေရန်၊ ရေပေးသွင်းနိုင်သော ဧရိယာတိုးချဲ့ကာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန် ရည်ရွယ် အကောင်အထည်ဖော် လျက်ရှိသော်လည်း တစ်ဖက်တွင် အသုံးပြုမှုကြာမြင့်လာသည့် ဆည်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာမှုကို တွေ့ကြုံလာရသည်။
ထိုအခြေအနေကို ကျော်လွှားသွားနိုင်ရန်အတွက် ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ရသည့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်မြောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ရာတွင် ထိရောက်စေရန်နှင့် ရေကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန် ရေအသုံးချသူများအသင်း၊ အဖွဲ့ အစည်းများမှတစ်ဆင့် ရေအသုံးချသူ တောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှု အားကောင်းခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှု
ရေအသုံးချသူ တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်သော ဆည်ရေစီမံခန့်ခွဲမှု အားကောင်းခိုင်မာ ပြီး ရေစီမံခန့်ခွဲမှု စနစ်တကျ တိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြုပြင်ထိန်းသိမ်းစရိတ် ကုန်ကျငွေများကို အနည်းဆုံးဖြစ်အောင် တစ်ဖက်မှ စီမံ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ ထိုသို့ စီမံဆောင် ရွက်လာနိုင်မှုနှင့်အတူ တောင်သူများအတွက် ရေလိုအပ်ချက်ကို အချိန်ကိုက်ပေးဝေနိုင်ခြင်း၊ ရေပေးဝေရမည့် သတ်မှတ်ဧရိယာများကို အညီအမျှ ပေးဝေနိုင်ခြင်း၊ ရေသွင်းစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေ အကျိုးသက်ရောက်မှုကို အကောင်းဆုံးဖြစ်စေ ခြင်း၊ စဉ်ဆက်မပြတ် တိုးတက်လာသော စိုက်ပျိုးရေး နည်းစနစ်များကို အခြေခံ၍ သီးနှံအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်လာနိုင်ခြင်း တို့ကိုပါ တစ်ပါတည်း ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေး ဆောင်ရွက်သည့် နိုင်ငံတိုင်းတွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် စီမံခန့်ခွဲမှုသည် အများလက်ခံနိုင်သည့် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ ရေအသုံးချ တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းပါဝင်ဆည်မြောင်း စနစ်စီမံခန့်ခွဲမှုစနစ် နိုင်ငံအတွင်း ခိုင်မာအားကောင်း ရေးကို ရေအသုံးချသူများ၏ ကိုယ်တိုင်ပါဝင်အားဖြင့် သာ ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။
လူမှုဘဝပိုမိုမြင့်မားလာနိုင်
