နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်း

 

ယနေ့ကျင်းပတဲ့  (၇၅)နှစ်ပြည့်  စာပေဗိမာန် စိန်ရတုအခမ်းအနားသို့    တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊စာပေပညာရှင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ စာပေတိုက်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များအားလုံး စိတ္တသုခ၊ ကာယသုခချမ်းသာခြင်းနှစ်ဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာပထမနှုတ်ခွန်းဆက် သအပ်ပါတယ်။

 

ဒီနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ဟာ မြန်မာ့စာပေလောကမှာ    အစဉ်အလာကြီးမားစွာ ရပ်တည်ခဲ့တဲ့ စာပေဗိမာန်ရဲ့ (၇၅)နှစ်ပြည့် စိန်ရတုတိုင်တဲ့    ရက်ကောင်းရက်မြတ် အချိန်အခါလည်း  ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး၊  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက်  ယခင်က  အကြောင်းရင်းများ စွာရှိနိုင်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ “ပညာသည် သာ အခရာ” ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံထားကြပါတယ်။ ဒီပညာဆိုတာကို ငယ်စဉ် ဘဝက သင်ယူခြင်း၊ လေ့လာခြင်းစတဲ့နည်းလမ်းတွေကို အများဆုံးအသုံးပြု သင်ယူကြရတာဖြစ်ပါတယ်။ လက်တွေ့ လုပ်ငန်းခွင်ဝင်ရောက်စဉ်၊ အဆင့် မြင့်ပညာတွေကို      ဆက်လက်သင်ယူနေစဉ်နဲ့ စဉ်ဆက်မပြတ်    လေ့လာသင်ယူမှု(Continuous Learning) ပြုလုပ်စဉ်မှာတော့ စာအုပ်စာတမ်းတွေ၊ ဆွေးနွေး ပြောကြားမှုတွေကို အဓိကအခြေပြုပြီးတော့ လေ့လာ၊ နားထောင်၊ ကြံစည်၊ တီထွင်မှုတွေ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။

 

ခေတ်အစဉ်အဆက်မှာ ဒီလိုစဉ်ဆက်မပြတ် ပညာကိုဆည်းပူးနိုင်ဖို့၊   ပညာကိုမျှဝေပေးနိုင်ဖို့ နိုင်ငံသူ/နိုင်ငံသား၊     ကမ္ဘာသူ/ကမ္ဘာသားတွေ လက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ဖို့အတွက် စာအုပ်၊  စာပေတွေကို  ကျွန်တော်တို့လူသားတွေ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ခေတ်မီတိုးတက် လာတဲ့ နည်းပညာရပ်များရဲ့အကူအညီနဲ့ ကျောက်စာ၊ ပေစာ၊ စာအုပ်၊ အီလက်ထရွန်နစ် စာရွက်စာတမ်း စသဖြင့် အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းနိုင်ကြပေ မယ့်  စာအုပ်၊  စာပေဆိုတဲ့  အနှစ်သာရကတော့ မပြောင်းလဲပါဘူး။ ကျွန်တော်တို့မြန်မာတွေဟာ စာအုပ်၊ စာပေတွေနဲ့ ပညာကို ဘယ်လောက်အထိ တန်ဖိုးထားခဲ့ကြတယ်၊ ဘယ်လောက်ထိ လေ့လာခဲ့ ကြတယ်ဆိုတာကို “စာတစ်လုံး ဘုရားတစ်ဆူ”ဆိုတဲ့ ရှေးခေတ်ဆိုရိုးစကား၊ “အလိမ္မာစာမှာရှိ” ဆိုတဲ့ စကား၊ “စာအုပ်စာပေ လူ့မိတ်ဆွေ”ဆိုတဲ့ စကား တွေကို ထောက်ရှုခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

