ဇင်ငြိမ်း

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အထူးကိုယ်စားလှယ်သည် ယင်းသို့ တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ၎င်းဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သတင်းထုတ်ပြန်ချက်အဖြစ် ဩဂုတ် ၁၇ ရက်က ကုလသမဂ္ဂ၊ မြန်မာအင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။

 

အထူးကိုယ်စားလှယ်၏ ထိုသတင်းထုတ်ပြန်ချက်တွင် အမှန်တကယ်ဆွေးနွေးခဲ့မှုများနှင့် များစွာကွဲလွဲ၍ ထုတ်ပြန်ထားကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆွေးနွေးချက်မှတ်တမ်းကိုထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။

 

အမှန်တကယ်တွင်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသော ဆွေးနွေးချက်မှတ်တမ်းနှင့် အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်ပါ ဆွေးနွေးခဲ့ပါသည်ဆိုသည့် အချက်အချို့မှာ ကွဲလွဲလျက်ရှိပါသည်။

 

ထိုကွဲလွဲချက်များတွင် မဆွေးနွေးခဲ့သည့် အချက်အချို့နှင့် စကားရပ်များပါဝင်နေပြီး ပြည်တွင်း၊ ပြည်ပ အမြင်မှားနိုင်သည့်အချက်များ ဖြစ်ပါသည်။ အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်တွင် “ကျွန်မရဲ့ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိပေးပြောကြားဖို့နဲ့ ပြည်သူတွေဘေးဒုက္ခခံစားနေရတာတွေနဲ့ ပဋိပက္ခကို လျှော့ချဖို့၊ လိုအပ်နေတဲ့၊ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကို အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကိုပေးဆောင်ခြင်းမဟုတ်ပါ။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရား ကင်းမဲ့စွာနဲ့ ရရှိပိုင်ခွင့်ရှိပါတယ်။ ဒီလိုရရှိဖို့ဟာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခု မှာ သက်ဆိုင်ရာပါဝင်သူအားလုံးရဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းဆောင်ရွက်မှုရှိမှသာ ဖြစ်နိုင်မှာ ပါ” ဟု ဖော်ပြထားပါသည်။

 

အကြမ်းဖက်မှုများ တားဆီးနိုင်ရန် ရည်ရွယ်

 

သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဆွေးနွေးမှုမှတ်တမ်းတင်မှုတွင် အထူးကိုယ်စားလှယ် ပြောကြားသည်မှာ “ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကုလသမဂ္ဂပဋိညာဉ်ကို ကာကွယ်စောင့်ရှောက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလသမဂ္ဂပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တိကျစွာ ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို မိမိအနေဖြင့် သတိပြုမိပါသည်။ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် ရည်ရွယ်၍ ကုလသမဂ္ဂ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်က အမြဲတမ်း ထုတ်ဖော်ပြောကြားလျက်ရှိသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟူသော အချက်နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်း အသိအမှတ်ပြု လေးစားလျက်ရှိပါသည်။” ဟု ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ “ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကို ပေးဆောင်ခြင်း မဟုတ်ပါ” ဟူသည့် ဆွေးနွေးချက် မပါဝင်သည်ကို တွေ့ရပါသည်။

 

မရိုးသားသည့်သဘော ဆောင်နေ

 

ဆွေးနွေးမှုတွင် ပြောကြားချက်နှင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်ကွဲလွဲနေသည်မှာ အံ့ဩဖွယ်ဖြစ်ပါသည်။ ယင်းသို့ကွဲလွဲမှုမှာ သာမန်လွဲမှားမှုမျိုး မဟုတ်ဘဲ သတင်းထုတ်ပြန်သည့်အချိန်မှ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခြင်း ဖြစ်ပါသည်။ သတင်းထုတ်ပြန်ချက်တွင် အမှန်တကယ် ဆွေးနွေးခဲ့သည်များနှင့် သဘောတူခဲ့သည့် အချက်များ၊ သဘောထားကွဲလွဲသည့် အချက်များကိုသာ ဖော်ပြသင့်သော်လည်း ဆွေးနွေးမှုနှင့် ကွဲလွဲစွာဖော်ပြခြင်းသည် မရိုးသားသည့်သဘော ဆောင်နေပါသည်။