“ကျွန်တော်တို့ အခုဖွဲ့စည်းပေးနေတဲ့ ရေအသုံးချ သူများအဖွဲ့ Water User Group တွေဆိုတာ လယ်သမားထုအတွင်း တစ်နည်းအားဖြင့် ဒီမို ကရေစီနည်းကျ အလေ့အကျင့်တွေကို အကောင် အထည်ဖော် ပေးနေခြင်းပဲဖြစ်ပါတယ်။ အချင်းချင်း စိုက်ပျိုးရေးအတွက် သွင်းအားစုကဏ္ဍတွေမှာ ရေရယူ တာကအစ မမျှမတ မညီမညွတ်ဖြစ်နေတာတွေကို ညှိနှိုင်းတိုင်ပင်ယူနိုင်ခြင်း၊ စိုက်တဲ့သီးနှံမျိုးကို တစ်ဆက် တစ်စပ်တည်း စိုက်နိုင်ခြင်း၊ စိုက်ပျိုးချိန် တူလာတဲ့အတွက် ရိတ်သိမ်းချိန်တူလာခြင်းနဲ့ နှစ်သီးစားစိုက်ရာက သုံးသီးစားစိုက်ပျိုးနိုင်တဲ့အနေအထား တွေရရှိလာတဲ့အတွက် ရေအသုံးချသူလယ်သမားတွေအတွက် အလွန်လိုအပ်တဲ့ အသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ ဆည်ရေသောက်စနစ် တစ်ခုချင်း အလိုက် လက်တံမြောင်း၊ လက်တံခွဲမြောင်းတွေကို WUG တွေက တစ်ဆင့် WUA အထိ တိုးမြှင့်ဖွဲ့စည်း နိုင်ပြီး သိမြင်နိုးကြားအစီအစဉ်တွေကို ဌာနတွေက ပူးပေါင်းစီမံဆောင်ရွက်ကြမယ်ဆိုရင် သီးနှံအထွက် တိုးလာပြီး လယ်သမားတွေ လူမှုဘဝပိုမိုမြင့်မား လာနိုင်မှာဖြစ်ပါတယ်” ဟု တပ်ကုန်းမြို့နယ် ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိက ရှင်းပြသည်။
စနစ်ကျသော ရေစီမံခန့်ခွဲမှုကဏ္ဍ
တောင်သူများ၏ စိုက်ခင်းများဆီသို့ ဆည်ရေ ပေးသွင်းရာတွင် ရေစီမံခန့်ခွဲမှု ပိုမိုတိုးတက်လာစေရေးအတွက် ရေအသုံးချသူ(တောင်သူ)များ ပူးပေါင်း ပါဝင်သော စနစ်ကျသော ရေစီမံခန့်ခွဲမှုကဏ္ဍသည် လိုအပ်လာနေပြီဖြစ်သည်။ သို့အတွက် ရေအသုံးချ တောင်သူများ ကိုယ်တိုင်စီမံခန့်ခွဲသည့် ဆည်မြောင်းစနစ် ဖြစ်လာစေရန် ရေအသုံးချသူများ အဖွဲ့(WUG)၊ ရေအသုံးချသူများအသင်း (WUA) တို့ကို ဖွဲ့စည်း ဆောင်ရွက်လာရခြင်းဖြစ်သည်။
တစ်ဖက်မှလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ဆည်မြောင်းစနစ် စီမံခန့်ခွဲမှုအတွက် ကျင့်သုံးလျက်ရှိသည့်ဦးစီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လျှော့ချပြီး ရေအသုံးချတောင်သူများသို့ လွှဲပြောင်းခြင်း (Irrigation Management Transfer –IMT) ကို ကျင့်သုံးနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် နေပြီဖြစ်သည်။
“ဒီအဖွဲ့အစည်းတွေဆိုတာ ဥပမာပြောရရင် လက်ငါးချောင်း ဖြန့်ထားသလိုပါပဲ။ WUG တစ်ဖွဲ့ ချင်းဟာ လက်ချောင်းလေးတွေဆိုရင် သူ့ဘာသာသူ ရပ်တည်နိုင်ကြပါတယ်။ သို့သော်လည်းဖြန့်ထားတဲ့ လက်ဝါးပြင်ကို စုစည်းလိုက်ရင် လက်သီးဆုပ်အသွင် အားပါတဲ့ အင်အားစုတစ်ခုလိုပါပဲ။ WUG တွေ စုစည်းပြီး WUA အသင်းအထိ တိုးမြှင့်ဖွဲ့စည်းဖို့ လိုအပ်တယ်။ ဒီလိုမှသာ လူအင်အား၊ ရန်ပုံငွေ အင်အား ပိုမိုစုစည်းမှုတွေဖြစ်ပေါ်လာမှာ ဖြစ်ပါ တယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။
ထိုကဲ့သို့ ရေအသုံးချသူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် ရေအသုံးချသူများ အဖွဲ့/အသင်းကို ထူထောင်ခြင်း၊ နည်းပညာဖြန့်ဝေခြင်း ဆိုင်ရာ သင်တန်းများပေးခြင်းတို့ကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကြိုးပမ်း ဖော်ဆောင်လျက်ရှိသည်။
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်
ဆည်ရေသောက်စနစ်များ ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်နှင့် ရေကို ပိုမိုအကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် Participatory Irrigation Management (PIM) Guide line (မြန်မာဘာသာ) ကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ထုတ်ဝေခဲ့ပြီး ဖြစ် သည်။