ဒီလိုတန်ဖိုးထားခဲ့ကြလို့လည်း ကျွန်တော်တို့ စာပေ၊ ကျွန်တော်တို့ စကား၊ ကျွန်တော်တို့ယဉ်ကျေးမှု ဟာ ဒီနေ့အထိ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲနေတာကို ဂုဏ်ယူဖွယ်တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီနိုင်ငံဖြစ်ခဲ့ရပါတယ်။    ကျွန်တော်တို့လိုပဲ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံအချို့မှာ သူတို့ရဲ့မူရင်းစာပေအက္ခရာ   ပြည့်ပြည့်စုံစုံ မရှိတော့တာတွေ၊   အခြေခိုင်မာပြီးကောင်းမွန်တဲ့ ယဉ်ကျေးမှုပုံစံအချို့ မှေးမှိန်ပျောက်ကွယ် သွားရတာတွေ ရှိခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံမှာတော့  ဒါတွေဟာ ပြည့်ပြည့်စုံစုံနီးပါး  ယနေ့ထက်တိုင်ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ ပညာသင်ကြားစအရွယ်ကပင် ကြားသိဖူးတဲ့ ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာတစ်ပုဒ် ဖြစ်တဲ့  “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆိုတဲ့  တန်ဖိုးရှိတဲ့စာပေကြောင့်ပါပဲ။  ဒီလိုခေတ် အဆက်ဆက်   လက်ဆင့်ကမ်းခဲ့ကြရာမှာ  စာပေ ဗိမာန်ဟာလည်း မြန်မာ့လွတ်လပ် ရေးအကြိုကာလနဲ့ လွတ်လပ်ရေးရပြီး ကာလတွေမှာ မြန်မာ့စာပေ တာဝန်နဲ့ ပြည်သူလူထုကို အသိပညာဖြန့်ဖြူးရေး တာဝန်တွေကို အထူးကျေပွန်ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်နေတဲ့   ဂုဏ်ယူဖွယ်ရာ   အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။

 

စာပေဗိမာန်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၅) နှစ် သမိုင်းကြောင်းကို ခြေရာကောက်ရရင် ၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်က  ဆိုရန်တိုဗီလာအဆောက်အအုံ မှာကျင်းပတဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားတိုးတက်ရေး   နှစ်နှစ်စီမံကိန်း)  ရေးဆွဲရေး ကွန်ဖရင့်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ခေတ်မီဗဟုသုတတွေ ကြွယ်ဝပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စွမ်းစွမ်း တမံဆောင်ရွက်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပြန်ဌာနကြီးတစ်ခုဖွင့်လှစ်ဖို့   ထည့်သွင်းပြောကြားခဲ့ပါတယ်။   ဗိုလ်ချုပ်ရဲ့   လမ်းညွှန်ချက် အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်များနဲ့     စာပေပညာရှင်တို့ဟာ    (Burma Translation Society-BTS)လို့ ခေါ်တဲ့ (မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း)ကို ၁၉၄၇ ခုနှစ် ဩဂုတ် လ ၂၆ ရက်မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒီနေ့ ဟာ   စာပေဗိမာန်ရဲ့အစပဲ  ဖြစ်ပါတယ်။  စတင် ဖွဲ့စည်းစဉ် ဝန်ကြီးချုပ်ဦးနုက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး အုပ်ချုပ်မှုကောင်စီဝင် ၁၁ ဦး စုစုပေါင်း ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့ကာ နောက်ပိုင်းမှာတော့ အုပ်ချုပ်မှု ကောင်စီဝင် ၁၅ ဦးအထိ ဖြစ်လာခဲ့ပါတယ်။

