တက္ကသိုလ်မြတ်သူ

၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က ကျွန်တော်၏ အသက် (၉၁) နှစ်ပြည့်သကဲ့သို့ စာပေဗိမာန်ကြီးလည်း ၂ဝ၂၂ ခုနှစ် ဩဂုတ်လတွင် အသက်(၇၅)နှစ် တင်းတင်းပြည့်ပေတော့မည်။ ကျွန်တော်က စာပေဗိမာန်ထက် အသက်(၁၆)နှစ် ပိုကြီးသဖြင့် စာပေဗိမာန်ဟူသော အမည်မခံယူခင် BTS-Burma Translation Society (မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီး) အမည်ခံယူထားစဉ်ကပင် ကျွန်တော်သိနေခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် ကျောင်းသားဘဝမှာပင်ရှိနေ၍ စာပေဗိမာန်အမည် မမှည့်ရသေးမီ BTS ဘာသာပြန် စာပေအသင်းမှ ထုတ်ဝေသော ဘာသာပြန်စာအုပ်ကို ဖတ်ရှုလေ့လာနိုင်ခဲ့သည်။ မြို့မဆရာဟိန်၊ မြို့မဦးစံထွားတို့ ပြုစုသည့် လောကီထုပ္ပတ် လူတို့ဇာတ်ခေါ် ကမ္ဘာ့ရှေးဟောင်း သမိုင်းစာအုပ်များကို ကျောင်းသင် သမိုင်းဘာသာရပ်၌ သင်ယူခဲ့ရသည်။ မြို့မဆရာဟိန်၊ မြို့မဦးစံထွား တို့သည် စာပေဗိမာန်၏ လက်ဦးပညာရှင် စာရေးဆရာကြီးများ၊ စာပြုကြီးများ ဖြစ်ခဲ့သည်။

စာပေဗိမာန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့

၁၉၅ဝ ပြည့်လွန်နှစ်များတွင် စာပေဗိမာန်အဆောက်အအုံမှာ ရန်ကုန်မြို့ ပြည်လမ်း (ဟံသာဝတီအဝိုင်း) ထိပ်တွင်ရှိသည်။ ထိုစဉ်က မြန်မာစာ၊ မြန်မာ ဂန္ထဝင်ဂီတ၊ မြန်မာ့သဘင်၊ မြန်မာ့ဆိုင်းပညာရပ်များကို အပတ်စဉ်ဟောပြောသော ဦးဂုမ္ဘာန်၏ ဟောပြောပွဲများကို မပြတ်နားထောင်ရင်း စာပေဗိမာန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ယနေ့ စာပေဗိမာန်တည်ရာ ရန်ကုန်မြို့ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်သို့မူ အကြောင်းအမျိုးမျိုးဖြင့် ကျွန်တော်ရောက်နေရပေသည်။ 

စာပေဗိမာန်တွင် ကျွန်တော် ရင်းရင်းနှီးနှီး မှတ်မိနေသူ စာပြု၊ စာရေးဆရာကြီး များစွာရှိနေခဲ့သည်။ နတ်မောက်ဘုန်းကျော်သည် ကျွန်တော်နှင့် အလွန်ရင်းနှီးပြီး ကြုံတိုင်းစကားလက်ဆုံကျစမြဲဖြစ်သည်။ စာတည်း၊ စာပြုပညာရှင် ဦးသာညွန့်(ကလောင်အမည် တက္ကသိုလ်ညွန့်ဦး)သည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလများက အာရှ-အာဖရိက စာရေးဆရာညီလာခံတက်ရန် ဆိုဗီယက် ပြည်ထောင်စုသို့ အတူသွားရောက်ခဲ့ပြီး ညီလာခံအပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စာရေးဆရာသမဂ္ဂဥက္ကဋ္ဌ ဆရာကြီးမော်တွန်း၏ ဖိတ်ကြားချက်အရ ဦးသာညွန့်၊ မန္တလေးမှ ဆရာကြည်မြတို့နှင့်အတူ ကျွန်တော်သည် တရုတ်ပြည်သို့ တစ်လနီးပါး ဆက်လက်သွားရောက် လေ့လာခဲ့သည်။ ဦးသာညွန့်သည် ဥပဒေ (ဝိဇ္ဇာဘွဲ့) ရထားသူဖြစ်၍ တရားရေးဌာန၊ ဥပဒေပြုရေးတာဝန်များ ပြောင်းရွှေ့ထမ်းဆောင်ခဲ့ပေသည်။ ထိုစဉ်က စာတည်းဦးကျော်လင်းသည် မီးပုံးပျံ ဦးကျော်ရင်၏သားကြီး ကာတွန်းဦးကျော်ဆန်း(ကဆ)၏ အစ်ကိုဖြစ်၍ ကျွန်တော်နှင့် ရင်းနှီးခဲ့ရသည်။

