ထက်မြက်

 

ကျွန်တော်တို့ကမ္ဘာကြီးဟာ လှပဆန်းကြယ်မှုတွေနဲ့အတူ  သိပ်ကိုချစ်ဖို့ကောင်းသလို နေချင့်စဖွယ် ဂြိုဟ်ကြီးတစ်လုံးလည်း ဖြစ်ပါတယ်။

 

ကမ္ဘာဆိုတဲ့ဂြိုဟ်ကြီးက ဘယ်သူတွေနဲ့ သက်ဆိုင်သလဲလို့မေးရင် ဒီကမ္ဘာပေါ်မှာမှီတင်းနေ ထိုင်ကြတဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောရပါလိမ့်မယ်။ ဒါဟာတကယ့် လက်တွေ့အမှန်တရားပါ။

 

ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးကို သူတို့ရဲ့ လက်ခုပ်ထဲကရေလို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ချင်လိုကြတဲ့ နိုင်ငံကြီးတချို့လည်း ရှိပါသေးတယ်။ အထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာခြမ်းမှ အင်အားစုတချို့ဖြစ်ပါတယ်။

 

ဒီနေရာမှာ အမေရိကန်က ဦးဆောင်တာဖြစ်တဲ့အတွက် အမေရိကန်ကိုသာ ဦးတည်ပြီးတော့ ပြောရမှာပါ။ အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်တဲ့ အခြေအနေရှိတာ မှန်ပါတယ်။

 

သို့သော်လည်း သူ့ရဲ့လွှမ်းမိုးမှုက ကမ္ဘာသူ ကမ္ဘာသားများအားလုံးရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ သူ့တစ်နိုင်ငံတည်းရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။

 

ဥပမာအားဖြင့်ပြောရရင် အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားကတည်းက စစ်ပွဲ ဖြစ်ပွားတယ်ဆိုတာ စာချစ်သူများ ကြားဖူးပါသလား။ ကျွန်တော်လည်း မကြားဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲမဖြစ်ပွားခဲ့လို့ပါ။

 

အမေရိကန်ရဲ့စနက်ကြောင့် တစ်ကမ္ဘာလုံးနီးပါးမှာ စစ်မီးတွေတောက်လောင်

 

ဒါပေမယ့် အမေရိကန်ရဲ့စနက်ကြောင့် တစ်ကမ္ဘာလုံးနီးပါးမှာ စစ်မီးတွေ တောက်လောင်နေရတယ် လို့ပြောရင် ကျွန်တော် လွန်မယ်မထင်ပါဘူး။

 

ဒီလိုမျိုးတွေ ဖြစ်နေရတာက ကျွန်တော်တို့ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံးရဲ့ အသက်ရှင်သန် ရပ်တည်မှုဟာ အမေရိကန်နိုင်ငံပေါ်မှာသာ မူတည် နေရတယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေပါတယ်။

 

ကျွန်တော်တို့နေ့စဉ်ဘဝမှာ အသုံးပြုနေရတဲ့ လူသုံးကုန်ပစ္စည်းတွေ ရှိပါတယ်။ ဒီလူသုံးကုန် ပစ္စည်းတွေကို ပြည်တွင်းကနေ ထုတ်လုပ်တာရှိသလို ပြည်ပကနေတင်သွင်းရတာမျိုးတွေလည်း ရှိပါတယ်။

 

ပြည်ပကနေ ဝယ်ယူ တင်သွင်းရတဲ့အခါ ငွေကြေးအတွက် အမေရိကန်ဒေါ်လာကိုသာ အဓိက အားထားပြီး အသုံးပြုရပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာကြီးက ဧကဝင်ရိုးအပေါ် မူတည်နေ ရတာကိုး။

 

တကယ်လို့များ အမေရိကန်နိုင်ငံက သူ့စိတ်အလိုမကျတဲ့ နိုင်ငံတစ်နိုင်ငံကိုသာ သူတို့ရဲ့ဒေါ်လာ ငွေကြေးတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ရင် အဲဒီ နိုင်ငံရဲ့လည်ပတ်မှုမှန်သမျှအားလုံးနီးပါး ရပ်တန့် သွားရပါလိမ့်မယ်။ တစ်နည်းပြောရရင် ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရတာပေါ့။

 

ဒီလိုအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်လာရအောင် လုပ်ဆောင်ထားသူကတော့ အမေရိကန်နိုင်ငံပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အခုတင်ပြ သွားတာက ဥပမာတစ်ခုတည်းသာ ရှိပါသေးတယ်။

 

အမေရိကန်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရ

 

