ဒေါက်တာမောင်သင်း

 

(၄) အထွေထွေအုပ်ချုပ်ရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနများ

 

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်မှသည်ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအထိရှိပြီး ရပ်ကွက်နှင့် ကျေးရွာစာရေးအထိ ဝန်ထမ်းများ ထားရှိပါသည်။ အဆိုပါ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်၏ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းထွက်ခဲ့လျှင် မထွက်ဖြစ်အောင်၊ တစ်နည်းအားဖြင့် မိမိရပ်ရွာရှိကလေးများ ကျောင်းမြဲအောင် ပညာရေးဌာန၊ ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့်ပူးပေါင်း၍ ဦးဆောင်ကူညီသင့်သည်ဟု မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ရပ်ရွာ၏အကြီးအကဲ၊ ရပ်ရွာ၏မိဘဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ရပ်ရွာရှိ ကျောင်းနေအရွယ်ကလေးအားလုံးသည် သူ၏သားသမီး များသာဖြစ်၍ မိမိသားသမီးများ ကျောင်းမြဲရေးကို အလေးထားရပါမည်။ ထို့အတူ ရပ်ကျေးစာရေးဝန်ထမ်းများအနေဖြင့်လည်း မိမိ ကျေးရွာ၊ ရပ်ကွက်၏ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်း အဆင့် ပြီးမြောက်အောင်မြင်မှု (ယနေ့ဆိုလျှင် KG + 9 ) မှတ်တမ်းပြုစု ထားသင့်သည်ဟု မြင်မိပါသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အုပ်ချုပ်ရေးအပြင် မိမိဒေသဖွံ့ဖြိုးရန်အတွက် လိုအပ်ချက် များ၊ အားနည်းချက်များမှန်သမျှကို လက်တွေ့တွင်လည်း ဖြည့်ဆည်းညှိနှိုင်းပေးသည့်ဌာနဖြစ်၍ မိမိတို့မြို့နယ်အတွင်းရှိ ကျောင်းထွက်နှုန်း များသည့် ကျောင်းများအား ယင်းကျေးရွာ၊ ရပ်ကွက်များရှိ ဆရာတော် သံဃာတော်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမ များ၊ မြို့နယ်ပညာရေးမှူးများနှင့်ညှိနှိုင်းပြီး ကလေးများအား ကျောင်းမြဲအောင် မိဘများနှင့် ညှိနှိုင်းအကူအညီပေးသင့်သည်ဟု မြင်မိပါသည်။

 

လူမှုဝန်ထမ်းဌာနအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးများ တောင်းစားနေမှု၊ လေလွင့်နေမှုများကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းခန်းထဲသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သင့်ပါသည်။ ထို့အတူ ကျောင်းနေအရွယ်ကလေးများ လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်၊ မော်တော်ကားပြုပြင်ရေးဆိုင်နှင့် ဈေးဆိုင်မျိုးစုံ တို့တွင် အလုပ်လုပ်နေသူများအား အလုပ်ရှင်နှင့် ညှိနှိုင်း၍ အချိန်ပိုင်း ကျောင်းများ (ဥပမာ - နေ့တစ်ဝက်သာလျှင် သင်ကြားသည့်ကျောင်း များ)သို့ ကျောင်းတက်စေပြီးမှ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက် သည်မျိုးဖြစ်သင့်ပါသည်။ ထိုင်းနိုင်ငံတွင် ယင်းအချက်ကို ကျင့်သုံး လျက်ရှိသည်ဟု သိရပါသည်။ ဤသို့ဆိုလျှင် ကလေးများ၏ ပညာ သင်ကြားမှုလည်းမပျက်၊ စားဝတ်နေရေးလည်း ပြေလည်ကာ ကျောင်းနေအရွယ်ကလေးများအတွက် သတ်မှတ်ထားသော အခြေခံ ပညာရေးအဆင့် ပြီးမြောက်နိုင်ပေလိမ့်မည်။

 

(၅) ဆရာတော်များနှင့် သီလရှင်များ

 

ဆရာတော်၊ သံဃာတော်များသည် မိမိရပ်ရွာအပေါ်တွင် အလွန်ဩဇာကြီးမားကြသူများဖြစ်ကြပြီး မိဘများနှင့် ရပ်မိရပ်ဖများကို ကလေးများ ကျောင်းမြဲအောင် ဝိုင်းဝန်းတိုက်တွန်း ကူညီပေးကြပါရန် ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်။ ဘုန်းတော်ကြီးများ၊ သီလရှင်များ ဦးဆောင်သည့် မူလတန်းကျောင်းများတွင် မိမဲ့၊ ဖမဲ့များ အပါအဝင် ကျောင်းမအပ်နိုင်သူကလေးများကို ကျောင်းရောက်အောင် ခေါ်ထားသည့်အပြင် ကျောင်းသားများကို စာရေးကိရိယာများ၊ အစားအစာနှင့် အဝတ်အစားများကိုပါ ဖြည့်ဆည်းပေးပါသည်။ ထို့အပြင် ဆရာ ဆရာမများ၏ လစာကိုလည်း ပံ့ပိုးပေးပါသည်။ ပညာရေးယိုပေါက်အနည်းဆုံးကို ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင်သာ တွေ့ရှိရပါသည်။ သမိုင်းသက်တမ်းတစ်လျှောက် တွင် (ပဒေသရာဇ်ခေတ်မှသည် ကိုလိုနီခေတ်အထိ) မြန်မာစာ တတ်မြောက်မှုနှုန်းမြင့်မားအောင် ဆောင်ရွက်ခဲ့ကြသူများအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံရသည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ အဆိုပါ ကျောင်းများ တည်တံ့အောင်၊ ဖွံ့ဖြိုးအောင်နှင့် ဆက်လက်ပွားများ အောင်လည်း နိုင်ငံသားအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ ဟုနှိုးဆော်၍ မေတ္တာရပ်ခံအပ်ပါသည်။

