အောင်လင်း
ယမန်နေ့မှအဆက်
မော်သည် တံခါးသို့ ပြေးသွားလေသည်။
“ဟေ့ ... ဗစ်တာလာပြီ ဗစ်တာ မွန်ရေ ...”
မွန်သည် နောက်သို့လိုက်သွားပြန်သည်။ ဧည့်ခန်းသို့ ဘောင်းဘီရှည် ကုတ်အင်္ကျီနှင့် အင်္ဂလိပ် ကပြားဆန်ဆန် လူတစ်ယောက် ဝင်၍လာသည်။ မွန်က အင်္ဂလိပ်လို အပြစ်တင်လိုက်သည်။
“သိပ်နောက်ကျတယ်ကွယ်၊ မွန်ကချိန်းထားရင် အချိန်မှန်မှ ကြိုက်တယ်၊ အချိန်မမှန်ရင် သိပ်စိတ်ဆိုးတယ်”
ဗစ်တာသည် မွန်၏ခေါင်းကိုသာ ပွတ်လိုက်ပြီးလျှင် ချော့လိုက်သည်။
“အဘိုးကြီး ကားပြန်မလွှတ်လို့ နောက်ကျတာပါ မွန်ရာ၊ ကိုယ့်အပြစ် မဟုတ်ပါဘူး။ ကားမရှိရင် ဘယ်လိုလုပ် လာမလဲ”
ဗစ်တာက ချော့လိုက်သည့်တိုင်အောင် မွန်က ကျေနပ်ပုံ မရသေးချေ။
“ဘာပဲဖြစ်ဖြစ် နောက်ကျတာက နောက်ကျတာပဲ။ ကားမရှိရင် ဒီအတိုင်းလာ၊ ဒါမှမဟုတ်ရင် တက္ကစီငှားလာလည်း ဖြစ်နိုင်တာပဲ။ အပြစ်ကို ဆင်ခြေပေးတာ တော့ မွန်မကြိုက်ဘူး”
“ကဲပါကွာ ... ဝမ်းနည်းပါတယ်၊ ကိုယ့်အပြစ်ကို တောင်းပန်ပါတယ်ကွယ်၊ ကဲ ... အချိန်မရှိဘူး သွားမယ်”
မော်သည် အပေါ်ထပ်သို့ အပြေးတက်သွားလေသည်။ ဒေါ်ခင်မျိုးသန့်သည် ဗစ်တာ့ကို လှမ်း၍နှုတ်ဆက်လိုက်သည်။
“ကဲ ... ဗစ်တာ၊ မင်းရောက်လာတာ အတော်ပဲ၊ နို့မို့ အန်တီက အသွားအပြန် လိုက်ပို့နေရမှာ၊ ကဲ ... မွန်ရေ၊ မာမီသွား မယ်နော်၊ ရော့ .... မော့်ကို တစ်ဆယ်၊ မင်း တစ်ဆယ်”
ဒေါ်ခင်မျိုးသန့်သည် လက်ပွေ့အိတ်ထဲမှ ဆယ်တန်နှစ်ချပ်ကိုထုတ်၍ ပေးလိုက်သည်။
“ဒေါက်တာမကြီး တစ်ယောက်လုံး လုပ်ပြီးကွာ ... အပြင်ထွက်တာတောင် ငွေတစ်ဆယ်တည်းနဲ့တော့ ရှက်ပါတယ်ဟေ့၊ ကိုယ်တို့တော့ အတူမသွားဘူးကွ”
“အံမယ် ... ဗစ်တာက မြှောက်ပေးမနေ စမ်းပါနဲ့၊ မွန့်မှာ ပိုက်ဆံအများကြီးရှိတယ်။ သူ့ဒက်ဒီဆီက ညှစ်ထားတာ တစ်ရာလောက်ရှိတယ်ကွ ...”