ရေသောက်စနစ်အတွင်း တူးမြောင်းများ အားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း စိုက်ပျိုးရေပေးဝေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရေလှည့်စနစ်များ ရေးဆွဲ၍ တူးမြောင်းအလိုက်၊ ရေထုတ်ပေါက်အလိုက် အချိန်ခွဲ၍ နေ့/ည စိုက်ပျိုး ရေ ပေးဝေနိုင်ရေးကိုသာ စီမံဆောင်ရွက်ရသည်။ ထိုသို့ ရေလှည့်စနစ်များရေးဆွဲရာတွင် WUG များ နှင့် ပေါင်းစပ်၍ ရေပေးဝေမှသာ စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။
ထိုသို့ ဆည်ရေပေးဝေရာ၌ ဌာနဝန်ထမ်းအင်အား ဖြင့် မြောင်းမကြီး၊ လက်တံမြောင်းများ၊ လက်တံ မြောင်းခွဲများသို့ နေ့/ ည ရေပေးဝေရာတွင် စီမံခန့်ခွဲ မှု အားနည်းချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ဌာနနှင့် လယ်သမား ပူးပေါင်းစီမံ ခန့်ခွဲသည့်စနစ် ဖြင့် စနစ်ကျမျှတသော ရေစီမံခန့်ခွဲမှုကို ဖော်ဆောင် ရခြင်းဖြစ်သည်။
PIM Guide line ၏ ရည်ရွယ်ချက်
PIM Guide line ၏ ရည်ရွယ်ချက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် လယ်သမား အဖွဲ့အစည်းများကြားတွင် လုပ်ငန်းတာဝန်ခွဲဝေခြင်းနှင့် လွှဲပြောင်းတာဝန်ယူခြင်း နည်းလမ်းများကို အဆင့်ဆင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ PIM Guide Line အတည်ပြုပြီးချိန်မှစ၍ မြန်မာနိုင်ငံအနှံ့အပြား ရေသောက်စနစ်အလိုက် ရေအသုံးချသူများအဖွဲ့ (WUG)၊ ရေအသုံးချသူများအသင်း (WUA) များ ဖွဲ့စည်း တည်ထောင်ကာ စိုက်ပျိုးရေပေးဝေရေး အတွက် ရေစီမံခန့်ခွဲမှုတွင် ပူးပေါင်းပါဝင်စေခဲ့သည်။
“၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ ရေအသုံးချသူ များ အဖွဲ့ ၈၆၅၄ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကာ အသင်းဝင် ဦးရေ ၂၂၄၉၁၇ ဦးပါဝင်ပါတယ်။ ဖွဲ့စည်းပြီး ရေအသုံးချ သူများအသင်း ၁၀ သင်းရှိကာ ပဲခူးတိုင်းဒေသကြီးမှာ ငါးသင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ နှစ်သင်း၊ မကွေးတိုင်းဒေသကြီးမှာ နှစ်သင်းနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ တစ်သင်း ဖြစ်ပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ (၇/၂၀၂၂)လကုန်အထိ ဖွဲ့စည်းပြီး ရေအသုံးချသူများအဖွဲ့ (WUG) ၆၇၀ ရှိပြီးတော့ အဖွဲ့ဝင်ဦးရေ ၁၀၉၂၀ ရှိပါတယ်။ တပ်ကုန်းမြို့နယ်အတွင်းက ဆင်သေဆည်ရေသောက်စနစ်၊ လက်ဝဲမြောင်း၊ လက်တံ (၂) ရေအသုံးချသူများအသင်း (WUA) ဟာဆိုရင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာ ပထမဆုံးဖွဲ့စည်းတဲ့ ရေအသုံးချသူများအသင်း တစ်သင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ၁၀ သင်းမြောက် အသင်းတစ်သင်းလည်း ဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
ရေအသုံးချသူများအဖွဲ့နှင့်အသင်း