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ မြန်မာ နိုင်ငံ  ဘာသာပြန်စာပေအသင်းရဲ့  ယာယီအသင်း တိုက်ကို    ဂျပ်ဆင်ကောလိပ်ဝင်းအတွင်းမှာရှိတဲ့ ပါမောက္ခဒေါက်တာလှဘူးရဲ့   နေအိမ်မှာ  ခေတ္တ ငှားရမ်းဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် မေလဆန်း ပိုင်းမှာ ဝန်ထမ်းအင်အား များပြားလာတာကြောင့် ယာယီအသင်းတိုက်နေရာကနေ    အမှတ် ၃၆၁၊ ပြည်လမ်းမှာရှိတဲ့ ဆိုရန်တိုဗီလာအဆောက်အအုံကို ငှားရမ်းပြောင်းရွှေ့ကာ အသင်းတိုက်ရဲ့ အမည်ကို လည်း  စာပေဗိမာန်လို့  ပြောင်းလဲအမည်ပေးခဲ့ပါ တယ်။ စာပေဗိမာန်ရဲ့ဆောင်ပုဒ်ကို “အမှောင်ခွင်း၍ အလင်းဆောင်အံ့”လို့ဆိုပြီး စာဆိုတော် ဆရာကြီး ဦးဝန်(မင်းသုဝဏ်)က   ရွေးချယ်ပေးခဲ့ပြီး တော့မှ ရန်ကုန်တက္ကသိုလ်  ပထမဆုံးစာကြည့်တိုက်မှူး၊ စစ်ပြီးခေတ်မှာ မြန်မာ့အသံကို စတင်တည်ထောင် ခဲ့သူဖြစ်တဲ့ ဆရာ K (ဦးခင်ဇော်)က ယင်းဆောင်ပုဒ် ကို “Light, where Darkness was” လို့ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပေးခဲ့ပါတယ်။

 

နောက်ပိုင်းမှာ ပုံနှိပ်ရေးလုပ်ငန်းတွေ များပြား လာတဲ့အတွက်      မြို့တွင်းရုံးခွဲအဖြစ်ထားရှိဖို့ ကုန်သည်လမ်းနဲ့ ၃၇ လမ်းထောင့် မြေနေရာကို ဝယ်ယူပြီး   စာပေဗိမာန်အဆောက်အအုံသစ်ကို အုတ်မြစ်ချခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် မေလ ၅ ရက် ကြာသပတေးနေ့မှာ စာပေဗိမာန်အဆောက်အအုံ သစ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ (၆၇)နှစ် ကျော်ခဲ့ပါပြီ။

 

