ပြေအေးသက်
တော်သလင်းလခေါ် သစ်ဆင်းလဆိုသည်မှာ “တော်” သည် မြင့်မြတ်သည်၊ အထွတ်အထိပ်၊ အထက်ကောင်းကင်ဟူ၍ လည်းကောင်း၊ “သလင်း” ဆိုသည်မှာ “သာလင်း”မှလာ၍ သာယာထွန်းလင်း သည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုကြသဖြင့် မိုးကောင်းကင် ကြည်လင်သာယာသည်ဟူသော အနက်ကိုဆောင်လေကြောင်း တွေ့ရပါသည်။ လှေသင်းဝန်မင်းက “ကောသိတုံအလံ” ဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း၊ တော်သလင်း လသည်ကန်ရာသီဖြစ်ပြီး ကညာကိုအစွဲပြု၍ ကညာကို ယောက်ျားလေးများက နှစ်သက်သည်ကို ပါဠိလို “တောသ”ဟု ဆိုကြောင်း၊ ထိုမှ တော်သလင်း ဟု ရွေ့လျားလာကြောင်းဆိုသည်။
တော်သလင်းလသည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကျရောက်နေပြီး မိုးနှောင်းပိုင်းကာလတွင် မိုးလေကင်းလွတ်လာကာ မိုးကောင်းကင် ကြည်လင်သာယာသည်ဟု ဆိုဟန်တူသည်။ သို့သော်လည်း ဤကာလတွင် ရွာသောမိုးတို့သည် လယ်ကန်သင်းများကျိုးအောင် သဲသဲမဲမဲ ရွာတတ်သည်။
“တော်သလင်းမိုး ကန်သင်းကျိုး”ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုနေလှန်းပြီး ထမင်းချက်ရရာ နေရောင်မတွေ့ရသောကြောင့် “တော်သလင်း တိမ်ညို စားဖိုသည်ဆင်းရဲ မိုးမစဲ”ဟု ဆိုရိုးပြုခဲ့ကြပြန်သည်။ “တော်သလင်းနေ ပုစွန်သေ”ဟု ဆိုရိုးလည်းရှိသောကြောင့် တော်သလင်းလသည်နေ လည်းရဲရဲပူပြီး မိုးလည်း သဲသဲရွာသောလပင် ဖြစ်ကြောင်းသတိပြုမိပါသည်။
တော်သလင်းလသည် ဆိုခဲ့သည့်အတိုင်း ကန်ရာသီဖြစ်ပြီး နက္ခတ်မှာ ပြုဗ္ဗဘဒြပိုဒ်နက္ခတ် ဖြစ်ကာ တာရာမှာ ဗျိုင်းတာရာဖြစ်သည်ဟု ဆိုကြ သည်။ ထို့ပြင် ဤလတွင် တောက်ပသောကြယ်စုမှာလည်း လက်တစ်ဖက်ကား ကောက်ဆုပ်၊ ကျန်လက် တစ်ဖက်တွင် ဆီမီးကိုင်လျက် လှေစီးသောမိန်းမသဏ္ဌာန်ဖြစ်ကြောင်း သိရပါသည်။ ရာသီပန်းမှာ ရင်းမာပန်းဖြစ်ပြီး အခက်လိုက် ရွက်တံထွက်၍ ပွင့်ခိုင်များပွင့်သော သစ်မာပင်အမျိုးအစားဖြစ် သည်။ ပန်းပွင့်အရောင်မှာ နှစ်မျိုးခန့်တွေ့ရပြီး နံ့သာရောင်အခိုင်လိုက်ပွင့်တတ်သော အပင်မျိုး နှင့် အပွင့်စိမ်းလဲ့လဲ့နှင့် ဖြူသောအရောင်ရှိသည့် သစ်ပင်မျိုးတို့ဖြစ်သည်။

သစ်ဆင်းလ
အင်းဝခေတ်နှောင်းပိုင်းတွင် တော်သလင်းလကို “သစ်ဆင်းလ”ဟုဆိုသော အရေးအသားများကို ပျို့ကဗျာများ၌ တွေ့ရသည်။ အချို့က သစ်ဖောင်၊ ဝါးဖောင်များ စုန်ဆင်းသောလဟုလည်း အဓိပ္ပာယ် ကောက်ကြသည်။
စာဆိုဦးအောင်ကြီး၏ ဆယ့်နှစ်လရာသီဘွဲ့ လူးတားတွင် တော်သလင်းလဘွဲ့နှင့်ပတ်သက်ပြီး “တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းယင်လျက်၊ လက်သင်လှော်ကား၊ ရွှေသား စက်ကွင်း၊ လှေချင်းလှော်ပြိုင်၊ ခွင့်ရေးတိုင်၍၊ လေးတိုင်တန်ဆောင်း၊ မမြင့်တောင်းကို၊ နီမောင်း ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံခင်းကျင်း၊ ခုန်ကဆင်းသော်”ဟူ၍ ရေးဖွဲ့ထားသည်။ ဤလူးတားအရ သိပ်မမြင့်လှသော နီမောင်းပုဆိုး မိုးထားသည့် တိုင်လေးစင်၏အပေါ်မှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့် ပျော်ပွဲသဘင်ဟု ဆိုထားသည့်အပြင် “ပန်းလုသဘင်၊ သစ်ဆင်း ယင်လျက်”ကို အစွဲပြုလျက် “သစ်ဆင်းလ”ဟု ဆိုကြောင်း တွေ့ရသည်။
လှေသဘင်ပွဲ
တော်သလင်းလသည် မိုးရွာနေပူသည့်ကြားမှ ခြေခင်းလက်ခင်း သာယာသည်ဟုဆိုရမည်။ မြစ်ချောင်းအင်းအိုင်များတွင် ရေတဖွေးဖွေး လှေကလေးများ လှော်ပြိုင်ခဲ့ကြသည်မှာ ရှေးမှ ယနေ့ခေတ်တိုင်ဖြစ်ပြီး ထိုမှပင် အဆက်ဟုဆိုရချေ မည်ဖြစ်ကာ ရှေးခေတ်ရေတပ်စွမ်းရည် မြင့်မားခဲ့ သည့်အပြင် မျက်မှောက်ခေတ်အထိ လှေလှော် အားကစားတွင် မနိမ့်သောအဆင့်တစ်ခုတွင် ရှိကြောင်း သက်သေသာဓကများက ထင်ရှားလှပါ သည်။
