ရန်ကုန် စက်တင်ဘာ ၁၁

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ပြိုင်ပွဲအဖြစ် ကျင်းပရာ၌ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအဆင့်(အတီး) ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲဝင်မည့် ရွှေလက်သံပြောင် အံ့မင်းမောင်အဖွဲ့၏ လေ့ကျင့်နေမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအတွက် ဆရာဝန်၊ သူနာပြုများပါရှိသည့် ဆေးခန်း၊ ဒုံမင်း၊ မဟာဂီတ၊ ကဗျာလွတ်အက၊ အိုးစည်၊ ဒိုးပတ်၊ ဆိုင်းအဖွဲလိုက်၊ စောင်း၊ စန္ဒရား၊ ဂီတာ၊ မယ်ဒလင်တို့၏ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များလေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးရာ ရန်ကုန်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်က စခန်းသွင်းလေ့ကျင့်နေမှု၊ စားသောက်နေထိုင်မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က ဘာသာရပ်အလိုက် နည်းပြများအနေဖြင့် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး‌အထပ်ထပ်အခါခါ လေ့ကျင့်ပေးသွားရန်လိုကြောင်းနှင့် ပြိုင်ပွဲဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်၍ အောင်မြင်မှုရရှိအောင် ရည်မှန်းချက်ထား ကြိုးစား‌လေ့ကျင့်ကြရန် မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် တိရစ္ဆာန်ဥယျာဉ်နှင့် ကပ်လျက်ရှိသော သစ်တောဦးစီးဌာနက ယာယီထိန်းသိမ်းထားသည့် ယခင်ဒို့ပြည်သားကုမ္ပဏီမှ ငှါးရမ်းလုပ်ကိုင်သော မြေဧရိယာ ၂ ဒသမ ၁၈ ဧကပေါ်တွင် စာပေဗိမာန်အဆောက်အဦ ဆောက်လုပ်မည့် အဆိုပြုမြေနေရာနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဆင့်မြင့် ဈေးဝယ်စင်တာ ဆောက်လုပ်မည့် အဆိုပြုမြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)