ဒီစာပေဗိမာန်ကြီးဟာ    ပြည်သူလူထုကို ပညာမျက်စိအလင်းပေးဖို့ ရည်ရွယ်ချက်နဲ့ လူထု အလင်း၊ လူထုအိတ်ဆောင်၊ လူထုတက္ကသိုလ်စာစဉ် လုပ်ငန်းတွေကို ပထမဦးစွာဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ (က-ကုံ) ကို  စတင်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး  ၁၉၇၇  ခုနှစ်မှာ မြန်မာ့စွယ်စုံကျမ်းနောက်ဆုံးတွဲဖြစ်တဲ့ အတွဲ-၁၅ ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ စာပေမှတ်ကျောက်တင်ရမယ့် ဂုဏ်ယူဖွယ်ရာလည်း ဖြစ်ပါတယ်။ ကျောင်းသုံး စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊     ဝေါဟာရဘဏ် လုပ်ငန်း၊ နှစ်ငါးဆယ်စာစဉ်များ၊ စာပေဗိမာန်မဂ္ဂဇင်း၊ ပြည်သူ့ လက်စွဲစာစဉ်၊   သုတပဒေသာစာစောင်၊ ရွှေသွေးဂျာနယ်တို့ကို ထုတ်ဝေခဲ့တဲ့ ဌာနကြီးလည်း ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ် မတ်လမှာ စာပေဗိမာန် စာကြည့်တိုက်၊ ၁၉၆၀ ပြည့်နှစ် ဇူလိုင်လမှာ စာပေ ဗိမာန်အသင်းကို တည်ထောင်ခဲ့ကြတဲ့အပြင် စာပေနှီးနှောဖလှယ်ပွဲတွေ၊   စာတမ်းဖတ်ပွဲ တွေ၊  နိုင်ငံတကာစာအုပ်နှစ်     အခမ်းအနားတွေကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင်   မြန်မာစာပေ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်     စာပေပြုစုထုတ်ဝေမှုလုပ်ငန်းနဲ့အတူ စာပေဗိမာန်ဆုဆိုပြီး    စာပေဆုတစ်ရပ်    တီထွင် ချီးမြှင့်မှုကနေ      အနုပညာဆိုင်ရာစာပေဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စသဖြင့် အဆင့်ဆင့်တိုးတက်ချီးမြှင့်နိုင်ခဲ့ကာ ၂၀ဝ၁ ခုနှစ်ကစပြီး      အမျိုးသားစာပေတစ်သက်တာဆုကို နိုင်ငံတော်၏အမြင့်ဆုံးဆုအဖြစ် တီထွင် ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။   ယခုအချိန်အထိ အမျိုးသားစာပေ တစ်သက်တာဆုရှင် ၃၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ စာကောင်းပေမွန်တွေ၊ တိုင်းကျိုးပြည်ပြုစာတွေ အမြောက်အမြား  ပြုစုထုတ်ဝေ နိုင်ခဲ့သလို စာရေး ဆရာများ၊  စာပေဝါသနာရှင်များကိုလည်း ပြုစု ပျိုးထောင်ရာ အဓိကဌာနကြီးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေကို စာပေဗဟုသုတတွေ ပြည့်စုံလာစေဖို့၊ အသိဉာဏ်ပညာများ မြင့်မားလာ စေဖို့အတွက်  စာပေနဲ့တိုင်းကျိုးပြည်ပြုလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်က စာပေပညာရှင်များကိုလည်း   အသိအမှတ်ပြု လေးစားပါကြောင်း    ကျွန်တော်ပြောကြားလိုပါ တယ်။ ယနေ့ အမျိုးသားစာပေဆုရှင် အများစုဟာ လည်း ဒီစာပေဗိမာန်ကပဲ မွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ယခု ထွန်းဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး မြန်မာ့စွယ်စုံကျမ်းတွဲများ   ပြန်လည်တည်းဖြတ် ဖြည့်စွက်ထုတ်ဝေခြင်း ဆောင်ရွက်ခဲ့ရာမှာ ယခု ဆိုရင်  အတွဲ-၁(က-ကုတ်)ကို ခေတ်စနစ်နဲ့အညီ ပြန်လည်ပြင်ဆင်ထုတ်ဝေနိုင်ခဲ့ပါတယ်။

 

ကျွန်တော့်အနေနဲ့လည်း ငယ်စဉ်ကတည်းက စာအုပ်စာပေတွေကို  ဖတ်ရှုလေ့လာမှတ်သားတဲ့ နေရာမှာ အဓိက  အထောက်အကူပြုခဲ့တာက ဒီစာပေဗိမာန်ကထုတ်ဝေတဲ့ စာအုပ်၊ စာစောင်များပဲ ဖြစ်ပါတယ်။  ငယ်စဉ်ကတည်းက   စာပေဗိမာန်၊ စာကြည့်တိုက်အသင်းဝင်အဖြစ်   ဝင်ရောက် ခဲ့ပြီး အဲဒီခေတ်ကထုတ်ဝေခဲ့တဲ့ စာအုပ်၊ စာစောင်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။  အဲဒီကနေရ ရှိခဲ့တဲ့ အသိပညာဗဟုသုတတွေဟာ    ယနေ့ထက်တိုင် တန်ဖိုးမဖြတ်နိုင်တဲ့    စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်နဲ့ သက်တူ၊ ရွယ်တူတွေ၊ ကျွန်တော့်ထက် အသက်အရွယ်ကြီးမား သူတွေနဲ့ ငယ်ရွယ်သူတွေကလည်း စာပေဗိမာန်ရဲ့ ကျေးဇူးကြောင့် ခေတ်အမြင်၊ ခေတ်အသိ၊ တိုင်းကျိုး ပြည်ပြုစာပေတွေကို ဖတ်ရှုလေ့လာခွင့်ရရှိခဲ့ကြမှာ ဖြစ်ပါတယ်။  ဒီအတွေ့အကြုံ၊ ဗဟုသုတတွေကို တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက် ရေးနဲ့ အနိမ့်ဆုံးအဆင့် မိမိနဲ့ဆက်စပ်နေတဲ့ လူမှု ပတ်ဝန်းကျင်ကို ကောင်းကျိုးပြု တိုးတက်စေတဲ့ လုပ်ငန်းတွေအတွက် အသုံးပြုခဲ့ကြမှာ အမှန်ပဲဖြစ်ပါ တယ်။  

