ရွှေဘိုသီရိမာလာ

 

လမ်းအတွင်း ဖြတ်သန်းသွားကြသော ကျောင်းသားကျောင်းသူများကို သနပ်ခါးအဖွေးသားနှင့်တွေ့ရ၍ စိတ်ချမ်းမြေ့မိသည်။ နံနက်ခင်းကတည်းက သနပ်ခါးထူလပျစ်ဖြင့် ဈေးရောင်းနေကြသူ အမျိုးသမီးကြီးငယ်များ၏ ပါးတွင် ညနေစောင်းသည့်တိုင် သနပ်ခါးပါးကွက်ကျား ကျန်နေသေးသည်ကို မြင်ရ၏။ သနပ်ခါးကို လူကြီးလူငယ်မရွေး လိမ်းကြသည်။ ဆင်းရဲချမ်းသာမရွေးလိမ်းကြသည်။ ကြိုက်နှစ်သက်ကြသေးသည်။

 

တစ်ခါက ကျွန်မအမေရိကန်ရောက်စဉ် အမျိုးသမီးတစ်ဦး သနပ်ခါးလိမ်းထားသည်မြင်၍ ဟုတ်၊ မဟုတ် မေးမြန်းကြည့်ရာ “ကျွန်မက မြန်မာပြည်မွေး တရုတ်အမျိုးသမီးပါ၊ ဒါမြန်မာ့သနပ်ခါးလို့ ခေါ်တယ်။ အသားအရေလှပြီး ကျန်းမာရွှင်လန်း တယ်” ဟုဖြေဆိုရာ ကျွန်မမှာ မြန်မာပြည်သူဟု မပြောရဲဘဲ မျက်နှာကမိတ်ကပ်ကို ယောင်ယမ်းစမ်းမိ၊ ရှက်မိခဲ့သေးသည်။ တေးသွားတစ်ခုကို ညည်းနေမိသည်။ “ရွှေဘို သနပ်ခါးတုံးများ ... ရန်ကုန်လိမ်းဖို့ ယူ ... ဘယ်လိုအသားမည်းမည်း ... ဝါဝါညက်ညက် ဖြူ... ပုစွန်တောင် ကြည့်မြင်တိုင်သူနဲ့ ... မန္တလေးမြို့ တော်သူ ... ရွှေဘိုသနပ်ခါးလိမ်းရင်ဖြင့် စိမ့်စိမ့် ညက်ညက်ဖြူ ... ။”

 

နန်းတော်ရှေ့ ဆရာတင်ရေးစပ်၍ မန္တလာမြင့် သီဆိုခဲ့သလို ကိုအံ့ကြီးကလည်း သီဆိုခဲ့သည်။ ရွှေဘို သနပ်ခါးသီချင်းကို သနပ်ခါးသွေးတိုင်း ဘွားဘွား သီဆိုသဖြင့် ကျွန်မတို့သည် နားတွင်စွဲကျန်ရစ်သည်။ ဘွားဘွားသည် သနပ်ခါးကြိုက်နှစ်သက်သလို နောင်သောအခါ ကျွန်မတို့လည်း သနပ်ခါးကြိုက်ရကောင်းမှန်းသိလာသည်။ ဘွားဘွားမျက်နှာသည် သနပ်ခါးအသွေးအရောင်ဖြင့် ဝင်းပနေသည်။ ကျွန်မအထင် ဘွားဘွားမျက်နှာတွင် နာရီဝက်တစ်ခါလောက် သနပ်ခါးလိမ်းနေသည်ဟု ထင်မိသည်။ မျက်နှာသစ်လျှင်လည်း ချက်ချင်းသနပ်ခါး ပြန်လိမ်းလေ့ရှိသည်။ ညဉ့်နက်သန်းခေါင်တွင်လည်း ဘွားဘွား၏ သနပ်ခါး သွေးသံကြားနေရသည်။

 

အမျိုးသမီးတိုင်း စွဲလမ်းနှစ်သက်ကြ

 

