မောင်သိန်းဆိုင်


ယမန်နေ့မှအဆက်


နွယ်နွယ်ထွန်း၏စကားကြောင့်  ဒေါ်ရေနံ့သာ ခင်ခင်ကြီး  နားလည်နိုင်သောအရာများ ရှိလာသည်။ အစက   နွယ်နွယ်ထွန်း  ခပ်စိမ်းစိမ်း  ခပ်တန်းတန်း ရှိခဲ့ရခြင်းများနှင့်   ပတ်သက်သည်။  သူ့ဖခင်နှင့် ပတ်သက်၍   နားမလည်နိုင်ခြင်းများ  ရှိကောင်း ရှိမည်။ ယခုမူ သမီးဖြစ်သူအပေါ်ထားရှိအပ်သောမိခင်၏မေတ္တာနှင့် သမီးဖြစ်သူက ထားရှိရမည့် မေတ္တာတရားကို သူ  ခွဲခွဲခြားခြား ကွဲကွဲပြားပြား သဘောပေါက်နားလည်ခဲ့ဟန် တူသည်။
နွယ်နွယ်ထွန်းသည် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာကို မော့ကြည့်သည်။
“အစစအရာရာအတွက်  သမီးကို ခွင့်လွှတ်ပါ မေမေ” 
“သမီးရယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နွယ်နွယ်ထွန်းအား အသွေးအသားချင်း    ပေါင်းစပ်သွားမတတ် တင်းတင်းကျပ်ကျပ်ကြီး ဖက်လိုက်မိလေသည်။
x  x  x  x  x
[ ၇ ]
သို့နှယ်ဖြင့် ...
နွေ၏ ပူပြင်းခြောက်သွေ့သော  အပြင်အလျာ သည် ကုန်ဆုံးတော့မည့်  အရိပ်နိမိတ်ကို  ပြလာ သည်။ ရိုးတံပြိုင်းပြိုင်း၊   အကိုင်းသွယ်သွယ်ဖြင့် မတင့်မတယ်  ရှိခဲ့ရသော   သစ်ပင်တို့မှာ ပုရစ်နု မြရွက်သစ်  ဆင်ယင်စ   ပြုလာသည်။ မရင့်သေး သော ရွက်နုကလေးတို့မှာ စိမ်းဖျော့ဖျော့ ရှိနေကြ သည်။  မကြာမီ   အပင်တို့မှာ   အဝတ်သစ်ဖြင့် တင့်တယ် ပျိုနုလာရလေတော့မည် ဖြစ်သည်။
မိုးရိပ်မိုးဆင်ကို ကောင်းကင်ပြင်၌ မြင်ရသည်။ မိုးပြာပြာထဲမှာ    ရွက်တိုက်လွင့်မျောသွားသော တိမ်တိုက်ကလေးများကို  တွေ့ရစ   ပြုလာသည်။ တစ်ခါတစ်ရံတွင်မူ အဝေးဆီမှ လျှပ်ရောင် ပြိုးပြက် သလို မြင်ရသည်။ မိုးချုန်းသံကြားရသလို ရှိသည်။
ခြံထောင့်မှ ပိတောက်ပင်သည် ပုရစ်နု မြရွက် သစ်တို့ ဖြင့် တင့်တယ်စပြုလာလေသည်။ ပိတောက် ပင်ကို ကြည့်ရသည်မှာ အဝတ်သစ် ဝတ်ဆင်ထား ရသော ကလေးငယ်တစ်ယောက်သဖွယ် ရွှင်လန်း နေသည်  ထင်ရသည်။   မကြာမီ   မြသားအသွင် အရွက်ဖားဖားတို့ဖြင့်    ဝေဆာလာပေလိမ့်မည်။ မကြာမီမှာ   မိုးကို  ကြိုပေတော့မည်။  ပြီးလျှင်မူ ပိတောက်ပင်သည် ဝါရည်လွင်ကာ ပျံ့ပျံ့အေးအေး မွှေးလေ့ရှိသော   ပိတောက်ပန်းတို့ဖြင့်  အဆင်း တန်ဆာ ဆင်လာပေလိမ့်ဦးမည်။ 
နွေ၏ နိဂုံး၌ မိုးသည် တန်ပြန်၍ အစပျိုးပေလိမ့် ဦးမည်။ 
