ရန်ကုန် စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်(၄၄)မြို့နယ်ရှိ သတ်မှတ်နေရာများတွင် ဆန်၊ ဆီ၊ ကြက်ဥများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်) ရပ်ကွက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ အိမ်ထောင်စုတစ်စုလျှင် ဆန် (၁)ပြည် ၁၆၀၀ ကျပ်ဖြင့် (၂)ပြည်နှုန်း၊ ဆီ (၅၀)ကျပ်သား ၂၆၅၀ ကျပ်၊ ကြက်ဥ(၁၀)လုံး ၁၇၅၀ ကျပ်နှုန်းထားတို့ဖြင့် အိမ်ထောင်စု (၃၀၀)ကျော်အား ရောင်းချပေးနေမှု၊ အလားတူ ကမာရွတ်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာလမ်းတွင် အိမ်ထောင်စု (၂၀၀)ကျော်နှင့် လှိုင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ယုဇနလမ်းထိပ် ဇေယျသိဒ္ဓိဓမ္မာရုံတို့တွင် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားပြီး Mask များ ဝေငှ‌ပေးကြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကမာရွတ်မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝင်းအတွင်း အုပ်မိုးကိုင်းများ၊ တွယ်ကပ်ပင်များ ခုတ်ထွင်ရှင်းလင်းရန်၊ ကျောင်းအုတ်နံရံရှိ ရေညှိများ၊ ချေးများအား တိုက်ချွတ်ရေဆေးပြီး ပြန်လည်ဆေးသုတ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)