မောင်သိန်းဆိုင်
၂၆-၈-၂၀၂၂ ရက်နေ့မှအဆက်
သူ၏ သစ်ကိုင်းခြောက်ပမာဖြစ်သော လက်တစ်ဖက်သည် ရှေ့သို့ထွက်လာသည်။ နန်းကိန္နရီ၏ လက်ကို ဆုပ်ကိုင်ချင်ပုံရသည်။ နန်းကိန္နရီသည် ဒေါ်ခေမာ၏လက်ကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။ ယင်းလက်မှာ တဆတ်ဆတ်တုန်နေကြောင်း တွေ့ရ သည်။ ချွေးစေးဖြင့် အေးစက်နေသည်။
နန်းကိန္နရီ၏ရင်ထဲမှာ ဆို့လာသည်။ နင့်လာသည်။ တစ်ဆက်တည်းမှာလည်း တစ်ကြိမ်သော အခါက အကြောင်းများကို ပြန်လှန်သတိရလာသည်။ ကမ္ဘာအေးရပ်ကွက်ရှိ အိမ်ကလေးမှာတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို အမှတ်ရသည်။ သည်စဉ်က ပစ်ပယ်ထွက်ပြေးခဲ့သည့်အဖြစ်သည် လည်းကောင်း၊ မိမိအနေနှင့် ရိုင်းရိုင်းပျပျ ဆက်ဆံ ခဲ့မိသည့်အဖြစ်သည်လည်းကောင်း စိတ်အစဉ်မှာ ပြန်ပေါ်လာသည်။
ဟိုစဉ်ကတော့ မိခင်ဟူ၍ မသေချာခဲ့။ သူ၏ စိတ်မှာလည်း ယောက်ယက်ခတ်နေခဲ့သည်။ ပြီးလျှင် တကယ်တမ်းပြောရမည်ဆိုပါက ဒေါ်ခင်သန်းနွဲ့ဟူသည်ကို မိမိ၏မိခင်တစ်ယောက်အနေနှင့် နှစ်သက်လက်ခံလိုခြင်း မရှိခဲ့သည်လည်း အမှန်ပင်။
ယခုလည်း ဖြစ်နိုင်မည်ဆိုလျှင်တော့ ရှေ့မှာရှိနေ သူကို မိခင်မဖြစ်စေချင်။ အခြားသူတစ်ယောက်သာ ဖြစ်စေချင်သည်။ သို့ရာတွင် မည်သို့မျှရှောင်လွှဲ၍ မရနိုင်တော့ဘဲ မိခင်နှင့် မျက်နှာချင်းဆိုင်လိုက်ရ လေပြီ။
မိခင်၏အဖြစ်ကလည်း ရင်နင့်စရာပါပဲကလား။ သူတော်စင်အဝတ်နှင့် သွေးလိမ်းကျံနေသော ကိုယ်သည် နန်းကိန္နရီ၏စိတ်ကို များစွာပြောင်းလွဲ သွားစေသည်။ ဝေဒနာခံစားနေရရှာသည်ကို မြင်ရတော့လည်း ကရုဏာမသက်ဘဲ မနေနိုင်တော့။ အခြားသောအရာကို စဉ်းစား၍မရတော့။ မိခင်ပါ ကလားဟူသော စိတ်က စေ့ဆော်ကာ အရာရာကို မေ့လျော့သွားသည်။ အပြစ်အနာကိုလည်း မမြင် နိုင်။ မိခင်တော်ရသည်ကို ရှက်ရွံ့မိသည့်စိတ်သည်လည်း ပျောက်လွင့်သွားသည်။ ဆူသည်ကြုံသည်၊ နိမ့်သည်မြင့်သည်၊ ဆိုးသည်ကောင်းသည်ဆိုခြင်းမှာ အပယိကမျှသာ ဖြစ်သည်။ မိခင်ဟူသည် မိခင်ပါ ကလားဟု နန်းကိန္နရီ တွေးတတ်လာလေပြီ။ ကိုယ်တိုင်က မိခင်ဖြစ်နေခဲ့ပြီဖြစ်သောကြောင့် လည်း သည်အတွေးမျိုးကို တွေးတတ်လာခြင်း ဖြစ်ပေလိမ့်မည်။
“အမေ”
