လာမည့်စက်တင်ဘာလ ၇ ရက်နေ့သည် တတိယအကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” ဖြစ်သည်။ လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများနှင့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု လျှော့ချရေးနည်းလမ်းများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနစ် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၇၄/၂၁၂) အရ နှစ်စဉ် စက်တင်ဘာလ (၇) ရက်နေ့ကို အပြည် ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ( International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လေထုညစ်ညမ်းမှုဟူသည် လူတို့ရှူနေရသည့် လေထုထဲတွင် အန္တရာယ်ရှိနိုင်သည့် ဓာတ်ပစ္စည်းများ၊ အမှုန်အမွှားများနှင့် ဇီဝပစ္စည်းများ ရောနှောပါဝင်နေသည့် လေထုအရည်အသွေး ကျဆင်းနေသည့် အခြေအနေပင်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် တောမီးလောင်ကျွမ်းခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း ကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ယာဉ်ယန္တရား မောင်းနှင်ခြင်းများ၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတူးဖော်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စသည့် လူသားတို့၏ပယောဂကြောင့်လည်းကောင်း ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူ့ပယောဂကြောင့် လေထုညစ်ညမ်းမှုက လူသားကမ္ဘာကို အဓိကခြိမ်းခြောက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လူ ၁၀ ယောက်တွင် ကိုးယောက်ကျော်မှာ မသန့်ရှင်းသည့်လေကို ရှူရှိုက်နေရပြီး နှစ်စဉ် လူ ၇ သန်းခန့်မှာ မသန့်ရှင်းသော လေကိုရှူနေရ၍ သေဆုံးနေကြရသည်ဟုဆိုသည်။ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါတို့ဖြင့် သေဆုံးမှု၏ သုံးပုံတစ်ပုံသည် လေထုညစ်ညမ်း ခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးမှ အသက် ၈ နှစ်မှ ၁၈ နှစ် အတွင်းရှိသော ကလေး ၁၄ ရာခိုင်နှုန်းတို့မှာ ပန်းနာရင်ကျပ်ဝေဒနာ ခံစားနေရသည်။ နှစ်စဉ်အသက် ငါးနှစ်အောက်ကလေး ငါးသိန်းခွဲခန့်သည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။ လေထုညစ်ညမ်းမှုသည် ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများတွင် အဓိကဖြစ်ပွားရာ ကမ္ဘာ့လေထုညစ်ညမ်းမှု ၏ ၉၅ ရာခိုင်နှုန်းမှာ ဆင်းရဲသောနိုင်ငံများ၌ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ် လူ ၂၂၀၀၀ ခန့်သည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရသည်ဟုဆိုပြီး ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လေ အရည်အသွေး စစ်တမ်းအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးနိုင်ငံ အဆင့် ၁၉ တွင် ရှိနေသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်ထက် ၂ ဆမှ ၄ ဆအကြား ဖြစ်ပေါ်နေသည့် နေရာများရှိနေသည်ဟုဆိုသည်။ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် စက်ရုံ၊ အလုပ်ရုံနှင့် ယာဉ်ယန္တရားများကြောင့် လေထု ညစ်ညမ်းမှုအများဆုံးဖြစ်ပြီး ကျေးလက်ဒေသများတွင် တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ မီးခိုးများစွာထွက်သည့် လောင်စာများသုံးပြီး ချက်ပြုတ်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများက အများဆုံးဖြစ်သည်။ ထိုလေထုညစ်ညမ်းမှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် လူထုကျန်းမာရေးကို အန္တရာယ်ပြုနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင်ရာ လေထုညစ်ညမ်းမှု လျှော့ချရေး လူတိုင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း