ဘွားဘွားက ခေါင်းမူးလျှင် သနပ်ခါးကိုသွေး၍ နှာခေါင်းနားတစ်ဝိုက်ရှူသည်။ အနာအဆာလေးများရှိလျှင် သွေး၍သောက်သည်။ မန်းနိုင်သည်ဟု ဆိုသည်။ ဘွားဘွားနေမကောင်းလျှင် “ရင်တွေပူလွန်း လို့ သနပ်ခါးလေးသွေးပြီး ရင်ဘတ်ပေါ် ပုံပေးစမ်းမြေးရယ်...” ဟု ဆိုတတ်သည်။ သနပ်ခါးကို ကျွန်မ၏ ဘွားဘွားခုံမင်နှစ်သက်သကဲ့သို့ ကျွန်မတို့ အမျိုးသမီးတိုင်းလည်း စွဲလမ်းနှစ်သက်ကြသည်။ နံနက်အိပ်ရာမှထလျှင် မျက်နှာသစ်ပြီး သနပ်ခါးတုံး မွှေးမွှေးလေးကျောက်ပြင်ထက်တွင် သွေးလိမ်းကြသည်။ ရနံ့သင်း၍ အသားအရေ ဝင်းပကြည်လင်စေသဖြင့် မြင်ရသူအား ဘဝင်အေးစေပြီး လတ်ဆတ်ရွှင်လန်းစေသည်။ သနပ်ခါးလိမ်းထားရလျှင် စိတ်ကြည်လင်၍ ယဉ်ကျေးလှပသောအသွင်ကို ဆောင်စေသဖြင့် လူတိုင်းနှစ်သက်ကြသည်။

 

သနပ်ခါးကို ပျိုအိုမရွေး နှစ်သက်ကြသလို အလုပ်သမားများ၊ လယ်သူမများသည် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်စေရန်အလို့ငှာ သနပ်ခါး ကို စွဲစွဲမြဲမြဲလိမ်းကျံကြသည်။ ပါးကွက်ကျားကလေးများ လိမ်းကြသည်။ သို့မှသာ အသားပတ်ခြင်း၊ နေလောင်၍ အသားညိုညိုမောင်းမောင်းဖြစ်ခြင်း၊ တင်းတိပ်စွဲခြင်းများမှ ကာကွယ်နိုင်လေသည်။

 

သနပ်ခါးကို စိတ်လက်ပျော်ရွှင်ရန်သော်လည်းကောင်း၊ အလုပ်မှငြီးငွေ့မှုနှင့် ချွေးနံ့ပပျောက်ရန်သော်လည်းကောင်း လိမ်းကျံကြသည်။ ကျွန်မတို့ အလှူ၊ မင်္ဂလာဆောင်သွားရာတွင် မိတ်ကပ်များ လိမ်းလာလျှင် ဘွားဘွားက “ပြန်လာရင် ဆပ်ပြာနဲ့ မျက်နှာသစ်ပြီး သနပ်ခါးရေကျဲလေး လိမ်းထားသမီးတို့၊ သူတို့မိတ်ကပ်က ဓာတုဗေဒပစ္စည်းတွေနဲ့ လုပ်ထားတော့ အခိုးအငွေ့ပိတ်၊ အဆီပိတ်နဲ့ တော်တော်ကြာ အသားအရေခန်းခြောက်ပြီး တင်းတိတ်စွဲ ... ဝက်ခြံပေါက်နဲ့ ... မျက်နှာလည်း ပူသေးတယ်၊ သနပ်ခါး အမြဲလူးရင် အသားအရေလေးကို ဝင်းကြည်နုညက်လာလိမ့်မယ် ...” ဟု မကြာခဏပြောဖူးသည်။

 

 မိတ်ကပ်ကြာကြာလိမ်းထားလျှင် ကျွန်မတို့မျက်နှာ ပူလောင်တင်းကျပ်လာသည်။ ထို့ကြောင့် သနပ်ခါးကို ပြန်လိမ်းကြရသည်။ သင်္ကြန်ရေသဘင် မဏ္ဍပ်တွင် သုံးရက်လောက် မိတ်ကပ်လိမ်း၍ ရေကစားလျှင် အသားမွဲခြောက်ခြောက်ဖြစ်နေ၍ ပြန်လည်အသားမှန်ရန် သနပ်ခါးကို ထူထူပိန်းပိန်း နေ့စဉ်လိမ်းကြရသည်။

 