ဆည်ရေပေးသွင်းရာတွင် ဌာနမှ တူးမြောင်းမ ကြီးမှတစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက်မြောင်းတို့၏ ရေထုတ်ပေါက်များအထိ ပေးဝေပြီး ရေထုတ်ပေါက်မှ စိုက်ကွင်းများအတွင်းသို့ တောင်သူများက ရေသွင်းစိုက်ပျိုးသည့် အတွက် စိုက်ကွင်းများအတွင်း အချိန်တိုအတွင်း လိုအပ်သည့် နေရာသို့ ဆည်ရေရောက်ရှိနိုင်ရန်၊ မိမိလယ်ကွက်အတွင်း မိမိမြောင်းဖြင့် လိုအပ်သည့်အချိန်ရေယူနိုင် ရန်၊ အချင်းချင်း ရေပဋိပက္ခများမှ ကင်းဝေးစေရန်၊ ရေအလေအလွင့်နည်းပြီး ပိုမိုများပြားသော လယ် ကွက်များသို့ ဆည်ရေတိုးချဲ့ပေးနိုင်ရန်၊ ဆည်ရေပေးဝေရာတွင် မိမိတို့ကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင်ရန် (WUG) ကို ဖွဲ့စည်းကြသည်။ ထို့အတူ မြောင်းမကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်တံ ခွဲမြောင်း (သို့မဟုတ်) ၎င်းတို့၏ အစိတ်အပိုင်းတစ်ခု ၌ ရေအသုံးချသူများအသင်း (WUA) ကို ဖွဲ့စည်း ခြင်းဖြစ်သည်။
“အဓိကတော့ ဒီအဖွဲ့တွေ၊ အသင်းတွေဆိုတာ စိုက်ပျိုးတောင်သူ အဆင်ပြေဖို့ ရည်ရွယ်တာပါ။ တူးမြောင်းမကြီးကနေ တစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက်မြောင်းတွေကနေ ရေထုတ်ပေါက်တွေအထိ စိုက်ပျိုးရေ ပေးဝေတယ်။ ဒီ ရေထုတ်ပေါက်ကနေ စိုက်ကွင်းတွေအတွင်းကို တောင်သူတွေက ရေသွင်းစိုက်ပျိုးတဲ့အခါ အချိန်တို အတွင်း လိုအပ်တဲ့နေရာ ဆည်ရေရောက်ရှိဖို့၊ ဒီလို ယူတဲ့အခါ အချင်းချင်း ရေပဋိပက္ခတွေ ကင်းဝေးစေဖို့နဲ့ ရေအလေအလွင့်နည်းနည်းနဲ့ ဆည်ရေကို စိုက်ပျိုးရေးအတွက် စနစ်တကျ အသုံးချနိုင်ဖို့ပါ။ ရေအသုံးချသူများအသင်း (WUA) အဆင့်အထိ တရားဝင်ဖွဲ့စည်းနိုင်တဲ့အတွက် အကျိုးများမှာပါ။ အသင်းအထိ ဖွဲ့စည်းနိုင်ရင် စိုက်ပျိုးတောင်သူ အတွက် တစ်ကွင်းတစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်မှာဖြစ်သလို တောင်သူအတွက် လိုအပ်တဲ့ သွင်းအားစုဖြည့်ဆည်းမှုအတွက် အကူအညီတွေ ရရှိလာမယ်” ဟု တပ်ကုန်းမြို့နယ် ကျေးချောင်းရွာ မှ WUG ခေါင်းဆောင် ဦးမြင့်အောင်က ပြောကြားသည်။
အကျိုးကျေးဇူးများ
ရေအသုံးချသူများအသင်း (WUA) ဖွဲ့စည်းခြင်း ဖြင့် ဆည်ရေသောက်ဧရိယာအတွင်း တောင်သူများ ရေလိုအပ်ချက်ကို မျှမျှတတ ဖြည့်ဆည်းပေးနိုင်ခြင်း၊ တွက်ခြေကိုက်သည့် သီးနှံအမျိုးအစားရွေးချယ် စိုက်ပျိုးနိုင်ခြင်း၊ တစ်ကွင်းတစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ခြင်း၊ လိုအပ်သောသွင်းအားစုများကို အချိန်ကိုက် ဖြည့်ဆည်း ဆောင်ရွက်နိုင်ခြင်း၊ အဖျက်ပိုးမွှား ရောဂါအန္တရာယ်များ မကျရောက်နိုင်ရေး စုပေါင်း ကာကွယ်ခြင်း၊ အကယ်၍ ကျရောက်ခဲ့ပါကလည်း ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