ဒါကြောင့် ဧကဝင်ရိုးဆိုတဲ့ ဝင်ရိုးတစ်ခုတည်း အပေါ်မှာရပ်တည်နေရတဲ့ ကျွန်တော်တို့ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ဘဝဟာ ဝင်ရိုးအဖြစ်တည်ရှိနေတဲ့ အမေရိကန်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရတာကို အတိုင်းသား မြင်တွေ့ခဲ့ရပြီးဖြစ်သလို လက်ရှိမှာလည်း ဒီလိုမှီခိုခြင်းရဲ့ အကျိုးကျေးဇူးကို ရင်ဆိုင်ခံစားနေရပါတယ်။

 

ဒါဆိုရင် ဧကဝင်ရိုးဆိုတဲ့ ဝင်ရိုးတစ်ခုတည်း အပေါ်ရပ်တည်နေမှုက ကမ္ဘာသူကမ္ဘာသားတွေအတွက် ကောင်းခြင်းကို ပိုမိုဖြစ်ထွန်းစေသလား၊ ဆိုးခြင်းကို ပိုမိုဖြစ်ထွန်းစေသလားဆိုတာ စာချစ်သူများကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်မယ် ထင်ပါတယ်။

 

ဒီလိုဧကဝင်ရိုးကနေ လွတ်မြောက်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာကတော့ ဗဟုဝင်ရိုးလို့ခေါ်တဲ့ ဝင်ရိုးအများအပြားအပေါ် ရပ်တည်မှုစနစ်ဆီကို ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။

 

ဗဟုဝင်ရိုးဆိုတာက နိုင်ငံအားလုံးတန်းတူညီမျှ ချမ်းသာကြွယ်ဝရေးနဲ့ တည်ငြိမ်အေးချမ်းစေဖို့

 

ဧကဝင်ရိုးဆိုတာ တစ်နိုင်ငံတည်းကောင်းစားရေးအတွက်ဖြစ်ပေမယ့် ဗဟုဝင်ရိုးဆိုတာကတော့ နိုင်ငံအားလုံး တန်းတူညီမျှ ချမ်းသာကြွယ်ဝရေးနဲ့ တည်ငြိမ်အေးချမ်းရေး ပိုမိုဖြစ်ထွန်းစေဖို့ကို ဦးတည် ပါတယ်။

 

ဗဟုဝင်ရိုးဆီ ဦးတည်လျှောက်လှမ်းရာမှာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်သူ နှစ်ဦးရှိပါတယ်။ သူတို့ကတော့ ရုရှားသမ္မတ ဗလာ ဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ပါပဲ။

 

ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ အခုသီတင်းပတ်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံမှာ လုပ်ဆောင်မယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံမှာ တွေ့ဆုံဖို့ရှိပါတယ်။

 

ရှီကျင့်ဖျင်ရဲ့ အခုလိုပြည်ပခရီးစဉ်ဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးခရီးစဉ်ဖြစ်သလို ဒီခရီးစဉ်မှာတွေ့ဆုံမယ့် ပုဂ္ဂိုလ်ကလည်း ရုရှားသမ္မတဖြစ်နေတာက ဗဟုဝင်ရိုးဆီကူးပြောင်းမယ့် လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ ခေါင်းဆောင် နှစ်ဦးရဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

 

ရုရှားနဲ့ တရုတ်နိုင်ငံဆိုတာ ရှေးအစဉ်အဆက်ကတည်းက ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီးသားဖြစ်တဲ့ နှစ်နိုင်ငံဖြစ်သလို လက်ရှိကမ္ဘာ့ဦးဆောင် နေရာတွေကို ရယူထားနိုင်တဲ့ နိုင်ငံများလည်း ဖြစ်ပါတယ်။

 

သူတို့နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနောက်အုပ်စုမပါ ကျန်ရှိတဲ့ ကမ္ဘာ့နိုင်ငံများ အားလုံးအတွက် စံနမူနာပြ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

 

ဥပမာအားဖြင့် ဗဟုဝင်ရိုးဆီ ကူးပြောင်းမှုအတွက် အဓိကအချက်ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေး ဈေးကွက်မှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချဖယ်ရှားရေးအတွက် ဆောင်ရွက်ရာမှာ သူတို့နှစ်နိုင်ငံက သူတို့နိုင်ငံသုံး ငွေကြေးအသီးသီးနဲ့ အသုံးပြုဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

 

တရုတ်က ရုရှားနိုင်ငံက ရောင်းချတဲ့ ရေနံပမာဏအများအပြားကို ဝယ်ယူ

 

ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို ထုတ်ပြရရင် လက်ရှိအချိန်မှာတရုတ်က ရုရှားနိုင်ငံက ရောင်းချတဲ့ ရေနံ ပမာဏအများအပြားကို ဝယ်ယူတဲ့နေရာမှာ ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေးတစ်ဝက်၊ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးတစ်ဝက်နဲ့ ဝယ်ယူဖို့ သဘောတူထားပြီးပါပြီ။ ဒါဟာ ဗဟုဝင်ရိုးဆီ ကူးပြောင်းမှုအတွက် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