နန်းကိန္နရီသည် ဒေါ်ခေမာ၏ကိုယ်ကို တင်းတင်းကျပ်ကျပ်ကြီးပွေ့ယူကာ ရင်မှာအပ်ထားရင်းက ခေါ်လိုက်သည်။ ဒေါ်ခေမာထံမှ သွေးတို့သည် နန်းကိန္နရီထံ ကူးလူးပေကျံလာသည်။ ခေါ်သံကြောင့် မှိတ်လုဆဲမျက်ဝန်းသည် ပြန်ပွင့်လာသည်။ နန်းကိန္နရီ၏ခေါ်သံသည် ဒေါ်ခေမာအဖို့ ထူးကဲသောအရသာကို ပေးစွမ်းနိုင်ပုံရသည်။ ဒေါ်ခေမာ၏ မျက်နှာသည် ရွှင်ပျလာသည်။ ကျေနပ်နှစ်သိမ့်သွား သည်။ ပြုံးရိပ်သန်းသွားသည်။
ယခုတော့ တကယ်ပဲ သမီး၏နှုတ်မှခေါ်သံကို ကြားရပါပကော။ သမီး၏ နှစ်လိုစွာခေါ်သံကို နားနှင့်ဆတ်ဆတ် ကြားရပါပကော။ ဒေါ်ခေမာ၏ စိတ်သန္တာန်သည် မိုးစွန်တိမ်ဖျားသို့ မြင့်တက်သွား ရသည့်နှယ် ရှိသည်။ ဘုံစဉ်ခုနစ်ဆင့် အထက်မှာ ဝဲပျံသွားရသည်သို့ ဖြစ်သည်။
တစ်သက်လုံး တောင့်တခဲ့ရသည့်အသံ၊ လိုလို ချင်ချင် အရှိဆုံးအသံကို ကြားရပါပြီ။ သမီးရဲ့ မျက်နှာကိုလည်း မြင်ရပြီ။ မြေးနှင့်လည်း ဆုံရပြီ။ မိခင်သန်းနွဲ့တို့ ကျေနပ်ပါပြီ။ အမေ သေပျော်ပါပြီ သမီးရယ်။ အမေ သေပျော်ပါပြီ။
ဒေါ်ခေမာသည် ရင်ထဲမှ ပြောနေမိသည်။
“သမီး”
ဒေါ်ခေမာက လိုလိုချင်ချင်ကြီး ခေါ်လိုက်သည်။
“အမေ”
နန်းကိန္နရီကလည်း လိုလိုချင်ချင်ပင် တုံ့ပြန်လိုက် သည်။
ဒေါ်ခေမာသည် ဝေဒနာကို ပြင်းစွာခံစားရဟန်ဖြင့် စုတ်သပ် ညည်းညူသည်။ ယခုအခါ သွေးတို့သည် နှာခေါင်းနှင့် ပါးစပ်မှ ထွက်ကျလာသည်။ နွယ်နွယ် ထွန်းက ဂွမ်းဖြင့် သုတ်ပေးနေရသည်။
ဒေါ်ခေမာ၏ရင်ထဲမှာ စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။ သတိလစ်မတတ် ရှိနေရလင့်ကစား သည်အကြောင်းကို မမေ့နိုင်ဘဲရှိသည်။ ဤသည်မှာ မိမိကြောင့် သမီးဖြစ်သူ မျက်နှာငယ်ရမည့်အဖြစ်ကို တွေးမိခြင်းဖြစ်သည်။ လူတကာက နန်းကိန္နရီအား မိမိသမီးဖြစ်ကြောင်း သိသွားကြရပေပြီ။ သို့နှင့် အမျှ လူတကာတို့အလယ်မှာ နန်းကိန္နရီ သိက္ခာကျရ တော့မည်၊ ဂုဏ်ငယ်ရတော့မည်။ အစကတည်းက သည်အဖြစ်ကို တွေးမိခဲ့သည်။ သည်အဖြစ်မျိုးမှ ရှောင်ကွင်းရန်လည်း သန္နိဋ္ဌာန်ချခဲ့သည်။ သို့စဉ် လျက် ယခုမူ သည်အဖြစ်မျိုးနှင့် တိုက်တိုက် ဆိုင်ဆိုင်ကြီး လာတွေ့နေရပေပြီ။
ဒေါ်ခေမာ အားငယ်လာသည်။ ဝမ်းနည်းလာ သည်။ မကွဲမပြား မပီမသနှင့်ပင် ပြောနေမိသည်။ တောင်းပန်နေမိသည်။
“အမေ့ကိုခွင့်လွှတ်ပါ သမီးရယ်”
ထို့နောက် ပြတ်တောင်းတစ်ဆို့သောအသံဖြင့် စကားဆက်သည်။
“အမေလေ သမီးကို နောက်ဆုံး ဒုက္ခပေးရတာပါ။ နောက်ဆုံးပါ၊ ဒါနောက်ဆုံးပါ။ အမေလေ သမီးကို တွေ့ချင်လွန်းလို့ပါကွယ်”