 

(၆) အရပ်ဘက်လူမှုအဖွဲ့အစည်းများ

 

မြန်မာ့ပညာရေး ကောင်းမွန်စေရေးကို အလေးထားကြသည့် ပြည်တွင်းရှိ အရပ်ဘက်လူမှုရေးအဖွဲ့ပေါင်းစုံကလည်း မိမိတို့နိုင်သမျှ အင်အားများဖြင့် ဆော်ဩကြပြီး ကျောင်းအဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများ၊ ဆရာ ဆရာမတို့၏ လစာများကိုပါ ဝိုင်းဝန်းထောက်ပံ့ပေးကြပါသည်။ ကျောင်းသား တစ်ဦးချင်းအတွက် တစ်နှစ်စာထောက်ပံ့မှုမျိုးလည်းရှိပါသည်။ ယင်းအဖွဲ့ မျိုးစုံ၏ ထောက်ပံ့ကူညီမှုများထဲတွင် ကျောင်းအပ်၍ ကျောင်းထွက် သွားပြီး အရွယ်မရောက်မီ အလုပ်လိုက်လုပ်နေသူ ကလေးလုပ်သားများ၊ လမ်းပေါ်ရောက်နေသူများ၊ မိဘကူညီနေသူများ စသည့် “ပညာရေးယိုပေါက်”မှတစ်ဆင့် ကျောင်းပြင်ပရောက်နေသူများ အားလုံးကို ကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိပြီး ကျောင်းမြဲသည့် ကလေးများဖြစ်အောင် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးရန်လည်း မေတ္တာရပ်ခံလိုပါသည်။

 

(၇) လွှတ်တော်ကိုယ်စားလှယ်များ

 

လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထင်သာမြင်သာသည့် လမ်း၊ တံတား၊ ကျောင်း၊ ဆည်မြောင်း၊ ဆေးပေးခန်း စသည့်အခြေခံ အဆောက်အအုံများဖြင့် ပြည့်နေအောင် စွမ်းဆောင်ပေးနေမှုများကို တွေ့ရသည့်အတွက် ဝမ်းသာမိပါသည်။ ထိုအရာများကို ထိန်းသိမ်း နိုင်စွမ်းရှိပြီး မိမိရပ်ရွာဒေသကို ပိုမိုဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားရေးကို ဆောင်ရွက်ခြင်းသည် မိမိအား ရွေးချယ်ပေးလိုက်သည့် ရပ်ရွာဒေသ ရေရှည်ဖွံ့ဖြိုးမှု၏မဏ္ဍိုင်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုအရှိန်နှုန်းလည်း မြင့်တက်လာပေလိမ့်မည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းမြဲနှုန်း မြင့်မားလာအောင် ပညာရေးယိုပေါက်များကို ဝိုင်းဝန်းပိတ်ခြင်း က အဓိကသာလျှင် ဖြစ်ပေသည်။ သို့ပါ၍ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်သူများက ရွေးချယ်ပေး၍ တာဝန်ယူလာကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရပ်မိရပ်ဖများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်ကွက်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လူသားအရင်းအမြစ် ညံ့ဖျင်းသွားမှုနှင့်အတူ ဆင်းရဲမှုသံသရာလည်စေသည့် ကျောင်းထွက်နှုန်း သို့မဟုတ် ပညာရေးယိုပေါက်ကိုပိတ်ပြီး ကျောင်းမြဲနှုန်း မြင့်မားလာအောင် မိမိတို့ရပ်ရွာ ဒေသများတွင် စွမ်းဆောင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါသည်။

 

ပညာရေးယိုပေါက်နှင့် LDC နိုင်ငံမှ လွတ်မြောက်ရေး

 