“ဪ ... ဒီလိုလား၊ ဒါဖြင့် မွန် ဒီနေ့ ဒကာခံမယ်ပေါ့”
မွန်သည် ဗစ်တာ့ကို မျက်စောင်းခဲ၍ ကြည့်လိုက်သည်။ ဗစ်တာက အသံပြဲကြီးဖြင့် ရယ်လိုက်သည်။
“သူဌေးကိုတော့ ကြေးမပါနိုင်ဘူး ဆရာ၊ ဗစ်တာတို့က သူဌေးတွေ မဟုတ်လား”
ဗစ်တာ ပခုံးကိုတွန့်၍ အသံဝါကြီးဖြင့် ရယ်လိုက်သည်။ မော်သည် ကြော့နေအောင်ပြင်၍ အပေါ်ထပ်မှ ဆင်း၍လာပြီးလျှင် ဒေါ်ခင်မျိုးသန့်၏လက်ကို အတင်းဆွဲထားလိုက်သည်။
“အံမယ် ... မာမီက လစ်မလို့၊ ဘယ်မလဲ ပိုက်ဆံ”
“မွန့်ဆီမှာ ပေးခဲ့ပြီးပြီ၊ တစ်ယောက် တစ်ဆယ်”
သည်တော့မှ မော်က ကလေးငယ်ကဲ့သို့ ဒေါ်ခင်မျိုးသန့်၏ပါးကို ခုန်နမ်းလိုက်သည်။ ဒေါ်ခင်မျိုးသန့် ထွက်သွားသောအခါ ဗစ်တာသည် ဦးကျော်ဒင်အား လှမ်း၍ နှုတ်ဆက်လိုက်သည်။
“အန်ကယ် ... ကျွန်တော့်ကို ခွင့်ပြုပါဦး”
“အေး ... အေး ... စောစောတော့ ပြန်ကြဟေ့”
“ဟုတ်ကဲ့ အန်ကယ်၊ စိတ်ချပါ”
“အပြန် လေဟာပြင်ဈေးဝင်ပြီး ခေါက်ဆွဲစားမယ် ဒက်ဒီ၊ ဗစ်တာက အားလုံးဆပ်ပလိုင်းလုပ်မှာနော် ဗစ်တာ”
“မရဘူးကွ၊ မော့်ဆီက တစ်ဆယ်ကုန် အောင်တော့ညှစ်ရမယ်၊ တစ်ဆယ်ကုန်မှ ကိုယ်က လိုတာစိုက်မယ်”
မော်သည် နှုတ်ခမ်းစူ၍ ခြေကိုဆောင့်လိုက်သည်။
“ဘာလဲ ဗစ်တာက မတရားဘူး၊ သူများမရှိမဲ့ရှိမဲ့ တစ်ဆယ်လေးကိုတော့ အညှဉ်းမခံနိုင်ဘူး၊ မွန့်ကို ညှဉ်းပါလား၊ မွန့်ကျတော့ မညှဉ်းဘဲနဲ့ ဒီကဖော်ကောင် လုပ်လိုက်မယ်နော် ဟင်း ..”
“ရှူး ... ကောင်မလေး အရူးလား၊ ဒက်ဒီကြားသွားမယ်”
မွန်က မော့်ကိုမျက်နှာတည်တည်ဖြင့် ဟန့်လိုက်သည်။ သည်တော့မှ မော်သည် လျှာကလေးကိုထုတ်၍ မျက်လုံးပြူးပြ လိုက်သည်။
ကိုဘခက်သည် ဦးကျော်ဒင်နှင့် စကားပြောနေရာမှ မွန်တို့စကားဝိုင်းကို တစ်ချက်နားစွင့်လိုက်မိသည်။
‘မ’ ကမူ မွန်တို့ကို လုံးဝဂရုမစိုက်။ ဦးကျော်ဒင်နှင့် ကိုဘခက်တို့ ပြောနေသော ဂီတအကြောင်းကိုသာ စိတ်ဝင်စားဟန် ရှိ သည်။
ခဏကြာလျှင် ကားထွက်သံကို ကြားလိုက်ရသည်။ ဗစ်တာနှင့် မော်တို့၏ ရယ်သံသည်ဧည့်ခန်းထဲသို့ လွင့်၍ဝင်လာသည်။ ဦးကျော်ဒင်ကား သူပြောလိုသော စကားကိုသာ စိတ်ဝင်စားစွာ ပြော၍နေတော့သည်။
“အေးဟေ့ ငါ့သမီးတော့ စောင်းပညာကို ကောင်းကောင်းတတ်အောင် အသင်ခိုင်းရမယ် ... နော် သမီး၊ သင်မယ် မဟုတ်လား”
‘မ’ သည် ခေါင်းကိုသာ ညိတ်၍ပြလိုက်သည်။ ‘မ’ ၏ အမူအရာမှာ အေးစက်စက် နိုင်လှသည်။
