တောမီးကြောင့် ကာဗွန်လျှော့ချရေးရည်မှန်းချက်နှင့်အလှမ်းဝေးနေဦးမည့် ဥရောပဒေသများ
မြန်လင်းမောင်
ဥရောပ ဒေသတစ်ခွင်၌ အပူလှိုင်း များကျရောက်ပြီးနောက် တောမီးများ ဆက်တိုက်လောင်ကျွမ်းခဲ့သည်။ စံချိန်တင်ဆုံးရှုံးသွားသည့် သစ်တောမြေဧရိယာ ဟက်တာပေါင်း ၇၀၀၀၀၀ ခန့်ပင် ရှိနေပြီဖြစ်ပြီး နှစ်ပေါင်း ၅၀၀ ကျော်ကာလအတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်းသိရသည်။ ဟက်တာ ၇၀၀၀၀၀ ၏ အကျယ်အဝန်းသည် လူဇင်ဘတ်နိုင်ငံ၏ အရွယ်အစားထက် သုံးဆနီးပါး သို့မဟုတ် အဇာဘိုင်ဂျန် နိုင်ငံ၏ အရွယ်အစားနှင့် အကြမ်းဖျင်း အားဖြင့် တူညီသည့် ပမာဏပင် ဖြစ်သည်။
ဥရောပဒေသ တောမီးများ စောင့်ကြည့်ရေးဆိုင်ရာ သတင်းအချက်အလက်စနစ် (EFFIS) ၏ ကိန်းဂဏန်းများအရ စပိန်နိုင်ငံ၌ ဟက်တာ ၂၈၃၀၀၀ ကျော် တောမီးကြောင့် ဆုံးရှုံးခဲ့ပြီး ယခုအချိန်အထိ ထိခိုက်မှု အပြင်းထန်ဆုံး ဖြစ်ကြောင်းသိရသည်။ ရိုမေးနီးယား၌ ၁၅၀၇၃၅ ဟက်တာ၊ ပေါ်တူဂီ၌ ၈၆၆၃၁ ဟက်တာ၊ ပြင်သစ်၌ ၆၂၁၀၂ ဟက်တာနှင့် အီတလီ၌ ၄၂၈၃၅ ဟက်တာ ပမာဏရှိသည့် သစ်တောဧရိယာများ ဆုံးရှုံးသွားကြောင်းသိရသည်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် လောင်ကျွမ်းနေသော တောမီးသည် လွန်ခဲ့သော အနှစ် ၂၀ က ကမ္ဘာ့သစ်ပင် ဖုံးလွှမ်းမှုထက် နှစ်ဆပိုမိုလောင်ကျွမ်းခြင်းဖြစ်ပြီး သြဂုတ်လ ၁၇ ရက်အထိ ကိန်းဂဏန်းများအရ တစ်မိနစ်လျှင် ဘောလုံးကွင်း ၁၆ ကွင်းနှင့် ညီမျှသော နှုန်းဖြင့် သစ်တောဧရိယာများ ဆုံးရှုံးလျက်ရှိသည်။
၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တောမီးလောင်ကျွမ်းမှု တစ်နှစ်လျှင် သစ်တောဟက်တာ ၃ သန်းခန့် ဆုံးရှုံးနေကြောင်း လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တောမီးများ လောင်ကျွမ်း မှုအခြေအနေ အသေးစိတ်သုတေသန ပြုချက်တစ်ခုတွင် ဖော်ပြသည်။
ကမ္ဘာပေါ်ရှိ သစ်ပင်ဖုံးလွှမ်းမှု အများဆုံးရှိပြီး ကာဗွန်သိုလှောင်မှု အများဆုံးဖြစ်သည့် ရုရှား၊ ကနေဒါနှင့် အလက်စကာနိုင်ငံတို့၌ သစ်တောဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်နေကြောင်း လေ့လာမှုက ဖော်ပြသည်။ မေရီလန်းတက္ကသိုလ်မှ သုတေသနအဖွဲ့များက တောမီးများ အပါအဝင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းမှုလျော့ကျမှုနှုန်းနှင့် သစ်တောဆုံးရှုံးမှု အခြေပြမြေပုံရေးဆွဲနိုင်ရန် ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုခဲ့သည်။ တောမီးများသည် သစ်တော၏ဖုံးလွှမ်းမှု အားလုံးကို သို့မဟုတ် အများစုကို ဆုံးရှုံးစေလျက်ရှိပြီး သစ်တောဖွဲ့စည်းပုံနှင့် မြေဆီလွှာ အရည်အသွေး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ ကိန်းဂဏန်းအချက် အလက်များအရ ၂၀၂၁ ခုနှစ်သည် ၂၀ ရာစုနောက်ပိုင်း တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံးနှစ်များထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် သစ်ပင်ဖုံးလွှမ်းမှု ဟက်တာ ၉ ဒသမ ၃ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကမ္ဘာတစ်ဝန်း တောမီးတွေ ပိုပိုပြီးတော့ ဆိုးလာတယ်” ဟု ကမ္ဘာ့သစ်တောများ စောင့်ကြည့်ရေးအဖွဲ့မှ သုတေသနပညာရှင် ဂျိမ်းမက်ကာသီ က ပြောကြားသည်။ ပြင်သစ်၊ စပိန်နှင့် ပေါ်တူဂီတို့၌ သစ်တောဟက်တာ ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အနောက်ဥရောပ၌ စံချိန်တင် တောမီးလောင်ကျွမ်းမှုများ ကြုံတွေ့ ခဲ့ရကြောင်း ဥရောပသမဂ္ဂ၏ ဂြိုလ်တု စောင့်ကြည့်ရေး ဝန်ဆောင်မှုအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန် သည်။