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  အိပ်ခန်း ပြတင်း ပေါက်မှနေ၍   ပိတောက်ပင်ဆီသို့    ငေးကြည့် နေသည်။   အချိန်မှာ    ညနေစောင်း  ဖြစ်သည်။ နေဝင်ကာ   ဆည်းဆာ       ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း   ဝန်းကျင်မှာ   လင်းထင်းဆဲ ရှိနေ သည်။  မာလီသည်    ပိတောက်ရွက်ကြွေများကို တံမြက်လှည်းလျက်     စုပုံကာ     မီးရှို့ထားသည်။ သစ်ရွက် မီးခိုးသည်  သူ့ထံ  ပျံ့လွင့်ရောက်ရှိလာသည်။ မီးခိုးနံ့ကို   ရှူရှိုက်နေရသည်။     သို့လင့်ကစား သူ သည် ထိုနေရာမှ ထွက်ခွာသွားခဲ့ရန် သတိမေ့လျော့ နေမိသူပမာ    ရပ်မြဲ  ရပ်နေမိလေသည်။    သူ့စိတ် အတွေးတို့သည်လည်း  မီးခိုးများနှယ်  ပျံ့လွင့်နေ သည်။   အာရုံသည် တစ်ခုတည်းသော အကြောင်း အရာအပေါ်၌ စူးစိုက်နေခြင်း မရှိ။ ဟိုဟိုသည်သည် ရောက်နေသည်။ အတွေးတို့က မည်မည်ရရ  မရှိလှ။ တောင်စဉ်ရေမရ ဆန်လှသည်။
ရံခါတွင် အာရုံတွင် ရေနံချောင်းဆီသို့ ရောက်ချင် ရောက်သွားသည်။ ကိုကိုနှင့် မမဝင်းရီတို့ကို သတိ ရချင်နေတတ်သည်။ သူတို့၏ ဘဝက ယခုအခါ အေးချမ်းသည်။ ငြိမ်သက်သည်။ ကန်ရေမျက်နှာပြင် နှယ် အပြောင်းအလွဲမရှိ။
သူတို့နှင့်စပ်ကာ   ဗိုလ်မှူးညိုထွန်းကို  အမှတ် ရတတ်ပြန်သည်။ တစ်လောက သူ မေမြို့၌ အိမ်နှင့် ခြံ ဝယ်လိုက်ကြောင်း  ကြားရသည်။ ဗိုလ်မှူးညိုထွန်း သည် မေမြို့မှာပင် သူ့ဘဝကို စခန်းချ ရပ်နားတော့ မည်ဟု ယူဆရသည်။ ဝယ်ယူခဲ့သော ခြံ၌ မက်မန်း ပင် အများအပြား ပါရှိသည်။ နို့စားနွားနှင့် မျိုးသန့် ကြက်များ မွေးမည်ဆိုသည်။ သူသည် စိုက်ပျိုးရေး မွေးမြူရေးလုပ်ရင်း တစ်ဖက်က သူဝါသနာပါရာ ဂီတနှင့် ပန်းချီကို လိုက်စားနိုင်မည်ဖြစ်သည်။ အချိန် ရလျှင် ဆောင်းပါးများ ထွက်ပေါ်လာနိုင်ပေသည်။ သူသည် ယင်းအရာများဖြင့် ဘဝကို ဇောက်ချတော့ မည်မှာ သေချာသည်။
ဗိုလ်မှူးညိုထွန်းနှင့် စပ်လျဉ်းလာလျှင် တစ်ခါက ဖတ်ဖူးသော ဘဝ၏အလွမ်း ဆိုသော စာပိုဒ်ကလေး ကို  ဒေါ်ရေနံ့သာခင်ခင်ကြီး    သတိတရ  ရှိလာမိ တတ်သည်။ ဘဝ၏အလွမ်းသည် သာမန်အလွမ်းနှင့် မတူ၊  သာမန်အလွမ်းက တစ်ခဏနှင့် ပြေပျောက် မည်ဆိုလျှင်လည်း     ပြေပျောက်သွားနိုင်သည်။ ဖြေဖျောက်၍လည်း   ရချင်   ရနိုင်သည်။ ဘဝ၏ အလွမ်းဆိုသည်မျိုးက အသက်မသေသရွေ့ မပြေ ပျောက်နိုင်။ အိုမင်းရင့်ရော်နေသူတစ်ယောက်က ငယ်ရွယ်နုနေစဉ်က ဘဝကို ပြန်လည်တောင့်တခြင်း သည် ဘဝ၏အလွမ်းပင် ဖြစ်သည်။ ဆည်းဆာ အရွယ်တွင် ဘဝအရုဏ်ဦးကို အိပ်မက်မက်နေခြင်း မှာ ဘဝ၏အလွမ်းပင် ဖြစ်သည်။ သို့မဟုတ် မရနိုင် မှန်းလည်း သိသည်၊ ယူလိုစိတ်လည်း မရှိတော့ဘဲနှင့် မျှော်လင့်တောင့်တနေခြင်းမျိုးကို ဘဝ၏ အလွမ်း ဟုဆိုက ရစကောင်း၏ထင်သည်။