ရှေးက တော်သလင်းလ၌ ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန်မြူးထူးပြီး ရေထဲကိုခုန်ချသည့် ပျော်ပွဲရွှင်ပွဲ၊ လှေသဘင်ပွဲများကို ဆင်ယင်ကျင်းပကြသည်။ ကောက်စိုက်ချိန်အတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူလယ်သမားများ အလုပ်ပြီးမြောက် ကုန်ဆုံး၍ မြူးထူးပျော်ပွဲဆင်သည့်လဟုလည်း ဆိုနိုင်သည်။ “တော်သလင်းမြစ်တွင်း သင်ဖြူးခင်း” ဟု ဆိုရိုးနှင့်အညီ ဤလတွင် လှေပြိုင်ပွဲများ ကျင်းပ ကြပြီး ရှေးက လှေပြိုင်ပွဲကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ အောင်စည် အောင်မောင်းသံ တညံညံနှင့် မြစ်ပြင်တစ်ရိုးတွင် ထိုးကွင်းမင်ကြောင် တဇောင်းသျှောင်နှင့် ရင်က ဗလာ ကြွက်သားဖြာသော လှေသားကြီးများကို ရေလွှာဖွေးဖွေးမှာ တဟေးဟေးအော်ရင်း သူနိုင် ကိုယ်နိုင် အပြိုင်ကြဲနေကြသည့် မြင်ကွင်းကိုပင် မြင်ယောင်မိနေရင်း ကြက်သီးမွေးညင်း တဖြန်းဖြန်း ထရချေသေးတော့သည်။
အခါတော်နေ့များ
မြန်မာတို့သည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များကို လများအလိုက် ကျင်းပကြသည်။ တန်ခူးလတွင် သင်္ကြန်ပွဲကျင်းပသကဲ့သို့ တော်သလင်း လတွင်ဖော်ပြခဲ့သော လှေသဘင်ပွဲ ကျင်းပကြသည်။ ထို့အတူ ဆယ့်နှစ်လရာသီလများအလိုက် ဗုဒ္ဓဘာသာ နှင့်သက်ဆိုင်သော မင်္ဂလာအခါတော်နေ့များ ကျင်းပကြသည်။ တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့ တွင် မင်္ဂလာအခါတော်နေ့ ကျင်းပသကဲ့သို့ တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကို ကျင်းပကြသည်။ ထိုဂရုဓမ္မအခါတော်နေ့တွင် ကျောင်းကန်ဘုရားများ၌ ဗုဒ္ဓဘာသာဝင်တို့သည် ငါးပါးသီလ ဥပုသ်သီတင်းစောင့်ထိန်းကြသည်။
ဂရုဓမ္မအခါတော်နေ့
တော်သလင်းလသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ်ဖြစ်သောကြောင့် တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ တော်သလင်း လပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရ ခြင်းမှာလည်း မြတ်စွာဘုရားရှင်လက်ထက်တော် က ဖြစ်သည်။
မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မ ဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တနနဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည်ဟူ၍ နှစ်ပြည်ထောင်ရှိကြ သည်။ ကုရုတိုင်း ဣန္ဒပတ္တနနဂိုရ်ပြည်သည် မိုးလေ ဝသမှန်ပြီး သာယာဝပြော၏။ ကလိင်္ဂတိုင်း ဒန္တုပူရ ပြည်ကား မိုးလေဝသမမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။
ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျ ဘုရင်၌ အဉ္စနဝဏ္ဏအမည်ရှိ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟုယူဆကာ ကလိင်္ဂတိုင်း ဒန္တုပူရ ပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်း ကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရ ပြည်၌ ဆင်ဖြူတော်ရောက်လာသော်လည်း မိုးမရွာ သဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသောနည်းများရှိလျှင်ပေးပါဟု ကောရဗျ မင်းထံ တောင်းဆိုပြန်သည်။
ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသူ ပြည်သားများကျင့်သုံးသော သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးသားမယားတို့ကို ကာမဂုဏ်ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းဟူသည့် ဂရုဓမ္မငါးပါးသီလကို ရွှေပေလွှာ၌ ရေးသားပေးပို့ လိုက်သည်။ ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူ ပြည်သားတို့သည် ရွှေပေလွှာကို တော်သလင်းလ တွင် ရရှိကြကာ ဤလမှစ၍ ငါးပါးသီလဆောက်တည် ကြ၏။ မိုးလေဝသမှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာပေါများကာ သာယာဝပြောလာ၏။
မြတ်စွာဘုရားက အလေးဂရုပြု၍ ထိန်းသိမ်း စောင့်ရှောက်အပ်သော ဂရုဓမ္မတရားငါးပါးအား တော်သလင်းလတွင် ဟောကြားခဲ့သဖြင့် တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ကာ ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သစ်ဆင်းလအခါသမယတွင် ဂရုဓမ္မငါးဖြာကို ဦးထိပ် ပန်ဆင်နိုင်ရေး ရေးသားလိုက်ရပါသည်။ ။