သနပ်ခါးအမျိုးမျိုးရှိရာတွင် ရွှေဘိုသနပ်ခါးသည် အကျော်ကြားဆုံးဖြစ်သည်။ သနပ်ခါးဟုဆိုလျှင် ရွှေဘိုပါမှပြည့်စုံပေမည်။ ရွှေဘိုနယ်မှ ထွက်သော သနပ်ခါးသည် မာကျစ်သော ကျောက် စရစ် မြေနီကြောမှပေါက်သဖြင့် အသားသိပ်သည်း မာကျစ်ပြီး နီကြင့်ကြင့်အပွေးများဖြင့် အသွေးခံသည်။ ရနံ့မွှေးကြိုင်သည်။ နီရဲအက်ကွဲသော အပွေး များရှိသော ကျောက်စရစ်မြေမှထွက်သည့် သနပ်ခါးသည် နှစ်ထပ်ပွေး၊ သုံးထပ်ပွေးဟူ၍လည်းရှိသည်။ သုံးထပ်ပွေးသည် အပွေးထူ၍ အကောင်းဆုံးဖြစ်ပြီး တစ်ထပ်ပွေးသည် အပွေးပါးလျား၍ အသွေးမခံပေ။ သနပ်ခါးအဖိုအမဟူ၍ နှစ်မျိုးနှစ်စားရှိရာ အမသည် ပို၍သင်းပျံ့မွှေးကြိုင်ပြီး အဖိုသနပ်ခါးတုံးသည် အမသနပ်ခါးလောက် ရနံ့မသင်းပေ။

 

ဦးသာလှ၏ မြန်မာ့သနပ်ခါးစာစောင်တွင် နာမည်ရတော်ဝင်သနပ်ခါးသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တော်က ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ပိုင် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း သီဟတောဘုရား၏ အနောက်ဘက်ကမ်း သီဟတောဘုရား၏ အောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ရှေးက “သိန်းကတောနယ်မြေ” ဟု ခေါ်တွင်သော နယ်မြေတစ်ကွက်ရှိသည်။ သီဟ တောဘုရားနယ်ပယ်လှူဒါန်းရန်အတွက် ရွှေကြိုး သတ်မှတ်ရာတွင် ဘုရားဝတ္ထုကံမြေအတွင်း မပါရှိသဖြင့် ကွက်ကျန်နေသည့်အတွက် “တကွက်” ဟု ခေါ်တွင်ခဲ့သည်။ ယခု ကာလရွေ့လျောသဖြင့် “ကဗွက်” ဟု ခေါ်တွင်သောရွာ ဖြစ်နေသည်။ ထိုနယ်မြေမှ အလောင်းမင်းတရားကြီးလက်ထက်တွင် အကောင်းဆုံးသနပ်ခါး နန်းသုံးတော်ဝင် သနပ်ခါးထွက်သည်ဟု ရွှေနန်းတော်ကြီးက အသိ အမှတ်ပြုခြင်းခံရသည့် အထောက်အထားများ လည်းရှိခဲ့ပေသည်။

 

ထိုနယ်မြေအနီးတစ်ဝိုက်တွင် ပေါက်ရောက်သော သနပ်ခါးသည် အပွေးနီဝါရောင်ရှိ၍ ရနံ့အလွန်မွှေးထုံသည်။ ထို့ကြောင့် သိန်းကတောနယ်မြေ တိုက်သူကြီးက သနပ်ခါးများကို ခုတ်ယူ စုဆောင်းပြီးလျှင် ပြည်ရွှေဘိုနန်းတော်ကြီးသို့ ထာဝစဉ် သွင်းရသည်ဟုဆိုပေသည်။ ယခုအခါ ထိုနယ်မြေမှ သနပ်ခါးများသည် အမြစ်ပါမကျန်အောင် ပြုတ်ပြုတ်ပြုန်းခဲ့ချေပြီ။ လက်ညှိုး အရွယ်လောက်ပင်ရှားလှသည်။

 

mdn

 

ခြံကြီးများနှင့် စိုက်ပျိုးကြ

 

သို့သော် ရွှေဘိုနယ်တွင် အခြားကျောက်စရစ်မြေများကလည်း သနပ်ခါးထွက်သေး၍ နာမည်ကြီးနေသေးသည်။ ယခုအခါ သနပ်ခါးပင်များကို ခြံကြီးများနှင့် စိုက်ပျိုးကြသည်။ ရွှေဘိုမြေမှထွက်သော သနပ်ခါးသည် ဆင်စွယ်ရောင်ကဲ့သို့ ဖြူဝါဝါဖြစ်သည်။ သွေးလိုက်လျှင်ရနံ့သင်းကြိုင်ပြီး အနည်းငယ်စေးညက်သည်။ လျှာနှင့်တို့ကြည့်လျှင် အခြားနယ်မှ ထွက်သော သနပ်ခါးထက်အခါးလေးသည်။ ရှင်မတောင်သနပ်ခါးသည် မြေလတ်ပိုင်းမှထွက်၍ ဗိဿနိုးမင်းသမီးလိမ်းခဲ့သော သနပ်ခါးဟူ၍ နာမည် ကြီးသည်။ အောက်အရပ်တွင်လည်း အသုံးများသည်။

 