ထိုစာတည်း၊ စာပြုပညာရှင်များ တာဝန်ယူစဉ်ကပင် မြန်မာ့စွယ်စုံကျမ်းကြီး ၁၅ တွဲကို ရေးသားပြုစု ထုတ်ဝေနိုင်ခဲ့ပေသည်။ နိုင်ငံအတွက်ကြီးစွာသော အကျိုးပြုလုပ်ငန်းကြီးတစ်ခုဖြစ်သည်။ နောင်နှစ်စဉ် စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များ (ယနေ့တိုင်) ထုတ်ဝေပေးနေခြင်းသည်လည်း စာဖတ်ပြည်သူတို့အား ကြီးစွာသော သတင်းအသိပံ့ပိုးမှုဖြစ်သည်။ လူထုသိပ္ပံစာစဉ်အုပ်တွဲများ၊ နှစ်ငါးဆယ်ရေးရာ(ယဉ်ကျေးမှု) အုပ်တွဲများ၊ နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ အုပ်တွဲများသည် ယနေ့တိုင် ကိုယ်ပိုင်စာအုပ်စင်များ၊ စာကြည့်တိုက်များတွင် ရှိနေရမည့် စာအုပ်များဖြစ်သည်။ ပြည်သူ့လက်စွဲ စာစဉ်များကိုလည်း ဆက်တိုက်ထုတ်ဝေလာသည်။ ကလေးသူငယ်များအတွက် ရွှေသွေးရုပ်ပြစာစောင်သည် ယနေ့တိုင် ကလေးတို့လက်စွဲစာစောင်များ ဖြစ်နေပေသည်။

စာပေဗိမာန်စာမူပြိုင်ပွဲများ နှစ်စဉ်ကျင်းပပေးကာ ထိုက်သင့်ရာရာဆုများ ရွေးချယ်ချီးမြှင့်ခြင်းဖြင့် မြန်မာစာပေ ဇာတ်ခုံပေါ်သို့ စာရေးဆရာများ တန်းစီစင်တင်ပေးနေသည်။ စာပေဗိမာန်က ကျပ်တစ်ထောင်တန် (ထိုစဉ်က ကျပ် ၁ဝဝဝ ဆိုသည်မှာ ရွှေလေးငါးကျပ်သား ဝယ်၍ ရလောက်ပေသည်။) ဝတ္ထုရှည် ပထမဆုံးဆုကို ဆရာမင်းအောင်ရေးသော မိုးအောက်မြေပြင် ဝတ္ထုကရရှိခဲ့သည်။ ထိုဆုများမှ စတင်အားယူပြီး စာပေပညာရှင်ကြီးများက စိစစ်ရွေးချယ်ပေးသော အမျိုးသားစာပေဆုများကို ပြန်ကြားရေးဝန်ကြီးဌာနအတွက် (နိုင်ငံတော်အတွက်) စာပေဗိမာန်ကပင် အစအဆုံး တာဝန်ယူပေးထားပေသည်။

