သြဂုတ် ၂၆

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အချိန်ကာလအားဖြင့် နှစ်နှစ် ကျော်  သုံးနှစ်နီးပါးကာလသို့ ရောက်ရှိလာပြီဖြစ်သည်။   ကြောက်မက်ဖွယ် ကူးစက်ရောဂါဆိုးကို တစ်ကမ္ဘာလုံးကြုံတွေ့ခံစားခဲ့ရာ ယနေ့အချိန်အထိ ကမ္ဘာ့ လူဦးရေ၏ သုံးပုံတစ်ပုံခန့် ကူးစက်ခံခဲ့ရပြီး  ဆက်လက်၍လည်း ကူးစက်မှုများရှိနေ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြည်သူ သန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး ရောဂါကြောင့် နောက်ဆက်တွဲခံစားမှုများကို အားလုံးကြုံတွေ့နေရသည်။


ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခြင်းမရှိဘဲ မူလဇာစ်မြစ် မှတစ်ဆင့် ရောဂါမျိုးကွဲအဆင့်ဆင့် ပွားများဖြစ်ပေါ်လာကာ ကမ္ဘာ့နိုင်ငံများတွင် ဆက်လက်ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါသည် ပထမလှိုင်း၊ ဒုတိယ လှိုင်းဟူ၍ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်လာပြီး တတိယလှိုင်းတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ပြည်သူများ အသေအပျောက်အများဆုံးဖြစ်ပေါ်ခဲ့သည်။ စတုတ္ထ လှိုင်းတွင် ကိုဗစ်-၁၉ ရောဂါသည် ကူးစက်နှုန်းမြန်ဆန်သော ဗီဇမျိုးကွဲအသွင်ပျံ့နှံ့ခဲ့ ပြီး နိုင်ငံများအနေဖြင့် အသေအပျောက်နည်းသောရောဂါကို အရှိန်အဟုန်မပျက် ကာကွယ်၊ ထိန်းချုပ်၊ ကုသလျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂၄ နာရီအတွင်း ပြည်သူ ၅၀ သေဆုံးခဲ့သည်ဟု သိရသည်။


ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူအမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမနေသင့်ဘဲ အထူးဂရုစိုက်၍ ကာကွယ်၊ ထိန်းချုပ်ရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိသလောက်ဖြစ်သော်လည်း ရောဂါကူးစက်ဖြစ်ပွားနှုန်းများ တစ်နေ့ တခြားမြင့်မားလာသည်ကို  သတိပြုရမည်ဖြစ်သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာကျဆင်းခဲ့ပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိမှု တစ်ရာခိုင်နှုန်းအောက် ရပ်တည်ခဲ့သော်လည်း ယခုကာလတွင် ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာသစ်မှာ သြဂုတ်လ ၁၈ ရက်နေ့တွင် ၃၁ ဦး၊ ၁၉ ရက်နေ့တွင် ၃၂ ဦးရှိရာမှ သြဂုတ်လ ၂၃ ရက်နေ့တွင် ၅၂ ဦးတွေ့ရှိပြီး ၂၄ ရက်နေ့တွင် ၆၃ ဦးအထိ တွေ့ရှိလာခဲ့သည်။


မြန်မာနိုင်ငံ၌ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သေဆုံးသူမရှိ သလောက်ဖြစ်သော်လည်း ကူးစက်မှုနှုန်းမြင့်မားလာသည်ကို သတိပြုရမည်ဖြစ် သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ လာရောက်စစ်ဆေးခံသော ပြည်သူများတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ များအား ကိုဗစ် -၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ကူးစက် ဖြစ်ပွားသူများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်ပေါ်မှုအခြေအနေများကို ပြည်သူများအား အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။


ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခုကာလအထိ ရောဂါပိုးတွေ့သူ သန်း ၁၀၀ နီးပါးရှိ၍ သေဆုံးသူ တစ်သန်းကျော်ရှိပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲများကို ကာကွယ်ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဆက်လက်ကူးစက်ဖြစ်ပွားနေစဉ် တွင် ကြောက်မက်ဖွယ် မျောက်ကျောက်ရောဂါကူးစက်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် အများဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွား ခြင်းမရှိသေးဘဲ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ယခုအခါ ပြန်လည်မြင့်တက်လာ သည်။ ယခင်ကာလများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ခြောက်သိန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ နှစ်သောင်းနီးပါးရှိခဲ့သည်။ 


ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်၍ အသက် (၅)နှစ်နှင့် အထက် ပြည်သူအားလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရန်လိုအပ်သည့်အပြင် အသက် (၁၈) နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပြီးစီးသည့်ကာလ  ခြောက်လပြည့်ပြီးသော  ပြည်သူများအနေဖြင့် လည်း ထပ်ဆောင်းကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ထပ်မံထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး  လိုက်နာရမည့်အချက်များကိုလည်း  မမေ့လျော့ရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။    ။

ကြေးမုံ