နောင်နှစ်  နွေဦးလောက်တွင်   ဗိုလ်မှူးညိုထွန်း အငြိမ်းစား   ရလောက်ပြီ။   သည်အခါမှ သူ့ခြံသို့ သွားကာ   အေးအေးဆေးဆေး   နေရဦးမည်ဟု ဒေါ်ရေနံ့သာခင်ခင်ကြီး  စိတ်ကူးထားသည်။ သူစိမ်း တို့အထဲတွင်    သူ  အခင်မင်ဆုံးသည်   ဗိုလ်မှူး ညိုထွန်းဖြစ်သည်ဆိုခြင်းကိုတော့ အသက်ထက်ဆုံး ပြရပေလိမ့်မည်။  သူ့အတွက်  တစ်စုံတစ်ခုသော အတိုင်းအတာအထိ ထိရောက်သော လိုက်လျော မှုကို   ပြုရပေလိမ့်မည်။  နောက်နှစ်  နွေဦးတွင် ဒေါ်ရေနံ့သာခင်ခင်ကြီးအဖို့    စိတ်ရောကိုယ်ပါ များစွာ ပေါ့ပါးလွတ်လပ်သွားဖွယ်ရာများ ရှိသည်။ ၎င်းမှာ နွယ်နွယ်ထွန်းနှင့် အဓိက ပတ်သက်သည်။ ယင်းအချိန်လောက်ဆိုလျှင်    နွယ်နွယ်ထွန်း လက်ထပ်ပြီးလောက်ပြီဟု အောက်မေ့သည်။
နွယ်နွယ်ထွန်းသည်  သူ   လက်ထပ်မည့်သူကို သူ့ဘာသာ    ရှာလာသည်။    ထိုသူငယ်သည် နွယ်နွယ်ထွန်းနှင့်   နိုင်ငံခြားမှာ   စာသင်နေရင်း တွေ့ခဲ့ကြသည်။ သူက အင်ဂျင်နီယာ ဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ထိုသူငယ်၏ အကြောင်း ကို လေ့လာကြည့်ခဲ့သည်။ ကန့်ကွက်ဖွယ်ရာ မမြင် ခဲ့။ ဆွေမျိုးသန့်သည်။ ရိုးဂုဏ်ရှိသည်။ ရုပ်ရည်ရော၊ ပညာပါ အထူးပြောစရာမရှိ။ သမီးဖြစ်သူကိုယ်၌က အသက်အရွယ်အရ လည်းကောင်း၊ ပညာအရ လည်းကောင်း၊  အတွေးအခေါ်အရ  လည်းကောင်း ပြည့်စုံသောအခြေအနေဖြစ်၍   သူ့ဘဝကြမ္မာကို သူ့ဘာသာဖန်တီးရန်    ဒေါ်ရေနံ့သာခင်ခင်ကြီး ခွင့်ပြုလိုက်သည်။
အကယ်၍    နွယ်နွယ်ထွန်း   လက်ထပ်ပြီး သားသမီးရခဲ့ပါလျှင် မိမိအပေါ် သည်ထက်မက နားလည်လာပေလိမ့်မည်ဟု  ဒေါ်ရေနံ့သာခင်ခင်ကြီး မျှော်လင့်သည်။
နန်းကိန္နရီနှင့် ပတ်သက်၍ စဉ်းစားမိလေတော့ သည်။  ရင်ထဲမှာ   ကြေကွဲသလို    ခံစားရသည်။ ဒေါ်ခေမာ  ရောက်လာခဲ့ခြင်းမှာ  သူ့အဖို့ အတိတ် တစ္ဆေ အခြောက်ခံရသည်နှင့် တူနေခဲ့သည်။ မြှုပ်နှံ သင်္ဂြိုဟ်ပြီးဖြစ်သော အတိတ်ကို ပြန်လည် တူးဖော် ရသည်နှင့် တူနေသည်။
နန်းကိန္နရီသည်    ဒေါ်ခေမာ    ဆုံးသည့်နေ့က အထုပ်အပိုးနှင့် မျိုးထွန်းသိန်း၏အိမ်မှ ဆင်းရန် ကြိုးစားသည်။   အားလုံးကို  အထိတ်တလန့်ဖြစ် အောင် ပြုသည်။
“ကျွန်မဟာ  ဒီအသိုက်အဝန်းနဲ့  မတန်ပါဘူး၊ ကျွန်မလာခဲ့ရတဲ့ဘဝက မိဘကစပြီး နိမ့်ကျခဲ့ပါ တယ်၊ မသန့်စင်ပါဘူး၊ ဒါကြောင့် ကျွန်မ ဒီအသိုက် အဝန်းက ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ”