သစ်တောများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ကထက် ငါးဆခန့် ပိုမိုခြောက်သွေ့သွားပြီး အပူလှိုင်းများနှင့်အတူ ရာသီဥတုပြောင်းလဲမှုက တောမီးလောင်ကျွမ်းမှုများအတွက် အဓိက မောင်းနှင်အားသဖွယ် ဖြစ်လာကြောင်း သုတေသီများက ပြောကြားသည်။ ဤ ခြောက်သွေ့သော အခြေအနေများသည် မီးလောင်ကျွမ်းမှုမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုမိုမြင့်မားလာစေပြီး “တောမီး-ရာသီဥတု တုံ့ပြန်မှုကွင်းဆက်” ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဆိုးရွားလာစေသည်ဟု ၎င်းတို့က ဆိုသည်။
ကာကွယ်ရေးအတွက်အကောင်းဆုံးနည်းလမ်း
ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း တောမီးနှင့် ဆက်စပ်သည့် သစ်တော ဆုံးရှုံးမှု၏ ၇၀ ရာခိုင်နှုန်းခန့်သည် လတ္တီတွဒ်မြင့်သော ဒေသများ၌ ကျန်ကမ္ဘာ့ နေရာများထက် ပိုမိုမြန်ဆန်စွာ ပူနွေးလာခြင်းကြောင့် ဖြစ်နိုင်ပြီး အများစုမှာ ဘိုရီရယ်ဒေသများ၌ ဖြစ်ပွားသည်။ ဘိုရီရယ်ဒေသများမှာ မြောက်ဘက်ကမ္ဘာခြမ်းရှိ သစ်တောများ၊ ရွှံ့နွံများနှင့် ရေကန်များ ပါဝင်သည့် ကျယ်ပြောလှသော ဒေသများ ဖြစ်ပြီး ဥရောပသမဂ္ဂအတွင်း၌ ဆွီဒင်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ် ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံ နှင့် ဘောလ်တစ်ပင်လယ်ဒေသ အများစု ပါဝင်သည်။

ရုရှားနိုင်ငံ၌ ယမန်နှစ်က မီးလောင်ကျွမ်းမှုကြောင့် သစ်ပင်ဖုံးလွှမ်းမှု ဟက်တာ ၅ ဒသမ ၄ သန်း ဆုံးရှုံးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ထက် ၃၁ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးမြင့်လာခဲ့သည်။
ရာသီဥတု ပြောင်းလဲမှုနှင့် မီးလောင်မှုများ တိုးလာခြင်းကြောင့် သစ်တောများသည် ကာဗွန်စုပ်ယူသူများအဖြစ်မှ ကာဗွန်ထုတ်လွှတ်မှု၏ အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း သုတေသနအဖွဲ့က သတိပေးထားသည်။
ယခုရာစုနှစ်အတွင်း အပူပိုင်းဒေသများ၌ တောမီးနှင့် ဆက်စပ်သည့် သစ်တောဆုံးရှုံးမှု တစ်နှစ်လျှင် ဟက်တာ ၃၆၀၀၀ (ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်း) ခန့် တိုးလာကြောင်း လေ့လာမှုရလဒ်များက သက်သေပြနေသည်။ ထို့ကြောင့် သစ်တောပြုန်းတီးမှု အဆုံးသတ်ရန်နှင့် ထိန်းချုပ်မီးရှို့ခြင်း အပါအဝင် ဒေသန္တရသစ်တောစီမံခန့်ခွဲမှု အလေ့အကျင့်များကို ကန့်သတ်ခြင်းဖြင့် သစ်တောများ ခံနိုင်ရည်ရှိအောင် မြှင့်တင်ရန်အတွက် အစီအမံများ ချမှတ်လုပ်ဆောင်ရန် သုတေသနအဖွဲ့က အစိုးရများကို တောင်းဆိုထားသည်။ သစ်တောများသည် ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန် ကျွန်ုပ်တို့အတွက် အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်း တစ်ခုပင်ဖြစ်ကြောင်း မက်ကာသီ ပြောကြားသည်။
ကိုးကား - Climate change driving unpr-ecedented forest fire loss