 

လက်ရှိအချိန်ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ “စစ်မှန်စည်းကမ်းပြည့်ဝ တဲ့ ပါတီစုံဒီမိုကရေစီစနစ်”ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ဆိုရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့အမျိုးသားရေးစရိုက်လက္ခဏာနဲ့ ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေတဲ့   ပညာရေးစနစ်မျိုး၊ လေ့လာ သင်ယူနိုင်တဲ့    အခြေအနေမျိုးတွေကို    ဖန်တီး ဆောင်ရွက်နိုင်ဖို့ လိုပါမယ်။     ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ   ဒီမိုကရေစီအလေ့အကျင့် ကောင်းတွေကို သင်ကြားပေးနိုင်မယ့် ကောင်းမွန်တဲ့ ပညာရေးစနစ်၊ စဉ်ဆက်မပြတ်လေ့လ နိုင်တဲ့စနစ် ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

 

ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့   လိုပါမယ်။    မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ      အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့တဲ့ ဒီမိုကရေစီနဲ့ ပညာရေး အဆက် အစပ်ဟာ သတိပြုဖွယ်ဖြစ်ပါတယ်။ “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်ဟာ အခက်ခဲဆုံးဖြစ်တယ်။   ဒီမိုကရေစီအောင်မြင်ဖို့ ပြည်သူပြည်သားတွေက    အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား လုံလောက်စွာရှိရမယ်၊ ပညာရေး သည်     နိုင်ငံတော်၏အခြေခံအစစ်ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ  ဖြစ်စေလိမ့်မယ်”လို့ ပြောခဲ့ ဖူးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ “ပါတီစုံဒီမိုကရေစီ စနစ်”ခိုင်မာရေးနဲ့  “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု”ကို တည်ဆောက်နိုင်ဖို့ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့   ဦးစားပေး ဆောင်ရွက်ရပါမယ်။  စစ်ဘေး၊ စစ်ဒဏ်ကြောင့် ပညာရေးအားနည်းခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် “အ”သုံးလုံးလှုပ်ရှားမှုဆိုတဲ့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို     အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ကြပါတယ်။   သို့သော် နိုင်ငံတော်ရဲ့ အနာဂတ်ဟာ စာတတ်ရုံနဲ့မပြည့်စုံ သေးပါဘူး။ စာဖတ်ဖို့နဲ့ စဉ်ဆက်မပြတ် လေ့လာဖို့ လည်းလိုအပ်ပါတယ်။   ဒါတွေလုပ်နိုင်ဖို့ အခြေခံ အဆောက်အအုံ (Infrastructure)တွေ လိုပါတယ်။ စာသင်ကျောင်းတွေ၊ စာသင်ဌာနတွေကစပြီး စာအုပ်၊ စာပေထုတ်ဝေသူ အဖွဲ့အစည်းတွေ၊ ပြုစုသူ စာရေး ဆရာတွေ၊  သုတေသီတွေ၊  စာကြည့်တိုက်တွေ၊ လှုံ့ဆော်သူတွေ စသဖြင့်လိုအပ်ပါတယ်။ ဒီအခြေခံ အဆောက်အအုံတွေဟာလည်း  မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး၊ မိမိစာပေနဲ့ ယဉ်ကျေးမှုတွေ အပေါ်မှာ သန့်စင်မြင့်မြတ်တဲ့      စိတ်ထားရှိဖို့လိုပါတယ်။ အယူဝါဒမှိုင်းကင်းစင်တဲ့ အသိပညာ ဗဟုသုတတွေကို ဖြန့်ဖြူးပေးရပါလိမ့်မယ်။ အဆိပ်အတောက် ကင်းစင်တဲ့ စာပေတွေဖြစ်ဖို့ လိုပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ အချို့သောစာအုပ်စာပေတွေ၊ စာပေ ဟောပြောပွဲအမည်ခံ ပြောဆိုမှုတွေဟာ ဒီမိုကရေစီ စနစ်ထူထောင်စ    ကျွန်တော်တို့နိုင်ငံအတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့၊ စိတ်ဝမ်း ကွဲပြားမှုများပြားတဲ့    လူမှုအဖွဲ့အစည်း  (Highly Divided Society)တွေကို ဦးတည်သွားစေခဲ့တာကို လည်း မြင်တွေ့နိုင်ပါလိမ့်မယ်။   ဒါတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ ဆင်ခြင်ရပါလိမ့်မယ်။