အဘယ်ကြောင့်ဆိုသော ကျောက်ဆည်၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မုံရွာ၊ အရာတော်နယ်များမှ ပျိုး၍ ခြံကြီးဖြင့် စိုက်ပျိုးကြသဖြင့် ထွက်ကုန်များသည်။ ထိုသနပ်ခါးများသည် ရွှေဘိုသနပ်ခါးထက် အနည်းငယ်အဖြူရောင်လုပြီး ရွှေဘိုသနပ်ခါးလို မညက်ညော။ သွေးလိုက်လျှင် အနည်းငယ်ဖွာပြီး ရနံ့သင်းရုံပင်ရှိသည်။ ရွှေဘိုသနပ်ခါးသည် အနည်း ငယ်အဝါရောင်သန်းပြီး ခပ်စေးစေးနှင့် ညက်ညောပြီး ရနံ့သင်းကြိုင်လွန်းသဖြင့် ရွှေဘိုသနပ်ခါးလိမ်းသူများသည် ရွှေဘိုသနပ်ခါးလိမ်းရမှ ကျေနပ်နှစ်သိမ့်ကြသည်။ သို့သော် ရွှေဘိုသနပ်ခါးသည် အသုံးများလွန်း၍ ထွက်ရှိမှုနှင့် လုံလောက်ခြင်းမရှိပေ။

 

ရွှေဘိုနယ်အရှေ့ဘက် သပိတ်ကျင်း၊ တကောင်း၊ ကြာညှပ်တွင် အလွန်ကြီးသော မြိုင်သနပ်ခါးပင်ရှိသည်။ အချို့က သီဟတော နယ်မြေတစ်လျှောက် ပေါက်၍ သီဟရာဇာသနပ်ခါး (ဝါ) မြိုင်သနပ်ခါးဟု ခေါ်သည်။ အပင်ကြီးလွန်း၍ ခွဲခြမ်းများ လုပ်ရောင်းကြသည်။ သွေးလိုက်လျှင် အဝါရောင်ထွက်ပြီး အနံ့အနည်းငယ်သာရှိသည်။ ခပ်စေးစေးနှင့် ညက်ညောသည်။ မြေပွတွင်ပေါက်သော သနပ်ခါးသည် အပွေးပျော့၍ အသွေးမခံပေ။ ကျောက်စရစ်ကုန်းမြေတွင် ပေါက်သောသနပ်ခါးသည် အပွေးမာကျစ်၍ အသွေးခံသည်။

 

သနပ်ခါးမြစ်ကို ခုံခုံမင်မင်လိမ်းသော မိန်းကလေးများလည်းရှိကြသည်။ သနပ်ခါးမြစ်သည် အဝါရောင်များ၍ ကနုကမာ၊ မုတ်ခွံစသည်များဖြင့် ရောသွေးလိမ်းကြသည်။ ပင်စည်အပွေးထက်ပို၍ စေးထန်းပြီး အသားကိုပို၍အေးစေသည်။ အသားအရေပို၍ ဝင်းပသည်ဟု အစွဲရှိကြသည်။ ပို၍ခါးသက်ပြီး မျက်နှာပေါ်မှ အဖုအပိမ့်နှင့် ဝက်ခြံများကို ပျောက်စေသည်ဟုဆိုသည်။ ကိုယ်ပေါ်တွင် ယားယံသောအခါ ဆားအနည်းငယ်ထည့်၍ တစ်ကိုယ်လုံး လိမ်းကြသည်။ သနပ်ခါးမြစ်သည် ဆေးဖက်ဝင်ပစ္စည်းဖြစ်ပါသည်။

 

သနပ်ခါးခဲ

 

သနပ်ခါးကို စက်ဖြင့်သွေး၍ စစ်ပြီးလျှင် အခဲများပြုလုပ်ကြသည်။ သနပ်ခါးတုံး အချိန်တစ်ပိဿာ သွေးလျှင် သနပ်ခါးအနှစ် နှစ်ပိဿာရသည်။ ယင်းကို ပိတ်ဖျင်ဖြင့် ရှူးအိတ်ဖြင့်စစ်ရသည်။ အဝိုင်းခဲ၊ လေးထောင့်ခဲလေးများပြုလုပ်၍ အခြောက်လှန်းသောအခါ ရှစ်ဆယ်သားခန့်ရသည်။ အချို့က သနပ်ခါးခဲကို မြေဝါကျစ်မြေစေးများ ထည့်၍ ပြုလုပ် ကြသည်။ သနပ်ခါးစစ်စစ်ဖြင့် ပြုလုပ်သော သနပ်ခါးခဲသည် ပေါ့ပါးသည်။ အများအားဖြင့် သနပ်ခါးခဲတွင် အပွေးရော အတွင်းအူပါထည့်၍ သွေးကြသည်။

