ကျောက်ဆည်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးနှင့် လေးမျက်နှာ ဘုရားဝင်းအတွင်း နေရာ(၂)နေရာတွင် ဆန်၊ ဆီ၊ အာလူး၊ ခရမ်းချဉ်သီး၊ အသားဘူး၊ ငါးဘူး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ပြည်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိရေး၊ ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီ ဝယ်ယူရောင်းခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် စားသုံးဆီများကို ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေးများ ဖြစ်စေရန် စနစ်တကျ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိသာနှုန်းဖြင့် ရောင်းချခဲ့သည့်အပြင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူးရုံး(ကျောက်ဆည်)မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ အသားဘူး၊ ငါးဘူး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
သက်မောင်