ဒေါ်ခေမာသည် ပြောရင်းမှပင် မောနေသည်။ ပါးပြင်သို့ မျက်ရည်ပူများ စီးကျလာသည်။
ကြေကွဲမှုသည် နန်းကိန္နရီထံ ကူးစက်လာသည်သို့ ဖြစ်သည်။ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာ သည်။ သူက ဒေါ်ခေမာအား ပိုမိုတင်းကျပ်စွာ ဖက်လိုက်သည်။
“မဟုတ်ဘူး အမေ။ ဒါ နောက်ဆုံးမဟုတ်ဘူး။ အမေ့ကို သမီးခွင့်မလွှတ်နိုင်စရာ ဘာမှမရှိဘူး။ အမေဟာ ဘာအမှားကိုမှ မကျူးလွန်ဘူး။ ကိုယ့်သမီး ကိုယ်တွေ့ချင်လို့လာတာက အမှားမဟုတ် ဘူး”
“ဒါ နောက်ဆုံးပါသမီးရယ်။ အမေ့ရင်ထဲမှာ ပူလှပြီ။ မျက်လုံးတွေလည်း ပြာလှပြီ”
“အမေ။ အမေ”
“အမေ သွားရတော့မယ် ထင်တယ်”
“ဟင့်အင်း အမေမသေရဘူး။ မသေရဘူး”
ပြောရင်းမှာပင် ဒေါ်ခေမာသည် သွေးများ ပွက်ခနဲ အန်လာသည်။
“အမေ မသေရဘူး။ အခုကျမှတော့ ဆက်ပြီး အသက်ရှင်နေပါဦး အမေရယ်။ သမီးတို့နဲ့အတူနေဖို့ အချိန်ပေးပါဦး။ အမေ့ကို အမေတော်ရတာ သမီး မရှက်တော့ပါဘူး။ မနာကြည်းတော့ပါဘူး။ သမီး ပြောတာ ကြားရဲ့လား။ အမေဟာ ဘာပဲဖြစ်ဖြစ် သမီးရဲ့အမေပါ”
ဒေါ်ခေမာသည် သတိပြန်လစ်သွားသည်။ သို့တိုင်အောင် နန်းကိန္နရီ၏လက်ကို ကိုင်ထားသောလက်မှာ တင်းကျပ်ဆဲပင် ဖြစ်သည်။ အသက်ကို ခက်ခဲစွာ ရှူရှိုက်ရဟန်ဖြင့် ရင်သည် ဖာဖိုတစ်ခုလို မြင့်ချည် နိမ့်ချည် ဖြစ်နေသည်။
“အမေ၊ အမေ”
နန်းကိန္နရီက ဒေါ်ခေမာ၏ကိုယ်ကို လှုပ်ယမ်းရင်းခေါ်လိုက်သည်။ ဒေါ်ခေမာ၏ထူးသံကို မကြားရ တော့။ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပို၍ကျလာ သည်။
အဝေးဆီမှ ဥဩသံကြားရသည်။ သူနာတင်ကား ၏ ဥဩသံပင် ဖြစ်သည်။
ဒေါ်ခေမာ၏ ကိုယ်သည် တဆတ်ဆတ် တုန်လာသည်။ နဖူးမှာ ချွေးစေးများ ပြန်နေသည်။ ဝေဒနာ ကို အလွန်အမင်း ပြင်းပြစွာခံစားနေရသည့်နှယ် ဖြစ်သည်။
နန်းကိန္နရီသည် “အမေ၊ အမေ” နှင့် ခေါ်သည်။ နွယ်နွယ်ထွန်းဘက်သို့လှည့်ကာ အကူအညီ တောင်းခံပြန်သည်။ “မမအဲလစ်ရယ်၊ အမေ့ကို သတိပြန်ရအောင် လုပ်မပေးနိုင်တော့ဘူးလားဟင်”
နွယ်နွယ်ထွန်းသည် ဒေါ်ခေမာကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ရင်ထဲမှလည်း တောင်းပန် နေမိသည်။ စောင့်ပါဦး။ သူနာတင်ကားရောက်လာသည်အထိ စောင့်ပါဦး။
ဥဩသံသည် တစ်စထက်တစ်စ ကျယ်လောင်လာသည်။