 

၂၀၁၉  ခုနှစ်မှာ   ထုတ်ပြန်ခဲ့တဲ့  ရှေ့ပြေးသန်းခေါင်စာရင်းအရ ကျွန်တော်တို့နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ    ပညာရေးအားနည်းနေတာ တွေ့ရပါတယ်။    ဒါ့ကြောင့်  ကျွန်တော်တို့အစိုးရ အနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာရည်မြှင့်တင် ရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ အခြေခံ ဥပဒေမှာ နိုင်ငံသားတိုင်း အခြေခံပညာမူလတန်း အဆင့် ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ရမည် လို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့  ရည်မှန်းချက်ထက်ကျော်လွန်ပြီး နိုင်ငံသားတိုင်း    KG+9   အဆင့်(အခြေခံပညာ အလယ်တန်း အဆင့်) ရောက်ရှိစေရေး ဆောင်ရွက် လျက်ရှိပါတယ်။  ဒါဟာ   ကျွန်တော်တို့က နိုင်ငံ့ အနာဂတ်၊ ဒီမိုကရေစီစနစ်ရဲ့ အနာဂတ်ကို အခြေခံ ကျကျ တည်ဆောက်နေတာဖြစ်ပါတယ်။ နိုင်ငံသား တိုင်း ပညာရည်မြင့်မားခြင်းနဲ့ အနာဂတ်တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေကို တိုင်းရင်းသား ပြည်သူအားလုံး ခံစားရမှာဖြစ်ပါတယ်။ စာတတ် သူတိုင်း   စာဖတ်လာအောင်၊  စာဖတ်သူတိုင်း ကောင်းမွန်မှန်ကန်တဲ့  အသိပညာဗဟုသုတတွေ ရလာအောင်၊ တိုင်းကျိုးပြည်ပြုစိတ်တွေ ကိန်းအောင်း လာအောင် ကျွန်တော်တို့ ဆောင်ရွက်ကြရပါမယ်။

 

ဒီလို “ပညာပြည့်ဝ နှလုံးလှတဲ့” လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်ကို  တည်ဆောက်ရာမှာ  စာပေဗိမာန် အနေနဲ့ အတိတ်ကာလမှာ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သလို ယခုပစ္စုပ္ပန်ကာလနဲ့ အနာဂတ် ကာလတွေမှာလည်း ပါဝင်နိုင်အောင်ဆောင်ရွက်ကြ ရပါမယ်။ စာပေဗိမာန်ကြီးက ယခုလိုဆောင်ရွက် နေခြင်းဟာ အမျိုးသားရေးတာဝန်တစ်ရပ်ကို စာပေ စွမ်းအားဖြင့်   မြှင့်တင်နေခြင်းပဲ   ဖြစ်ပါတယ်။ စာပေဗိမာန်ကထုတ်ဝေတဲ့ စာကောင်းပေမွန်များ၊ သုတ၊ ရသစာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတများပြည့်စုံတဲ့ အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေး စိတ်ဓာတ်များရှင်သန်လာပြီး   မိမိယဉ်ကျေးမှု ဘာသာဓလေ့ထုံးစံတွေကို   တန်ဖိုးထားမြတ်နိုးတတ်တဲ့   အလေ့အထကောင်းများရှိလာမယ့် စာတတ်ပေတတ်  အနာဂတ်မျိုးဆက်သစ်လူငယ်များ တိုးပွားလာစေမှာ ဖြစ်ပါတယ်။ ဒီလို စာတတ်ပေတတ်    ပညာရည်မြင့်မားတဲ့   မျိုးဆက်များ ပေါ်ထွန်းလာမှသာ နိုင်ငံတော်ရဲ့ အနာဂတ်ပုံရိပ် ပိုမိုလှပလာမှာ ဖြစ်ပါတယ်။