 

ဘင်္ဂါလီဒုက္ခသည်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်းမရှိဘဲ သတင်းထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံမှ လက်မခံသော ရိုဟင်ဂျာဟူသည့် အခေါ်အဝေါ်ကို သုံးနှုန်းထားပါသည်။ ထို့ပြင် ဩစတြေးလျစီးပွားရေး ပညာရှင် Mr. Sean Turnell နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က “မြန်မာနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ဩစတြေးလျ စီးပွားရေး ပညာရှင် Mr. Sean Turnell ကို ပြန်လွှတ် ပေးမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ဩစတြေးလျ နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုကို ဖော်ညွှန်းပြသနိုင်သည့် အခြေအနေတစ်ခုဖြစ်ပေါ် လာမည်ဖြစ်ပါသည်။” ဟု ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ဩစတြေးလျ စီးပွားရေးပညာရှင် Mr. Sean Turnell ၏ အရေးသည် ဩစတြေးလျ နိုင်ငံ၏အရေးဖြစ်ပါသည်။ ကုလသမဂ္ဂကမည်သည့်အတွက် ရှေ့နေလိုက်ပေးသည်ကို စဉ်းစားမရပါ။

 

နှစ်ဦးနှစ်ဖက်ယုံကြည်မှု လျော့နည်းလာ

 

သို့ဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Ms. Noeleen Heyzer အနေဖြင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ ဆက်လက်၍လည်း ထိတွေ့ဆက်ဆံမှုပြုရန် လက်ခံထားကြပြီး ဖြစ်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် အပြုသဘောဆက်ဆံမှု၊ အပြုသဘော တိုးတက်မှုလိုလားပြီး စိတ်ရင်းမှန်ပါက အပြောနှင့် အလုပ်ညီရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက နှစ်ဦးနှစ်ဖက် အကြား ယုံကြည်မှု လျော့နည်းလာနိုင်ပါသည်။

 

အထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ်က မပြောကြားခဲ့သည့် စကားများ၊ အဓိပ္ပာယ်ကွဲလွဲသော စကားများကို သတင်းထုတ်ပြန်သည့်အခါ ထည့်သွင်းဖော်ပြ လာခြင်းသည် မတော်တဆ မှားယွင်းမှုမဖြစ်နိုင်ပါ။ ဆွေးနွေးပွဲမှတ်တမ်းနှင့် အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်ပါ ပြောကြားချက်များ မည်သည့်အတွက် ကွဲလွဲနေသနည်း။ အထူးကိုယ်စားလှယ်သည် ဆွေးနွေးပွဲတွင် သံတမန်ပရိယာယ်အရ စကားလှအောင် ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်သည့်အခါ ကုလသမဂ္ဂ၏ လိုလားချက်အမှန်ကို ဖော်ပြလာခြင်းဟု ဆိုရပါမည်။ ကုလသမဂ္ဂပဋိညာဉ်ကို ထိန်းသိမ်းလိုက်နာနေသည်ဆိုသည့် ကုလသမဂ္ဂအဖွဲ့ ကိုယ်တိုင်သည် မှန်မှန်ကန်ကန် ရပ်တည်၍ ပဋိပက္ခငြိမ်းချမ်းရေးကို ဦးတည်ရမည့်အစား ဘက်လိုက်၍ ပဋိပက္ခ ပိုမို ကြီးထွားရေးနှင့် မတည်ငြိမ်ရေး အပြောနဲ့အလုပ်မညီစွာ လုပ်ဆောင်နေသည့်သဘော ဖြစ်နေပါသည်။ သို့ဖြစ်၍လည်း ကမ္ဘာကြီးတွင် ပဋိပက္ခနှင့် တင်းမာမှု များ မြင့်တက်လာနေပါသည်။

 