သို့သော် ဂီတအကြောင်းကို ဆွေးနွေးနေကြသည်ကိုပင် ခုလောက်ထိုင်၍ နားထောင်နေသည်က သူ၏ဝါသနာကို အကဲခတ်နိုင်ပေသည်။
“ကဲ...မောင်ဘခက်လည်း ညောင်းရင်အခန်းမှာလှဲနေကွာ၊ စန္ဒရားတီးချင်လည်း တီး၊ စောင်းလည်း ရှိတယ်။ တီးတာ မှုတ်တာတော့ အားမနာနဲ့ဟေ့၊ ဒီအိမ်မှာ ဒါကြောင့် အနှောင့်အယှက် မဖြစ်ဘူး။ ညလည်း ညဉ့်နက်သန်းခေါင်ထိ ဆိုနိုင်တယ်၊ တီးနိုင်တယ်။ ဦးတို့က အားလုံးအပေါ်ထပ်မှာ အိပ်ကြတာပဲ။ ဘာမှ အနှောင့်အယှက်မဖြစ်ဘူး။ ကြားလား ဟေ့ ... မောင်ဘခက်”
“ဟုတ်ကဲ့ ... ကျွန်တော်လည်း စိတ်ပါရင် မိုးလင်းထိုင်ပြီး တီးတတ်တယ်”
“ဟုတ်တာပေါ့ ၊ ခင်တို့တောင် တစ်ည၊ နှစ်ည မိုးလင်းပေါက် ဖဲဝိုင်းမှာ ထိုင်သေးတာပဲ။ ကိုယ့်ဝါသနာနဲ့ ကိုယ်ပေါ့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်ပါတုန်းလုပ်ရင် ကောင်းတာပဲဟေ့။ စိတ်လည်းချမ်းသာတယ်။ ဒီမှာတော့ ဘာမှအားနာစရာ မရှိဘူးဟေ့။ မောင်အေးရေ ... ဟေ့ ... မောင်အေး”
“လာပြီ ... ဆရာ”
ဦးကျော်ဒင်သည် ယွန်းသေတ္တာထဲမှ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ‘မ’ သည် စီးကရက်ငွေဘူးကို ကိုဘခက်ရှေ့သို့ တိုးပေးလိုက်သည်။
“မင်း အခန်းရှင်းပြီးပြီလား၊ ခုတင်ရော ခင်းပြီးပြီလား”
“ပြီးပါပြီ ဆရာ၊ အားလုံး ပြီးပါပြီ။ အိပ်ရာခင်းပြီးပါပြီ”
‘မ’ သည် မောင်အေးကို မော့ကြည့် လိုက်ရင်း ...
“စားပွဲနဲ့ ကုလားထိုင်တစ်လုံး ရွှေ့ပေးလိုက်ပါ။ ပြီးတော့ မောင်အေးသွယ်တတ်ရင် မီးပလတ်ပေါက် ရှိတယ်၊ စလောင်းရယ်၊ မီးလုံးရယ်၊ ကြိုးရယ်သွားဝယ်ပြီး ဆင်ပေးလိုက်ပါ”
“ဟုတ်ကဲ့ မမ”
‘မ’ သည် စားပွဲပေါ်တင်ထားသော ပလတ်စတစ်အိတ်ထဲမှ ဆယ်တန်နှစ်ရွက်ကို မောင်အေးအား လှမ်းပေးလိုက်သည်။
ကိုဘခက်သည် နေရာမှထလိုက်သည်။ နောက်ဖေးပေါက်နှင့် ကပ်လျက်ရှိသော သူ့အခန်းဆီသို့ ဝင်ခဲ့သည်။
သူ့အခန်းတွင်း၌ကား သံခုတင်တစ်လုံးနှင့် အိပ်ရာအသင့်ခင်းထားသည်ကို တွေ့ရသည်။ ကိုဘခက်သည် ခုတင် ပေါ်သို့ လှဲချလိုက်သည်။ ကိုယ့်အဖြစ်ကို ပြန်တွေး၍ပင် မယုံနိုင်အောင်ရှိတော့သည်။
ထွက်လာစဉ်က ဖြစ်လိုရာဖြစ်စေ၊ ကိုယ်ယုံကြည်ရာ လုပ်ရလျှင်တော်ပြီ ဟူသော သတ္တိဖြင့် ထွက်ခဲ့သည်။
သို့သော် တကယ့်လက်တွေ့တွင် မလွယ်လှပေ။ တက်လမ်းကို ရှာရာ၌ အစွမ်းအစတစ်ခုတည်းနှင့် မလုံလောက် သေးသည်ဟု တွေ့ရသည်။
