သိန်းညွန့်(PZL)

 

မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သည့် ဧရာဝတီမြစ် မြစ်ဖျားခံရာ ရေဝေရေလဲဒေသ၊ ရေခဲတောင် ဂေဟစနစ်၊ ပန်ဒါနီနှင့် ရေခဲတောင်ဆိတ် စသည့်မျိုးစိတ်တို့ ကျက်စားရာ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အရေးပါသောနေရာကို ညွှန်းဆိုပြပါဟုဆိုလျှင် “ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်” ကိုပင် ပြဆိုရပေမည်။

 

အာဆီယံအမွေအနှစ်

 

အမြင့်ပေ ၁၉၂၉၆ ပေရှိ ခါကာဘိုရာဇီတောင်မဟာသည်ကား အရှေ့တောင်အာရှ နိုင်ငံများအတွင်း အမြင့်မားဆုံးတောင်ပင် ဖြစ်သည်။ စတုရန်းမိုင်အား ဖြင့် ၁၄၇၂ မိုင်ရှိကာ ဧက ၉၄၂၀၈၀ ကျယ်ပြောသည့် “ခါကာဘိုရာဇီအမျိုးသားဥယျာဉ်” သည် အာဆီယံ အမွေအနှစ်အဖြစ် ၂၀၀၃ ခုနှစ်က သတ်မှတ်ခံထားရသော အမျိုးသားဥယျာဉ်တစ်ခုလည်း ဖြစ်ပေသည်။

 

ဤဒေသ၏ အခင်းအကျင်းသည်ကား ဟိမဝန္တာ အရှေ့ဖျားနှင့် ဆက်စပ်ပြီး အမိနိုင်ငံ၏ မြောက်ဘက်စွန်း ဆီးနှင်းများ ခြုံလွှမ်းရာဒေသဖြစ်ကာ ဇီဝမျိုးစုံ မျိုးကွဲနှင့် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင် ရန်ရည်ရွယ်ရင်းဖြင့် “အမျိုးသားဥယျာဉ်” အဆင့် ထိန်းသိမ်းကာကွယ်ရေးအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

သဘာဝအခြေခံခရီးသွားလုပ်ငန်း

 

ရည်ရွယ်ရင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် ဧရာဝတီမြစ်ဖျား ရေဝေရေလဲဒေသ ရေရှည်တည်တံ့ရေးအတွက် မဖြစ်မနေ ထိန်းသိမ်းကာကွယ်ရခြင်း ဖြစ်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက်ပါ ရည်ရွယ်ဖော်ဆောင်နေသော “အမျိုးသား ဥယျာဉ်” တစ်ခုလည်း ဖြစ်ပေသည်။

 

တစ်ပြိုင်တည်း၌ပင် ဒေသခံသွေးချင်းတိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက်ပါ အထောက်အပံ့ဖြစ်စေကာ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးနယ်မြေ တစ်ခုအဖြစ် သတ်မှတ်အတည်ပြုနိုင်ရန်အတွက် စနစ်တကျစီမံချက်များ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း သိမှတ်ရသည်။

 

ဂေဟစနစ်လေးမျိုး

 

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အတွင်း တည်ရှိသော အဆိုပါဥယျာဉ်တွင် ဂေဟစနစ်လေးမျိုးဖြစ်သော တောင်တန်း၊ သစ်တော၊ မြက်ခင်းနှင့် ကုန်းတွင်းရေဝေဒေသ ဂေဟစနစ်ဟူ၍ တွေ့ရှိရသလို တောင်ပေါ်မြက်ခင်း၊ ထင်းရှူး၊ တောင်ဇလပ်၊ တောင်ပေါ်သမပိုင်း စွတ်စိုတော၊ အပူလျော့ပိုင်းမြေနိမ့်တောဟူ၍လည်း တောအမျိုးအစား ငါးမျိုးတို့ဖြင့် ဖြန့်ကြက်လွှမ်းခြုံထားသည်။

 

ပန်ဒါနီ၊ သားမင်း၊ ကတိုချေ ရေခဲတောင်ဆိတ်၊ မျောက်မြီးရှည်၊ အာသံမျောက် စသည့် နို့တိုက်သတ္တဝါ ၄၃ မျိုး၊ ဇာမဏီ၊ မိုနာရစ် အပါအဝင် ငှက်မျိုးစိတ် ၃၇၀၊ ရေခဲငါး၊ ကျောက်ကပ်ငါး စသောငါးမျိုးစိတ် ၄၇ မျိုးတို့ကို ယင်းဥယျာဉ်ဒေသအတွင်း တွေ့ရှိ မှတ်တမ်း ပြုထားသည်။ ထိုမျှမက လိပ်ပြာ၊ ဖား၊ မြွေ၊ ပုတ်သင် စသည့် သတ္တဝါများလည်း ကျက်စားနေထိုင်ကြသည် ဆို၏။

 

 

သဘာဝအလှတန်ဆောင်

 

အဆိုပါ အမျိုးသားဥယျာဉ်ဒေသသည် ပေ ၁၀၀၀၀ ကျော် မြင့်မားကာ တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေသော တောင်တန်း၊ တောင်စဉ်၊ လျှိုမြောင်တောင်ကြားနှင့် ရေတံခွန်များဖြင့် ထူးခြားထင်ရှားသည့် သဘာဝအလှတန်ဆောင်သဖွယ် ဖြစ်နေပေသည်။

 

ရဝမ်၊ လီဆူ၊ ဂျိမ်းဖော၊ ရှမ်း၊ တိဗက်၊ ထရုံစသော လူမျိုးများ စုဖွဲ့နေထိုင်ရာ ယင်းဒေသသည် လူနေကျဲပါးသည်နှင့်အမျှ သစ်တောနှင့် ဂေဟစနစ်များ ပကတိအတိုင်း တည်ရှိနေခြင်းကလည်း ထူးခြားချက်တစ်ရပ်ပင် ဖြစ်ပေသည်။

 

 

သဘာဝထိန်းသိမ်းရေးနယ်မြေ

 

အထူးသဖြင့် မြန်မာနိုင်ငံ၏ အဓိကကျလှသော ရေခဲတောင်ဂေဟစနစ် သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ်လည်း နိုင်ငံတော်က ရှုမြင်ထားသည်။  သို့ဖြစ်၍လည်း အမေရိကန်နိုင်ငံမှ သုတေသန ပညာရှင်အဖွဲ့များက ယင်းဒေသအတွင်း အပင် မျိုးစိတ်နှင့် နှင်းကျားသစ် နေထိုင်ကျက်စားမှုများနှင့် စပ်လျဉ်း၍ လာရောက်သုတေသနပြု စေ့ငုခဲ့ကြကြောင်း သိရှိရသည်။

 

မည်သို့ပင်ဆိုစေကာမူ အမိနိုင်ငံတော်၏ မြောက်ဖျား ထင်းရှူး၊ တောင်ဇလပ်များ ရှင်သန်ပေါက်ရောက်ရာ ဆီးနှင်းရေခဲပြင်များဖြင့် သဘာဝအလှပန်းချီသဖွယ် ထုဆစ်ခြယ်သထားသော “ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်” ၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်ရေးအတွက် တိုင်းရင်းသား ပြည်သူများကပါ အသိတရားရှိရှိ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်သမှု ပြုလိုက်ရပါပေသည်။ ။