ယနေ့ ကမ္ဘာတွင်ဖြစ်နေသည့် ပဋိပက္ခများတွင်လည်း ကုလသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် OIC တို့ကဲ့သို့ ငွေကြေးထောက်ပံ့သည့်အဖွဲ့တို့၏ ကြိုးဆွဲရာ ဖြစ်လာနေပါသည်။ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် ကုလသမဂ္ဂ အနေဖြင့် မည်သို့မျှ ဝင်ရောက်မဖြေရှင်းနိုင်ခဲ့ချေ။ ထို့အတူ အာဖဂန်နစ္စတန်နိုင်ငံအား အမေရိကန်နိုင်ငံက ဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း ကုလသမဂ္ဂက မည်သို့မျှ မတားဆီးနိုင်ခဲ့ပါ။ ယခု ဖြစ်ပွားနေသည့် ရုရှား - ယူကရိန်းစစ်ပွဲတွင်လည်း ကုလသမဂ္ဂ မည်သို့မျှ မဖြေရှင်းပေးနိုင်ခဲ့ပါ။ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုပ်ဆောင်ရာတွင် အားနည်းချက်များ ရှိနေသည့်သဘောဖြစ်ပါသည်။ စစ်ပွဲများ မဖြစ်ပွားစေရန် တားဆီးရမည့်အစား စစ်ပွဲများဖြစ်လာမှ လူသားချင်းစာနာမှု ထောက်ပံ့ ကူညီရေးလုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်မှာ အနာတခြား ဆေးတခြားဖြစ် နေပါသည်။

 

ကုလသမဂ္ဂ၏ ဆောင်ရွက်မှုအပေါ် သံသယဝင်စရာ ဖြစ်နေ

 

စစ်ဘေးကြောင့်ဖြစ်သော လူသားချင်း စာနာထောက်ပံ့ရေး လုပ်ဆောင်ရမည်မှာ မှန်သော်လည်း စစ်မက်ဖြစ်ပွားပြီးမှ လုပ်ဆောင်ခြင်းထက် စစ်မက်မဖြစ်ပွားစေရန် ဦးစွာကြိုးပမ်းသင့်ပါသည်။ သို့သော် ယခုမူ ကုလသမဂ္ဂ ကိုယ်တိုင် ပဋိပက္ခများအဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုထက် ပဋိပက္ခများ ပိုမိုကြီးထွားစေမည့် လုပ်ဆောင်မှုများနှင့် စစ်မက်အရှိန်မြှင့်တင်ရေးကို ဦးတည်စေသော လုပ်ဆောင်မှုများတွင် ပါဝင်နေသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ ကုလသမဂ္ဂ၏ မူလရည်မှန်းချက်ကို လွဲချော်စေသည့် လုပ်ဆောင်ချက်များကြောင့် အင်အားကြီး နိုင်ငံတစ်နိုင်ငံက နျူကလီးယားလက်နက်များ သုံးလာမည်ဆိုပါက ကုလသမဂ္ဂ၏ ထိန်းသိမ်းဆောင်ရွက်နိုင်မှုအပေါ် သံသယဝင်စရာ ဖြစ်နေပါသည်။

 

မြန်မာ့အရေးတွင်လည်း ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်းစာနာမှုဟု ဆိုနေသော်လည်း တစ်ဖက် တွင် နောက်ကွယ်မှကြိုးဆွဲနေသည့် အင်အားကြီး နိုင်ငံများအလိုကျ ပြည်တွင်းစစ်မီး ပိုမို တောက်လောင်လာစေရန် လုပ်ဆောင်နေပါသည်။ ထိုလုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်များနှင့် ကွဲလွဲဆန့်ကျင်နေပါသည်။ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် တစ်ယောက်သည်ပင် သံတမန်ကျင့်ဝတ်နှင့်မညီဘဲ ပြောဆိုလုပ်ဆောင်နေလျှင် ကုလသမဂ္ဂအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုများ ပိုမိုကျဆင်းလာမည် ဖြစ်သည်။

 

ကုလသမဂ္ဂအနေဖြင့် ပထမကမ္ဘာစစ်ကြီး နောက်ပိုင်း ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို သင်ခန်းစာယူသင့်ပါသည်။ ပထမကမ္ဘာစစ်ပြီး နောက် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရန် ဖွဲ့စည်း ထားသော နိုင်ငံပေါင်းချုပ်အသင်းကြီးအား အင်အားကြီးနိုင်ငံများက လွှမ်းမိုးလာပြီးနောက် အသင်းကြီး၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့ရသည်မှာ ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုအတွက် ခါးသီးသောအတွေ့အကြုံဖြစ်ပါသည်။