“အမေ၊ အမေ” နန်းကိန္နရီ၏ ရင်ပွင့်မတတ် တစာစာခေါ်သံကိုကြားရကာ အားလုံး စိတ်မကောင်း နိုင်အောင် ဖြစ်နေရသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး သည် မကြည့်ရက်တော့သဖြင့် မျက်နှာကို တစ်ဖက် သို့ လွှဲထားမိသည်။ “မောင်ရေ၊ အမေ့ကို မကယ် နိုင်တော့ဘူးလားဟင်” နန်းကိန္နရီက မျိုးထွန်းသိန်း ဘက်သို့လည်း အကူအညီတောင်းလိုက်ပြန်သည်။ မျိုးထွန်းသိန်း ဘာပြောရမည်မသိ။
ဒေါ်ခေမာ၏ကိုယ်သည် တုန်လှုပ်နေရာမှ ဆတ်ခနဲ ငြိမ်ကျသွားသည်။ ပျော့သွားသည်။ နန်းကိန္နရီ၏လက်ကို ကိုင်ထားသောလက်သည်လည်း ရုတ်တရက် ပြေကျသွားသည်။
“အမေ”
နန်းကိန္နရီ အထိတ်တလန့် ခေါ်လိုက်သည်။ နွယ်နွယ်ထွန်းသည် ဒေါ်ခေမာ၏ရင်ကို ကပ်၍ နားထောင်သည်။ နှလုံးခုန်သည်ကို မကြားရတော့။ လက်ကိုယူ၍ သွေးစစ်ကြည့်သည်။ သွေးလည် ပတ်မှုသည်လည်း ရပ်တန့်သွားလေပြီ။
“အမေ၊ အမေ သေပြီလားဟင်”
နန်းကိန္နရီ ထိတ်လန့်စွာမေးသည်။ နွယ်နွယ်ထွန်း သည် စိတ်မကောင်းလှစွာဖြင့် ခေါင်းကိုညိတ်ပြ လိုက်မိသည်။
“အမေ၊ အမေရယ်”
နန်းကိန္နရီသည် ဒေါ်ခေမာ၏ ရင်ဘတ်ပေါ်သို့ မျက်နှာကို မှောက်ချလိုက်သည်။ ငိုရှိုက်သံသည် ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
လူနာတင်ကား၏ဥသြသံသည် ခြံဝသို့ ရောက် လာလေသည်။
“အမေရယ်၊ သမီးကို ဘာဖြစ်လို့ကြေကွဲအောင် လုပ်ချင်ရတာလဲဟင်။ ဘာဖြစ်လို့ သမီးကို တစ်သက်လုံး ဖြေမရအောင် မျက်နှာလာပြရတာလဲ။ သမီးဆီကို ဘယ်တော့မှမလာပဲနေခဲ့ရင် အကောင်း လေသား။ အခုတော့ သမီး ဖြေလို့မရတော့ဘူး အမေရဲ့”
နန်းကိန္နရီ၏အသံသည် ဆို့နင့်သွားသည်။ တိမ်ဝင်သွားသည်။ မျိုးထွန်းသိန်းက သူ၏ပခုံးကို ဖက်ကာ ချော့မော့နှစ်သိမ့်သည်။
နွယ်နွယ်ထွန်းက နန်းကိန္နရီ၏ လက်များကို ဖြေလိုက်သည်။ ဒေါ်ခေမာ၏ကိုယ်ကို ကြမ်းပြင် ပေါ်သို့ ချပေးလိုက်သည်။
“ကားတိုက်မိတဲ့ဒဏ်ကြောင့် ဦးနှောက်ထဲကို သွေးဝင်သွားပုံရတယ်။ ပင်ကိုကလည်း ရောဂါအခံ ရှိနေပုံရတယ်။ ဒါကြောင့် ဒီလောက်မြန်သွားတာ”
နွယ်နွယ်ထွန်းက မှတ်ချက်ချသည်။
ခြံအတွင်းသို့ သူနာတင်ကား မောင်းဝင်လာသည်။ သူနာပြုများ ဆင်းလာသည်။ နွယ်နွယ်ထွန်းက သူတို့ကို အကျိုးအကြောင်း ရှင်းပြသည်။ သူတို့သည် အလောင်းကို ထမ်းစင်ဖြင့် သယ်ယူကာ ကားပေါ်သို့ တင်ရန် ပြင်ဆင်ကြသည်။ ဤသည်ကို နန်းကိန္နရီက တားဆီးနေသည်။
ဆက်လက်ဖော်ပြပါမည်။