“WUA အားကောင်းလာတာနဲ့အမျှ Value added ,Value chain စတဲ့လုပ်ငန်းတွေ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မယ်။ ရေသောက်စနစ်မှာပါဝင်တဲ့ တောင်သူတွေမှာ တခြား လိုအပ်ချက်ရှိရင်လည်း စုပေါင်းအင်အားနဲ့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်မှာဖြစ်သလို ကောင်းမွန်တဲ့ ရလဒ်တွေရရှိလာမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ရေသောက်စနစ်အလိုက် ရေအသုံးချသူများအသင်း WUA များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ဖို့ ဌာနနဲ့ တောင်သူ အတူကြိုးပမ်းဖော်ဆောင်သင့်ပါတယ်” ဟု ရေတွင်းဖြူကျေးရွာမှ WUG ဒုတိယ ခေါင်းဆောင် ဦးပြုံးချိုက ပြောကြားသည်။
ဆည်ရေပေးဝေမှုစနစ်တွင် ရေလှောင်တမံ၊ ရေလွှဲဆည်မှ ရေပေးတူးမြောင်းမကြီး၊ တူးမြောင်း မကြီးမှတစ်ဆင့် လက်တံမြောင်း၊ လက်တံမြောင်းမှ တစ်ဆင့် လက်တံခွဲမြောင်း၊ ၎င်းမှတစ်ဆင့် လယ်ကြားမြောင်းများသို့ အဆင့်ဆင့်ပေးဝေရသည်။ ဆည် မြောင်းအဆောက်အအုံများ၊ ရေအရင်းအမြစ် ထိန်းသိမ်းမှု၊ မြောင်းမကြီးနှင့် အခြားလက်ဝဲ/လယ်ယာမြောင်းမကြီးများတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ပိုင်ရှင်အဖြစ် အလုံးစုံတာဝန်ယူဆောင်ရွက်ပြီး WUG များအနေ ဖြင့် Turn Out (TO) များ၊ လယ်ကြားမြောင်းများ ထိန်းသိမ်းခြင်း၊ ဆည်ရေပေးဝေခြင်းများ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ရေပေးမြောင်းငယ်များကို စုပေါင်းပြီး လက်တံမြောင်းတစ်ခု၏ ရေစီမံခန့်ခွဲမှုအတွက် တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ရေအသုံးချသူ များအသင်း (WUA)များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့်အတွက် ပူးပေါင်းပါဝင်ဆည်မြောင်း စနစ်အပါအဝင် ရေစီမံခန့်ခွဲမှုလွှဲပြောင်းခြင်း (Irrigation Management Transfer) ကိုပါ ဆက်လက် ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အတူ စိုက်ပျိုး ရေလိုအပ်ချက်ကို လိုအပ်သည့်ရေပမာဏကိုသာ အသုံးပြုကြခြင်းဖြင့် WUG တစ်ဖွဲ့ချင်းမှသည် တူးမြောင်းအလိုက် ရေသောက်စနစ်အလိုက် ရေကို ချွေတာသုံးစွဲလာသည့် အလေ့အကျင့်များလည်း ရရှိလာမည် ဖြစ်သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားရှိ ဆည်ရေသောက်ဧရိယာများတွင် ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေအသုံးချသူများအသင်း (WUA) တည်ထောင်ခြင်းဖြင့် စိုက်ပျိုးရေကို စနစ်တကျ အထက်အောက်မျှမျှတတ သုံးစွဲလာနိုင်ခြင်း၊ ရေကို လိုအပ်သလောက်သာ ချွေတာသုံးစွဲလာနိုင်ခြင်း၊ တောင်သူတစ်ဦးချင်းမှသည် တစ်ဖွဲ့ချင်း၊ တစ်သင်း ချင်း အချင်းချင်းဖေးမကူညီစာနာတတ်လာခြင်း၊ စည်းလုံးမှုရှိစေခြင်း၊ အခက်အခဲတစ်ခုခု ကြုံတွေ့ လာပါက စုပေါင်းအားဖြင့် ဖြေရှင်းကျော်လွှားခြင်း စသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာပြီး တောင်သူများ ဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်အတွက် စားနပ်ရိက္ခာများဖူလုံသည်မှ ပိုလျှံသည်အထိ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံဝင်ငွေ တိုးတက်ကာ သာယာဝပြောသော နိုင်ငံတစ်ခု ဖြစ်လာရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။