 

ယနေ့ဆိုလျှင် ကုလသမဂ္ဂအား မျက်ကွယ်ပြု၍ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ပေါ်ပေါ်ထင်ထင် လွှမ်းမိုးခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြပြီး ကုလသမဂ္ဂကိုပင် လွှမ်းမိုးချုပ်ကိုင်နေကြပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အဖျက်စွမ်းအားကြီးလက်နက်များကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ကုလသမဂ္ဂ အနေဖြင့် တည့်မတ်မှန်ကန်စွာ ညှိနှိုင်းမဖြေရှင်းပေးနိုင်ပါက အင်အားကြီးနိုင်ငံများအကြား တစ်နေ့တခြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများသည် အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့် တူပါသည်။ သို့သော် ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂသည် ထိုပြိုင်ဆိုင်မှုများအပေါ် ထိရောက်စွာ ညှိနှိုင်းမဖြေရှင်းနိုင်သည့်အပြင် ထိုနိုင်ငံကြီးများ အလိုကျ နိုင်ငံငယ်များအပေါ် မလျော်ဩဇာသုံးနေ ခြင်းမှာ အံ့ဩဖွယ်ဖြစ်သည်။

 

ကျူးဘားအရေးအခင်းတွင် အင်အားကြီး နှစ်နိုင်ငံအကြား ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို ကုလသမဂ္ဂက ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးခဲ့သည့် သာဓကကို အတုယူသင့်ပါသည်။ သို့သော် ယနေ့တွင် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ထိရောက်စွာ စေ့စပ်ညှိနှိုင်းပေး နိုင်ရဲ့လား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါသည်။

 

 သမာသမတ်ကျစွာ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန်လိုအပ်

 

ယင်းမှာ ကုလသမဂ္ဂအဖွဲ့ကြီး၏ အနာဂတ်ရပ်တည်ချက်အတွက် စိုးရိမ်ဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းသည် ပြည်တွင်းရေးဖြစ်သော်လည်း နောက်ကွယ်တွင် မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးရန်ကြိုးပမ်းနေသည့် အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများရှိနေသည်ကို အားလုံးအသိ ဖြစ်ပါသည်။ ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်ရေးကို လိုလားပါက သမာသမတ်ကျစွာ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့ မဟုတ်ဘဲ ဘက်လိုက်လုပ်ဆောင်ခြင်းဖြစ်ပါက ကုလသမဂ္ဂကိုယ်တိုင်က မီးလောင်ရာ လေပင့်သကဲ့ သို့ ဖြစ်နေပါသည်။

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်တစ်ယောက်အနေဖြင့်လည်း သံတမန်ကျင့်ဝတ်နှင့်ညီရန် လိုအပ်ပါသည်။ သို့မှသာ မိတ်ဝတ်မပျက် ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ သံတမန်စကား တစ်မျိုး၊ နောက်ကွယ်မှ ရည်ရွယ် ချက်တစ်မျိုးဆိုပါက ကိုယ်စားပြုစေလွှတ်သော ကုလသမဂ္ဂလည်း သိက္ခာကျမည်ဖြစ်သကဲ့သို့ ရည်ရွယ်ချက်လည်း မအောင်မြင်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။

 

ကိုးကား

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်။ https://myanmar.gov.mm/news-media/news/latest-news/-/asset_publisher/idasset354/content/ %25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%2584%25E1%2580%25B6%25E2%2580%258C%25E1%2580%2590%25E1%2580%25B1%25E1%2580%25AC%25E1%2580%25BA%25E1%2580%2585%25E1%2580%25AE%25E1%2580%2599%25E1%2580%25B6%25E1%25-4

၂။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်။ https://myanmar.un.org/my/ 195256-miidiiyaathu-ttpnkhk-nepnnytteaan-pulupsnny-pthmakimacnnyawettng