ကျွန်တော်တို့လို စာအုပ်စုဆောင်း၊ ဖတ်ရှု၊ ဆည်းပူးလိုသူများအတွက်လည်း စာပေဗိမာန်စာအုပ် အရောင်းဆိုင်က အားကိုးအားထား ပြုလောက်ပေသည်။ စာပေဗိမာန် စာကြည့်တိုက်ကိုလည်း စနစ်တကျဖွင့်ပေးထားသည်။ လုံးဝ အနားမနေသော ဌာနတစ်ခုဖြစ်သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းထောင့် (ဝန်ကြီးများရုံးနှင့် မျက်နှာချင်းဆိုင်) မှ အဆောက်အအုံနီနီကြီးသည် ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့သည့် အစိုးရဗဟိုပုံနှိပ်တိုက် ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရ ဗဟိုပုံနှိပ်တိုက် ဖြစ်လာခဲ့သည်။ ခေတ်ဟောင်းကာလတွင် မြန်မာဂန္ထဝင် စာပေစာအုပ်များ၊ ဓမ္မသတ်ကျမ်းများ (ကင်းဝန်မင်းကြီး၏ ဓမ္မသတ် ၃၇ စောင် တွဲ)နှင့် ဦးကျော်ဒွန်း KSM က စီစဉ်ပြုစု သော မြန်မာစာညွန့်ပေါင်းကျမ်းကြီးများ ထုတ်ဝေခဲ့သည်။ အစိုးရပြန်တမ်းများကိုလည်း ပုံမှန်ထုတ်ဝေခဲ့သည်။ ယခုအခါ စာပေဗိမာန်နှင့် ဗဟိုပုံနှိပ်တိုက်တို့ ပူးပေါင်းထားသဖြင့် စာပေဗိမာန်သည် အလုံးအဖန် ပိုမိုကြီးထွားလာပေသည်။

ရှေးက စာပေဗိမာန် စာတည်းကြီးများတွင် ဆရာကြီး ဒဂုန်ရွှေမျှားလည်း ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာပေဗိမာန်ကို ဦးစီးဦးကိုင်ပြုရန် ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး) ရောက်လာ၏။ ဦးထင်ကြီးသည် အမေရိကန်မှ သတင်းစာပညာ မဟာဘွဲ့ယူလာသူဖြစ်ပြီး လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ကျွန်တော်နှင့်တွဲပြီး တာဝန်ထမ်းခဲ့ဖူးသည်။ ဦးထင်ကြီးသည် ဝါသနာအရ၊ ကျွမ်းကျင်မှုအရ မြန်မာသတင်းစာများ သမိုင်းကို ပြန်လှန်တော့သည်။ စာနယ်ဇင်းတို့၏ ခေတ်သမိုင်းကို စုဆောင်းပြုစုသည်။ စာအုပ်စာတမ်းများ ထုတ်ဝေခဲ့သည်။ စာပေနှီးနှောဖလှယ်ပွဲ၊ စာတမ်းဖတ်ပွဲများ နှစ်စဉ်လိုလို ကျင်းပခဲ့သည်။ 

နောက်ပိုင်း စာပေဗိမာန် စာတည်းများ၊ စာပြုစသည့် အရာရှိများတွင်လည်း လုပ်ငန်းအရ၊ စာပေ ရေးဖော်ရေးဖက်အရ ရင်းနှီးသူများစွာ ရှိခဲ့သည်။ ယင်းတို့တွင် ဦးမျိုးသန့်(မောင်ဆုရှင်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်တင်အေးကြည် (မန္တလေးတက္ကသိုလ်တွင် ကျောင်းနေဖက်)၊ မုံရွာဝင်းဖေ၊ မနှင်းဖွေး၊ ညွန့်ဟံ (ကြူတော)၊ ချိုမြနွယ်၊ စိုးမြင့်သန်းတို့ ဖြစ်ကြသည်။