 

သနပ်ခါးမှုန့်

 

သနပ်ခါးမှုန့်သည် သနပ်ခါးတုံးကို ဓားဖြင့်ခုတ်၍ နေလှန်းပြီး အမှုန့်ကြိတ်ထားခြင်းဖြစ်သည်။ အမြစ်တုံးကို ကြိတ်ထားသောအမှုန့်သည် အဝါရောင်အမှုန့်ဖြစ်၍ အဖြူနုတုံးကို ကြိတ်သောအမှုန့်သည် အဖြူရောင်ဖြစ်သည်။ အနုတုံးဆိုရာတွင် အပွေးနုဖြူဖြူလေးများကို ဓားဖြင့်ခွာ၍ နေလှန်းပြီး အမှုန့်ကြိတ်ကြသည်။ သနပ်ခါးမှုန့် အကောင်းဆုံးမှာ လေမှုန့်ခေါ် လေဖြင့်ကြိတ်ဆုံဘေး လွင့်ကပ်နေသော အမှုန့်ဖြစ်ပြီး အနူးညံ့ဆုံးဖြစ်သည်။ သနပ်ခါး သွေးလိမ်းပြီးလျှင်တို့ပတ်ဖြင့် သနပ်ခါးစစ်စစ်မှုန့်ကို မျက်နှာပုတ်ကြသည်။ မျက်နှာအခိုးပွင့်၍ အေးမြသည်။ အညာမှ အမျိုးသားများသည်လည်း စနိုးခံ၍ သနပ်ခါးစစ်မှုန့်ကို ပုတ်ကြသည်။ မျက်နှာပြောင်၍ အဆီပြန်ခြင်း သက်သာစေသည်။ ပေါင်ဒါ မိတ်ကပ်ကဲ့သို့မျက်နှာပူ၍ ပျင်းတွဲတွဲမရှိပေ။ သနပ်ခါး အတုများသည်လည်း ရှိပေသေးသည်။

 

သနပ်ခါးအတုဆိုသည်မှာ သစ်ပလွေတုံးကို ဖြတ်၍သနပ်ခါးတုံးအဖြစ် ရောင်းကြသည်။ တူလည်းအလွန်တူသည်။ သို့သော် သွေးကြည့်လျှင် အရောင်ညိုညစ်၍ သနပ်ခါးနံ့မရပေ။ သနပ်ခါးသည်မွှေး၍ လျှာနှင့်တို့ကြည့်လျှင် ခါးသည်။ အချို့ ကလည်း သနပ်ခါးအနုတုံးများကို မြေနီနှင့် ရှားစေး များရော၍ ခြယ်သသဖြင့် အပွေးရင့်နေသရောင် ထင်ရသည်။ သို့သော် သစ်ပလွေခေါက်ထက်စာလျှင် တော်ပေသေးသည်။ ကျွန်မသည်ငယ်စဉ်က ဘွားဘွားသနပ်ခါး သွေးရင်းဆိုခဲ့သော ရွှေဘို သနပ်ခါးသီချင်းကို သတိရနေမိသေးသည်။

 

“……တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆ ကွာလိမ့်မယ်….. သနပ်ခါးဆို ပြည်ဗဟိုက ရွှေဘို သနပ်ခါးမှ ညက်တယ်……. ညက်တယ်” ဟု သနပ်ခါးသွေးရင်းဆိုမိသည်။ တကယ်တော့ မြန်မာအမျိုးသမီးများသည် နိုင်ငံခြားဖြစ် မိတ်ကပ်ကို အထင်ကြီးစွာသုံးစွဲမည့်အစား မြန်မာ့ငွေယိုပေါက်ကို ပိတ်သည့်အနေဖြင့် မြန်မာ့သနပ်ခါးကို စွဲစွဲမြဲမြဲသုံးသင့်သည်။ သနပ်ခါးသည် သဘာဝသစ်ခေါက်ရည်ဖြစ်သဖြင့် လှပယဉ်ကျေးရုံသာမက စိတ်ကြည်လင်ချမ်းမြေ့ခြင်း၊ ကျန်းမာ ရေးအတွက်ပါ ကိုယ်သားကိုယ်ရေအေးခြင်း၊ အခိုးအဆီပွင့်ခြင်း၊ အသားအရေစိုပြည်ဝင်းပခြင်း၊ ရေမွှေးလွတ်၍ ရနံ့သင်းပျံ့ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။