 

“အမှောင်ခွင်း၍   အလင်းဆောင်အံ့”ဆိုတဲ့ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်နဲ့အညီ စာပေဗိမာန်က ထုတ်ဝေတဲ့ စာပေ၊ စာကောင်းများဟာ အမျိုးသားရေး ကို ထိခိုက်စေနိုင်တဲ့ “ဝါဒမှိုင်း၊ စာပေမှိုင်း”များ မပါဘဲ ၃၈ ဖြာမင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံ နေထိုင်တတ်တဲ့  ခေတ်အမြင်၊  ခေတ်အတွေးနဲ့ ပညာဗဟုသုတပြည့်စုံတဲ့ နိုင်ငံ့သားကောင်း၊ သမီး ရတနာများ တိုးပွားလာရေးကိုရည်ရွယ်ပြီး ထုတ်ဝေ ခဲ့ခြင်းဖြစ်ပါတယ်။ ပညာတတ်လူရည်ချွန်၊ လူရည် မွန်များ တိုးပွားလာမှသာ ဒီမိုကရေစီစံနှုန်းများနဲ့ အနှစ်သာရကို ကောင်းစွာသဘောပေါက်နားလည် ပြီး မြန်မာ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုတဲ့ လူ့ဘောင်သစ်အဖွဲ့အစည်း ပေါ်ပေါက် လာမှာလည်း ဖြစ်ပါတယ်။ စာပေဗိမာန်ကြီးက ဒီလို တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ နေရာမှာ ၇၅ နှစ်တာကာလအတွင်း စာပေဗိမာန်မှာ ဦးဆွေးဆံမြည့်    တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရာထမ်း၊ အမှုထမ်းတွေအားလုံးကိုလည်းဂုဏ်ပြု၊ အသိအမှတ်ပြု ပါကြောင်းကိုလည်း အလေးထား ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့

ကျွန်တော်တို့အစိုးရအနေနဲ့   “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအကျိုးကိုရှေးရှုပြီး ပိုမို ကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကိုတည်ဆောက်ရာမှာ    စာပေဗိမာန်သည်လည်း စာပေအားဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

 

ဒီစာပေဗိမာန်ကြီးဟာ      အမျိုးသားရေး ကြိုးပမ်းမှုကာလ တစ်လျှောက်လုံးမှာ စဉ်ဆက် မပြတ်   စာပေလုပ်ငန်းများနဲ့   တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့တာဟာဆိုရင် ယခုဆို စိန်ရတုကာလ တိုင်ခဲ့ပြီ   ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတော်တည်ဆောက်ရေး၊ တိုင်းပြည်တိုးတက် ရေး၊ စာကောင်းပေမွန်များ တိုးပွားထုတ်လုပ်နိုင်ရေး လုပ်ငန်းတွေကို ယခုထက်မက ဆောင်ရွက်နိုင်ပြီး ယခုကျရောက်တဲ့ စာပေဗိမာန်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်း များစွာတိုင် တည်တံ့ပါစေကြောင်း၊ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည် ဆောက်ရေးလုပ်ငန်းတွေမှာ ကျရာကဏ္ဍက စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နိုင်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။