စာအုပ်များ၊ မှတ်တမ်းများ

ကျွန်တော်သည် စာပေဗိမာန် စာပေနှီးနှောဖလှယ်ပွဲ၊ စာတမ်းဖတ်ပွဲများစွာ တက်ရောက်ခဲ့သည်။ စာအုပ်များ၊ မှတ်တမ်းများ ဝယ်သိမ်းခဲ့သည်။ စာအုပ်များတွင် မြန်မာစာပေ စာစုစာရင်းစာအုပ်၊ မြန်မာဘာသာစကားစာစုစာရင်း၊ မြန်မာနိုင်ငံသတင်းစာများအညွှန်း (တက္ကသိုလ်ထင်ကြီး)၊ စာနယ်ဇင်းသမိုင်း စာတမ်းများ၊ စာပေဗိမာန်စာတမ်းများ တစေ့တစောင်း(ယမင်း)၊ ၁၉၇၅ ခုနှစ် မြန်မာ စာနယ်ဇင်း သမိုင်းဟောပြောပွဲစာတမ်းများ၊ စာအုပ်စာပေ ဟောပြောပွဲစာတမ်းများ၊ စာအုပ်စာပေစာတမ်းများ၊ ဘာသာပြန်ရည်ညွှန်းစာအုပ်များ (ပ၊ ဒု၊ တ၊ စ)၊ လူ့မိတ်ဆွေစာအုပ် (မန္တလေး)တို့ ပါဝင်သည်။

တစ်ချိန်က ထုတ်ဝေခဲ့သော စာပေဗိမာန်မဂ္ဂဇင်းသည် ပြည့်စုံကောင်းမွန်ခဲ့သည်။ သုတစာစောင်များလည်း ပုံမှန်ထုတ်ဝေခဲ့သည်။ စာပေစာတမ်းဖတ်ပွဲ (စာပေနှီးနှောဖလှယ်ပွဲ) များကို လည်း စာပေဗိမာန်က နှစ်စဉ်လိုလို ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဘာသာရပ် အကြောင်းအရာ၌ နှံ့စပ်သိရှိသူ စာပေပညာရှင်များ တင်သွင်းဖတ်ကြားကြ၊ ပရိသတ်ထဲမှထ၍ ဆွေးနွေးကြနှင့် ပွဲစည်ခဲ့သည်။ ကျွန်တော်မှတ်မိသရွေ့ စာပေနှီးနှောဖလှယ်ပွဲများကို ကျွန်တော့်လက်ဝယ်ရှိ စာအုပ်စာတမ်း အထောက်အထားအရတင်ပြပါမည်။ သိပ္ပံစာပေ နှီးနှောဖလှယ်ပွဲ (၁၉၆၇၊ ဖေဖော်ဝါရီ)၊ ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ (၁၉၆၉၊ စက်တင်ဘာ)၊ ပြဇာတ်နှင့် ပြဇာတ်စာပေ နှီးနှောဖလှယ်ပွဲ(၁၉၇ဝ၊ စက်တင်ဘာ)၊ ကလေးလူငယ် စာပေနှီးနှောဖလှယ်ပွဲ (၁၉၇၃၊ စက်တင်ဘာ)၊ သုတစာပေ စာတမ်းဖတ်ပွဲ(၁၉၇၇၊ ဇန်နဝါရီ)၊ ဝတ္ထုတို စာတမ်းဖတ်ပွဲ (၁၉၇၈၊ မတ်)၊ ခရီးသွားစာပေ စာတမ်း ဖတ်ပွဲ(၁၉၇၉၊ မတ်)၊ ဝတ္ထုရှည် စာတမ်းဖတ်ပွဲ(၁၉၇၉၊ ဒီဇင်ဘာ)၊ မြန်မာကဗျာ စာတမ်းဖတ်ပွဲ(၁၉၈၁၊ ဖေဖော်ဝါရီ)၊ မြန်မာရည်ညွှန်းစာအုပ် စာတမ်းဖတ်ပွဲ (၁၉၈၄၊ ဇန်နဝါရီ)၊ စာတမ်းငယ်စာပေ စာတမ်းဖတ်ပွဲ(၁၉၈၆၊ မတ်)၊ ဘာသာပြန် စာပေစာတမ်းဖတ်ပွဲ (၁၉၈၇၊ မတ်) ဇာတိမာန်စာပေ စာတမ်းဖတ်ပွဲ (၁၉၉၂၊ ဇန်နဝါရီ)တို့ဖြစ်သည်။