ဂီတသုခုမအဖွဲ့ အတွင်းရေးမှူး ဦးဘရီ ၏စကားများကို ပြန်၍ ကြားယောင် မိသည်။
ကိုဘခက်သည် စိတ်ထဲရှိသမျှကို ထိမ်ချန်ထားတတ်သူ မဟုတ်သည့်အတိုင်း သူ၏ရည်ရွယ်ချက်ကို ဦးဘရီ အား ဖွင့်၍ပြောလိုက်မိသည်။
“ကျွန်တော်တော့ ဒီပြိုင်ပွဲမှာရရင်လည်းရပေါ့၊ မရလည်း မြို့ကိုတော့ မပြန်ချင်တော့ဘူးခင်ဗျ၊ ရန်ကုန်မှာ နာမည် တစ်လုံးရမှ ပြန်ချင်ပြန်မယ်”
ဦးဘရီသည် ကိုဘခက်၏ စကားကို နားထောင်ရင်း ပြုံးလိုက်သည်။ ကိုဘခက်၏သတ္တိကို ချီးကျူးသော်လည်း တကယ့်လက်တွေ့တွင် အနုပညာရှင်တစ်ယောက်အတွက် အောင်မြင်ခြင်းသည် စိတ်ထင်သလောက် မလွယ်လှသည်ကို ဦးဘရီက သိထားပြီးဖြစ်သည်။
“မင်းပညာနဲ့ သတ္တိတော့ ချီးကျူးပါတယ်ကွာ၊ ဒါပေမယ့် ရန်ကုန်မှာ လွယ်လွယ်နဲ့ မတိုးနိုင်တာတော့ အမှန်ပဲ။ ငါတို့ကိုကြည့်ကွာ...၊ အရင် အင်္ဂလိပ်ခေတ်ကတည်းက ဂီတာဘရီ ဆိုပြီး နာမည်တစ်လုံးနဲ့ နေခဲ့တာ။ မင်းတို့ အထင်တော့ ငါတို့ဟာ ဒီအလုပ်နဲ့ သိပ်ကြီးပွားနေပြီလို့ ထင်မှာပေါ့။ ဝေးသေးတယ် ဟေ့ ... ရုံးမှာ အထက်တန်းစာရေးလေး ရပေလို့ မငတ်တာဟေ့။ ဒါနဲ့သာ လုပ်စားရင် ငတ်လိုက်မယ့်ဖြစ်ခြင်း။ နာမည်ကြီး သမျှ ငတ်တယ်ဆိုတာ တို့ပညာပဲကွ”
ဦးဘရီက အရိုးတိုင်း ဂီတသမားတစ်ယောက်၏ အကျပ်အတည်းနှင့် ရုန်းကန်ရပုံကို ဖွင့်ပြောလိုက်သော်လည်း ကိုဘခက် ကမူ တုန်လှုပ်ခြင်းမရှိချေ။
“ကျော်စောခြင်းနဲ့ ငွေဟာတခြားစီပဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တတ်တဲ့ ပညာကို တိုင်းပြည်ကို တင်ပြခွင့်ရရင်တော်ပြီ၊ ပြီးတော့ ကျွန်တော် သီချင်းရေး ဆရာတစ်ယောက် ဖြစ်ချင်တယ်။ မြို့မငြိမ်းလို သီချင်းရေးဆရာတစ်ယောက် ဖြစ်ရင်တော်ပြီ။ သူ့လိုပဲ ဒုက္ခထဲမှာနစ်ပြီး သေချင်သေပါစေ၊ ကျွန်တော် ပြုစုချက်ကို လက်ခံတဲ့ ပရိသတ်ရှိလာရင် တော်ပြီ။ ငတ်တာမဆန်းပါဘူး၊ သူတောင်းစားတောင် ဘာယုံကြည်ချက်မှမရှိဘဲ နေ့စဉ် တောင်းစားနေကြသေးတာပဲ။ ကျွန်တော်တို့လို ကိုယ့်ယုံကြည်ချက် အတွက်ဆိုရင် တောင်းစားပြီး လုပ်နေလည်း ရှက်စရာမလိုပါဘူး။ နိုင်ငံရေး သမားတွေဟာ ပြည်သူ့အထောက်အပံ့ ရန်ပုံငွေတွေကောက်ပြီး နိုင်ငံရေး လုပ်စားသေးတာပဲ။ ဘာထူးလဲ .... ကျွန်တော်တို့ လည်း တိုင်းပြည်ရဲ့ အနုပညာအတွက် လုပ်တဲ့နေရာမှာ စားစရာမရှိရင် တယောထိုးပြီး တောင်းစားမှာပေါ့”