၂၀၁၆ ခုနှစ် Education Digest ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ တွင် ကျောင်းထွက်နှုန်းအလွန်များသည်ဟု ဆိုပါသည်။ အထက်ပါ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင်ပင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ်တန်း တက်ရောက်သူများအနက်မှ ၃၁ ဒသမ ၈၈ ရာခိုင်နှုန်း သည် ပဉ္စမတန်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားပေသည်။ အဆိုပါ ပညာသင်နှစ်မှာပင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် ကျောင်းဖွင့်စအချိန်၌ ကျောင်းအပ်သော်လည်း သက်ဆိုင်ရာအတန်းအသီးသီးကို ပြီးဆုံးအောင်မတက်ဘဲ ထွက်သွားသည့်နှုန်းကလည်း ရှိပါသေးသည်။ သို့အတွက်ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသားအားလုံး၏ သုံးပုံတစ်ပုံ ခန့်သာ အခြေခံပညာရေးအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင် ကြောင်း တွေ့ရပေသည်။ မြန်မာနိုင်ငံသည် LDC နိုင်ငံအဖြစ်မှ လွတ်မြောက်လိုလျှင် အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာ အလယ်တန်းအဆင့်သို့ ကူးပြောင်းမှုနှုန်းသည် သုံးပုံနှစ်ပုံခန့် ရှိရပေ လိမ့်မည်ဟူသည့်အချက်လည်း ပါဝင်သဖြင့် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကျောင်းကူးပြောင်းမှုနှုန်းသည် မြင့်မားနေရ ပေမည်။ သို့ပါသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “အခမဲ့ မသင် မနေရ မူလတန်းပညာရေးစနစ်ကို ဖော်ဆောင်ရမည်” ဟု ချမှတ်ထားသော်လည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် “အလယ်တန်း အဆင့်”ကို အကောင်အထည် ဖော်ဆောင်နေသည်ကို သတိထားမိကြ သဖြင့် “အမျိုးသားပညာရေးဥပဒေ (၂၀၁၄) တွင် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး” ဟူ၍ ဆက်လက်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။

 

သို့ဖြစ်၍ ဗိုလ်ချုပ်မှူးကြီးကလည်း အထက်ပါမိန့်ခွန်းတွင် “မိမိတို့အစိုးရအနေဖြင့် KG + 9 အခြေခံပညာ အလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ကြားခွင့် ရရှိရေးနှင့် အောင်မြင်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း”ဟူ၍ ပြောကြားခဲ့ခြင်းသည် ကျောင်းနေအရွယ်ကလေးများ အလယ်တန်းအဆင့်အထိ ပြီးမြောက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း သိရ၍ နိုင်ငံတော်၏ ပညာရေးအတွက် ဝမ်းသာမိပါသည်။ သို့ပါ၍ ကျောင်းထွက်နှုန်း အလွန်လျော့နည်းလာအောင် ဆောင်ရွက် ရေးသည် မိဘ၊ ဆရာနှင့် အထက်တွင်ဖော်ညွှန်းခဲ့သည့် အဖွဲ့အစည်းများ သာမက နိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်ဖြစ်နေကြောင်း ကျွန်တော်တို့ နိုင်ငံသားအားလုံး သတိချပ်ဆောင်ရွက်နေရပေမည်။

 

အချုပ်အားဖြင့် ဆောင်းပါးအစတွင် တင်ပြခဲ့သလို ပညာသင်နှစ် တစ်နှစ်၏ ကျောင်းအပ်နှုန်းမြင့်မားရေး၊ ကျောင်းမြဲမှုနှင့် စာတတ် မြောက်မှုမြင့်မားရေးဟူသည့် “စ၊ လယ်၊ အဆုံး” သုံးပါးစလုံးကောင်းမွန် စေရန် ဆရာ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းမဟုတ်ပါ။ ပြည်သူ့အားများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်နိုင်ပါမှသာ အောင်မြင်ပါလိမ့်မည်ဟုမြင်မိပါသည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းထွက်နှုန်း နည်းပါးပါမှ နိုင်ငံ၏ဆင်းရဲမှုသံသရာက လွတ်မြောက်မည်ဆိုသည့်အမြင်ကို နိုင်ငံသားအားလုံး အနေဖြင့် အမျိုးသားရေးတာဝန်ဟု ခံယူထား၍ ကျောင်းမြဲပြီး အနိမ့်ဆုံးအခြေခံပညာမူလတန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး အလယ်တန်းအဆင့်သို့ ကူးပြောင်းမှုနှုန်း မြင့်မားစေရန် နိုင်ငံသားတိုင်းက ဝိုင်းဝန်းကူညီပံ့ပိုးမှုများကို လုပ်ဆောင်ကြရပါလိမ့်မည်။ ပညာရေးယိုပေါက်ကို ပိတ်နိုင်ခြင်းသည် ယနေ့မိဘများ၏ ဆင်းရဲနွမ်းပါးမှုသံသရာ (အသိဉာဏ်ဆင်းရဲမှုအပါအဝင်) ကို သူတို့၏ နောက်မျိုးဆက်များအထိ မရောက်ရလေအောင် အမြစ်ဖြတ်ပိတ်ပင်မှုများပြုလုပ်နေခြင်းဖြစ်ပါသည်။ သို့ပါ၍ “နိုင်ငံ ဆင်းရဲမှု ကင်းဝေးရေးအစ နိုင်ငံသားအားလုံး အခြေခံပညာအလယ် တန်းအဆင့် (ယခုဆိုလျှင် KG + 9) ပြီးမြောက်အောင်မြင်မှုသာလျှင် အဓိက”ဟုခံယူ၍ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသား အပ်ပါသည်။ ။