ကျွန်တော် လက်လှမ်းမမီသော စာတမ်းဖတ်ပွဲများစွာ ကျန်နေပါလိမ့် မည်။ စာပေဗိမာန်၏ မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျင်းပသောစာပေ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ ကား လက်ဖျားခါလောက်ပေသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် စာပေအဖွဲ့အစည်းများ အစိတ်မက ကွဲပြားနေသည်ကို စုစည်း ညီညွတ်သော စာပေစာနယ်ဇင်းအဖွဲ့ကြီးတစ်ခု ထပ်ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံ စာပေလုပ်သားဖြစ်မြောက်ရေးအတွက် အဖွဲ့စည်းမျဉ်းကို ပါတီဌာန ချုပ်မှာပင် ၁၉၇၅ ခုနှစ် နှစ်ဆန်းမှစ၍ ပါတီမှ တာဝန်ရှိဌာနကြီးမှူးများဖြစ်သော ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်ချုပ်သောင်းဒန်၊ ဒုတိယဗိုလ်မှူးကြီး တင်ထွန်း (လေ)၊ ဗိုလ်ရဲထွဋ်၊ ဦးစောဦး၊ ဗိုလ်သိန်းတန်၊ သခင်တင်မြ၊ ဗိုလ်မှူးခင်မောင်ဦးနှင့် ပြင်ပမှ ဆရာတက်တိုး၊ ဆရာမန်းတင်၊ ဦးလှမြိုင်၊ ဆရာမောင်ထင်၊ တက္ကသိုလ် မြတ်သူတို့ တွေ့ဆုံညှိနှိုင်းရေးဆွဲခဲ့သည်။ 

၁၉၉၅ ခုနှစ် နိုဝင်ဘာလကုန်ရက်တွင် ဥက္ကဋ္ဌအဖြစ် ဆရာမင်းသုဝဏ်၊ အတွင်းရေးမှူးအဖြစ် တက္ကသိုလ်ထင်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆရာကြီး ဦးညှာကာ၊ ဆရာတက်တိုး၊ ဆရာမောင်ထင်၊ လူထု ဦးလှ၊ ဦးဆန်းထွန်း(မန်းတက္ကသိုလ်)၊ တက္ကသိုလ်မောင်ထွန်းဝေ၊ တက္ကသိုလ် မြတ်သူ၊ ပန်းချီဦးဘကြည်၊ မင်းကျော်၊ ကိုကို၊ ဦးလှမြိုင်(ကိုဆောင်း)တို့ ပါဝင်သော ပြည်ထောင်စုစာပေလုပ်သား ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းကြသည်။ ထိုမှစ၍ ကျွန်တော်တို့ စာပေလုပ်သားဖြစ်မြောက်ရေး ကော်မတီ (နောင် ၁၉၇၃ ခုနှစ်တွင် ပြန်ဖွဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စာပေ လုပ်သားအဖွဲ့စည်းရုံးရေး ကော်မတီ) တို့၏ ရုံးစိုက်ရာနှင့် အစည်းအဝေး ကျင်းပရာနေရာသည် ကုန်သည်လမ်းမှ လက်ရှိစာပေဗိမာန် ညွှန်ကြားရေးမှူး ဦးထင်ကြီး၏ ရုံးခန်းမှာပင်ဖြစ်ရာ ကျွန်တော်မှာ စာပေဗိမာန်သို့ အိမ်ဦးနှင့် ကြမ်းပြင်ဖြစ်လာခဲ့သည်။

၁၉၈ဝ ပြည့်နှစ်မှစ၍ စာပေလုပ်သား အဖွဲ့ကြီးကို စာပေစာနယ်ဇင်းအဖွဲ့အဖြစ် ညီလာခံကျင်းပ ဖွဲ့စည်းပြီးသည့်နောက် တွင်လည်း ယင်းအဖွဲ့ကြီးသည် စာပေဗိမာန်အဆောက်အအုံမှာပင် အခြေချ လာခဲ့သည်။ ထိုစဉ်က သတင်းစာပညာ သင်တန်းများဖွင့်လှစ်ခဲ့ရာ ကျွန်တော် ဆွေးနွေးဟောပြောပို့ချခဲ့ရသည်။