နန်းကိန္နရီသည် ယင်းစကားကို ဆိုခဲ့သည်။ သူ့ စကားအတွက် အားလုံး စိတ်မကောင်းဖြစ်ကြရ သည်။ ယင်းကဲ့သို့ သဘောမထားကြောင်း ဝိုင်းဝန်း ချော့မော့ရသည်။   ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လည်း    မနေသာတော့ဘဲ   သူ့သဘောထားကို ရှင်းပြရသည်။   စင်စစ်   ဦးကောင်းမိုး၏ဒဏ်ကို အခံရဆုံးမှာ ဒေါ်ရေနံ့သာခင်ခင်ကြီးသာလျှင်ဖြစ်ရာ   သူကိုယ်၌က      ယခုအခါ    မည်သူ့အပေါ်မှ အာဃာတ  မထားတော့ကြောင်း    ရှင်းပြလေမှ နန်းကိန္နရီ ကျေနပ်သွားသည်။ အိမ်ပေါ်မှ မဆင်း ဖြစ်တော့။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဒေါ်ခေမာ ၏ အလောင်းကို လှလှပပ သင်္ဂြိုဟ်နိုင်ရန် စီမံပေး ခြင်းဖြင့် သဘောထားကြီးကြောင်း ပြသရသည်။
သို့နှယ်ဖြင့်   ယခုတော့လည်း အစစအရာရာ နေသားတကျ ရှိခဲ့ရလေပြီ။    အခက်အခဲတို့ကို ကျော်လွှားနိုင်ခဲ့လေပြီ။    သည်လိုအခါမျိုးကျ တော့လည်း ဘဝဟူသည်မှာ ချမ်းမြေ့ဖွယ်အကောင်း သားပါကလား။
စင်စစ်တွင်လည်း အမိဝမ်းမှကျွတ်၍ လူ့လောက အလယ်သို့ အူဝဲဟူသော မြည်တမ်းသံဖြင့် ဝင်လာ ခဲ့ပြီး နောက်ဆုံးထွက်သက်လေကို ရှိုက်ထုတ်ရသည့် အဆစ်အပိုင်းကို ဘဝဟု လူတို့  ဆိုစမှတ်ပြုကြသည်။ ယင်းအဆစ်အပိုင်းအတွင်း၌   ကျင်လည်လှုပ်ရှား နေရစဉ်အတွင်း    မည်သို့သော    လူတစ်ဦးတစ် ယောက်မျှ ထာဝရ ဘဝရေငြိမ်နှင့် တွေ့ဆုံနေရမည် မဟုတ်။ အစဉ် ရယ်မောပျော်ရွှင်နေသူဟူ၍လည်း မရှိနိုင်။ ထိုနည်းတူပင် မည်သူမဆို ထာဝရ မုန်တိုင်း နှင့် အဖော်သဟဲပြုနေရမည်ဟု သတ်မှတ်ချက်မရှိ။ အစဉ် ငိုကြွေးရှိုက်မက်နေရမည်ဟူ၍လည်း ပြဋ္ဌာန်း ထားခြင်း မရှိနိုင်ပေ။
နွေတစ်လီ၊   ဆောင်းတစ်လှည့်၊    မိုးတစ်ခါ အပြောင်းအလှည့်   ကြုံဆုံရဘိသည်သို့ လူ့ဘဝ ရာသီဥတုတို့သည်လည်း ငိုတစ်လှည့်၊  ပြုံးတစ်လီ၊ ရယ်တစ်ခါဖြင့် အကြောင်းအလှည့် ကြုံရတတ်မြဲပင် ဖြစ်သည်။ ယင်းတို့ကို ကြုံဆုံရလေမှလည်း ပြည့်စုံ သော “ဘဝ” ဖြစ်ပေလိမ့်မည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည်  ပြတင်းမှ ခွာလိုက် သည်။ အမှောင်သည်   လုံးလုံးလျားလျား   ဖုံးလွှမ်း လာလေပြီ။ သစ်ရွက်ခြောက် မီးသည်လည်း ငြိမ်းခဲ့ ပြီ။   ရေနံ့သာသည်   တိတ်ဆိတ်ငြိမ်သက်ခြင်း၏ စိုးမိုးမှုကို ခံရစပြုသည်။
ရုတ်တရက်ဆိုသလို   အဝေးမှ   လျှပ်ပြက်လိုက် သည်ကို တွေ့ရသည်။ မိုးချုန်းသံကို ကြားရသည်။ မကြာမြင့်မီ သင်္ကြန်လက်ဆေးမိုး ရွာလာလိမ့်မည် ထင်ရသည်။
အိုမင်းသော နွေ၏နိဂုံးကား မလွဲမသွေ ရောက်ရှိ လာချေတော့မည်။
ပျိုမျစ်သော မိုးနိဒါန်းသည် အားမာန်အပြည့်အဝ ကို ဆောင်ယူရောက်ရှိလာကာ လောကအား အသစ် တစ်ဖန် အလှတန်ဆာဆင်ပေလိမ့်ဦးမည်ပါတကား။                    
                          ပြီးပါပြီ။