မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်တည်ရှိပြီး အရှေ့တောင်အာရှ (အာဆီယံ)အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် ပထဝီဝင် အနေအထားအရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးသည့် အချက်အချာ ကျသော ဒေသတွင်တည်ရှိသည်။ အင်ဒို-ပစိဖိတ်ဒေသတွင် အရေးပါသောနေရာမှ  ပါဝင်လျက်ရှိပြီး အာရှနိုင်ငံများ၊   အာရှ-ပစိဖိတ်နိုင်ငံများနှင့်   ချိတ်ဆက်ရာတွင် ဗဟိုချက်သည် ရုရှားနိုင်ငံဖြစ်လာခဲ့သည်။ အဆိုပါချိတ်ဆက်မှုတွင် မြန်မာနိုင်ငံသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများရရှိလာသည်။

 

မြန်မာနိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးကဏ္ဍ၌  အရင်းအမြစ်ကောင်းများစွာ ရှိသည်။ စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝမြစ်ချောင်းအင်းအိုင်  ပင်လယ်ကမ်းရိုးတန်းများ   ပေါများပြည့်စုံသည့် နိုင်ငံဖြစ်သည်။    နိုင်ငံအတွင်း စိုက်ပျိုးမြေစုစုပေါင်း   ဟက်တာ ၁၃  သန်းကျော်ရှိပြီး ဆန်၊ ပဲနှင့် ပြောင်းတို့ကို အဓိကတင်ပို့သည့်နိုင်ငံဖြစ်သည်။ ရေအရင်းအမြစ်များစွာရှိသဖြင့် စပါး၊ ပဲမျိုးစုံ၊  ပြောင်းအပြင် နှမ်းနှင့်  ဝါသီးနှံတို့ကို   အများဆုံးစိုက်ပျိုးလျက်ရှိသည်။   အဆိုပါ အခြေခံကောင်းမျာရှိသော်လည်း  နည်းပညာ၊   သွင်းအားစုလိုအပ်ချက်များရှိ၍  ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက်  ၅၁ ကွက်  သတ်မှတ်ထားရှိပြီး   လုပ်ကွက်ရှစ်ကွက်မှာ သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်ပြီး ပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည်။ လက်ရှိတွင်  ဘင်္ဂလားပင်လယ်အော်၌ သဘာဝဓာတ်ငွေ့ နှစ်ထရီလီယံကုဗပေကျော် တွေ့ရှိထားပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည်ဖြစ်သည်။ အလားတူ ယင်းထက်ကြီးမား သည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများတွေ့ရှိထား သည်။ ထို့ကြောင့် နောင်လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း မပြုရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ များစွာကျန်ရှိသေးသည်။ အလားတူ ကြေးနီ၊  သံ၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် သဘာဝသတ္တုများ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည့် ထုတ်လုပ်မှုများရှိပြီး အလားအလာကောင်းများစွာရှိသည်။ အဆိုပါ သဘာဝအခြေခံ ကောင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် ကမ္ဘာ့နိုင်ငံများသို့ အသိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်၊  ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖိတ်ခေါ်အသိပေးခဲ့သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်း များ တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေသြဇာ၊  စက်သုံးဆီနှင့် အခြားသော ရေနံထွက်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်းရန် ဆောင်ရွက်လျက် ရှိသည်။ ဖိုရမ်သို့တက်ရောက်လာကြသော အာရှ-ပစိဖိတ်ဒေသမှ စီးပွားရေးလုပ်ငန်း ရှင်များအား မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍ၊စိုက်ပျိုးရေး နှင့် မွေးမြူရေး အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့် အခြားအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရော်ဘာအခြေခံစက်မှုကုန် ထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးနှင့်ဘဏ္ဍာရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်းကဏ္ဍများတွင် အလားအလာကောင်းများစွာရှိသဖြင့် လက်တွဲဆောင်ရွက်နိုင်ရန် ဖိတ်ခေါ် ခဲ့သည်။

 

ယခုကျင်းပပြုလုပ်လျက်ရှိသည့်  ဖိုရမ်နှင့်   အလားတူအစီအစဉ်များသည် ယူရေးရှားဒေသတွင်း မိတ်ဖက်နိုင်ငံ များအကြား ဆက်ဆံရေးအား ပိုမိုကောင်းမွန်စေရန် ပံ့ပိုးပေးလျက်ရှိပြီး ဒေသတွင်းနိုင်ငံများကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု မိတ်ဖက်နိုင်ငံများပြုလုပ်ခြင်းဖြင့် အပြန်အလှန်ထိတွေ့ဆက်ဆံ ဆက်သွယ်   ဆောင်ရွက်မှုလုပ်ငန်းများရရှိလာပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရှေ့ပိုင်း ဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မည်ဖြစ်သည်။  အာရှဒေသတွင်းနိုင်ငံများအကြား ကောင်းမွန် ခိုင်မာသည့် ဆက်ဆံရေးအား တည်ထောင်နိုင်ခြင်းဖြင့် ဆက်ဆံရေးလမ်းကြောင်းသစ်ကို ဖော်ဆောင်နိုင် မည်ဖြစ်သည်။

 

သို့ဖြစ်ရာ အာရှ-ပစိဖိတ်ဒေသနိုင်ငံများအချင်းချင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဆောင်ရွက်ပြီး ရင်းနှီးချစ်ကြည် ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်မှုကြောင့်  အာရှ-ပစိဖိတ်ဒေသ ပထဝီနိုင်ငံရေးတည်ငြိမ်မှုကို ပိုမိုခိုင်မာအားကောင်း လာစေပြီး အထူးသဖြင့် ရုရှားနိုင်ငံနှင့် မိတ်ဆွေညီအစ်ကိုနိုင်ငံ ပူးပေါင်းဆောင်ရွက် မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်လာပြီဖြစ်ပါကြောင်း။        ။

(ကြေးမုံ)