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျွန်တော့်ကို ပြန်ကြားရေးဝန်ကြီးဌာနက အကြံပေးတာဝန်ယူစေခဲ့ရာ စာပေဗိမာန်နှင့် ကျွန်တော်လည်း ရေစက်မကုန် ခဲ့ပေ။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့တွင် နိုင်ငံရေးစာပေဆုအတွက် စိစစ်ရွေးချယ်ရန် ကျွန်တော့်အား ၂ဝ၁၂-၂၀၁၃ မှစ၍ တာဝန်ပေးပြန်ရာ စာပေဗိမာန်ပေါ်မှာပင် ကျွန်တော်တို့ အခြေချစည်းဝေးကြ၊ စိစစ်ကြ၊ ရွေးချယ်ကြနှင့် ၂ဝ၁၅ ခုနှစ်ကုန်သည်အထိ ဆောင်ရွက်ခဲ့သည်။

မြန်မာစာပေ တိုးတက်ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ပွားစည်းရေး တာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့သော စာပေဗိမာန်သည် ယခု (၇၅)နှစ်အရွယ်ရောက်ပေပြီ။ မြန်မာ့လူ့သက်တမ်းအရမူ ဇရာအရွယ်ဖြစ်သည်။ ယခင်က ပညာသင်ရ၊ လုပ်ငန်းခွင်ဝင်ရ၊ အိမ်ထောင်ပြုရဖြင့် လူ့လောကသို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရသောအရွယ် (အသက် လေးဆယ်မှစ၍ လူ့ဘဝစတင်သူ- Life begin at Forty)ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ 

၁၉၇၃ ခုနှစ် ဇူလိုင်လက ပိုလန်နိုင်ငံသို့ ရက်သတ္တနှစ်ပတ် သွားရောက်လေ့လာခဲ့သည့် မြန်မာသတင်းစာဆရာ ငါးဦးတွင် ကျွန်တော်လည်း ပါဝင်ခဲ့သည်။ အသွားခရီး၌ အီတလီနိုင်ငံ ရောမမြို့မှ ပိုလန်နိုင်ငံ ဝါဆောသို့အသွား ဩစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်တွင် နှစ်နာရီရပ်နားခဲ့သည်။ ထိုစဉ် ဆိုက်ရောက်လာသော လေယာဉ်စင်းလုံးပြည့်ပါလာသည့် အမေရိကန် အဘိုးကြီး၊ အဘွားကြီးစုံတွဲ များမှာ မြူးပျော်ပြီးလန်းဆန်းတက်ကြွစွာ လေဆိပ်ထဲ ဝင်လာကြသည်။ ကျွန်တော့်ဘေးတွင်ထိုင်သော အဘိုးကြီး၊ အဘွားကြီး စုံတွဲအချို့ကို စကားစပ်မိပြီး မေးကြည့်မှ အမေရိကန် ပင်စင် ရိပ်သာ၌နေကြသောစုံတွဲများ အပျော်ခရီးထွက်လာသည်ဟု ပြောကြသည်။ သို့ဖြင့် သူတို့ကို ကျွန်တော်က မနေနိုင်မထိုင်နိုင် မြန်မာနိုင်ငံမှာဆိုလျှင် ဤ ၇ဝ ကျော်အရွယ် ဘိုးဘွားများသည် တရား ဓမ္မ၌ ပျော်မွေ့နေကြပြီဟု ပြောလိုက်မိသည်။ ထိုအခါ အဘွားကြီးတစ်ဦးက “ဟဲ့.. သူငယ်ရဲ့၊ တို့မှာ ပင်စင်ယူချိန် ရောက်မှ အားလပ်ကြတာလေ၊ မင်း မှတ်ထားကွဲ့၊ Life begin at Seventy အသက်(၇ဝ)မှ လူ့ဘဝစတာ”ဟု ပြောပါသည်။ ထိုအမြင်အရဆိုလျှင် စာပေဗိမာန်သည် ယခုမှ ဘဝအစဟု ဆိုလိုက်ပါရစေ။ တောင့်ထား စာပေဗိမာန်။ ။