 

သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကို လေ့လာကြည့်ရင် ရှီကျင့်ဖျင်ဟာ သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်တဲ့ ၂၀၁၃ ခုနှစ်ကနေ လာမယ့်တွေ့ဆုံမှု မတိုင်မီအထိ ပူတင်နဲ့ တွေ့ဆုံမှုအကြိမ်ပေါင်း (၃၈) ကြိမ်အထိရှိတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရပါတယ်။

 

နှစ်နိုင်ငံအကြား အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ထုတ်ပြန်ကြေညာ

 

သူတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့တာက ဒီနှစ်ဖေဖော်ဝါရီလမှာလုပ်တဲ့ ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်မှာ ဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမှုမှာတော့ ရှီကျင့်ဖျင်နဲ့ပူတင်တို့က သူတို့ နှစ်နိုင်ငံအကြား အကန့်အသတ်မဲ့ ပူးပေါင်းဆောင် ရွက်မှုတစ်ခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

အမေရိကန်ဟာ ဥရောပဒေသကို လွှမ်းမိုးနိုင်ရေးအတွက် ရုရှားကို ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းသလို၊ အာရှဒေသကို လွှမ်းမိုးနိုင်ရေးအတွက် တရုတ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာချိန်မှာ ရုရှား နဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာဆိုရင် အမေရိကန်ကို အထိနာသွားစေပါလိမ့်မယ်။

 

လက်ရှိမှာဆိုရင် အမေရိကန်က ဥရောပနဲ့ ယူကရိန်းကို ကြားခံပြီး ရုရှားအပေါ် ဘက်စုံစစ်ပွဲ အသွင်နဲ့ စစ်ဆင်နွှဲနေတာကို မြင်ရပါတယ်။

 

ရုရှားကလည်း သူ့ရဲ့အင်အား တောင့်တင်းခိုင်မာဖို့အတွက် အင်အားတည်ဆောက်ရာမှာ တရုတ်နိုင်ငံအပြင် အာရှဒေသမှာရှိတဲ့ နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက်လာတာကို မြင်တွေ့ရပါတယ်။

 

ဒါကြောင့် အခုလိုမျိုးကမ္ဘာကြီးကို ဗဟုဝင်ရိုးနဲ့ လည်ပတ်စေဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုက အင်မတန်မှ အရေးကြီးတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေထွက်ပေါ် လာမယ့်ရလဒ်က ကျွန်တော်တို့ မြန်မာနိုင်ငံအပါ အဝင် အာရှဒေသမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောင်းဆုံးတွေသာ ဖြစ်လာပါလိမ့်မယ်။

 

အခုဆိုရင် အနောက်အုပ်စုဟာ ပြိုကျလာနေပြီး ကမ္ဘာကြီးရဲ့အနာဂတ်ဟာ အာရှဒေသလက်ထဲကို ရောက်လာပါပြီလို့ ပူတင်က မကြာသေးခင်ကမှ လုပ်ဆောင်ပြီးသွားတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်မှာ ပြောခဲ့ပါသေးတယ်။

 

ပိုပြီးထူးခြားတာက ယခုလ ၇ ရက်မှာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပသွားတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)မှာ ပြောဆိုသွားတဲ့ သမ္မတပူတင်ရဲ့ သတင်းစကား ပါပဲ။

 

ဗိုလ်ကျစိုးမိုးလိုမှုတွေ တိုက်ဖျက်နိုင်ဖို့ ရုရှားနိုင်ငံနဲ့ မဟာမိတ်များ ပူးပေါင်းဆောင်ရွက်

 

သမ္မတပူတင်အနေနဲ့ အဲဒီမှာ အဓိကထား ပြောသွားတာကိုပြန်ကြည့်ရင် အနောက်နိုင်ငံတွေ အနေနဲ့ ကိုလိုနီခေတ် အတွေးအခေါ်ဟောင်းတွေဖြစ်တဲ့ ဗိုလ်ကျစိုးမိုးလိုမှုတွေအကြောင်းနဲ့ ဒါတွေကို တိုက်ဖျက်နိုင်ဖို့ ရုရှားနိုင်ငံနဲ့ မဟာမိတ်များက ဘယ်လို ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာ တွေကို အသေးစိတ် သုံးသပ်သွားတာတွေ့ရမှာပါ။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့တဲ့ အခါမှာ ပထမဆုံးစပြောတဲ့စကားက မြန်မာဟာ အရှေ့တောင်အာရှမှာ ရုရှားရဲ့ယုံကြည်စိတ်ချရဆုံး မဟာမိတ်လို့ ထုတ်ဖော်ပြောလိုက်ခြင်းပါပဲ။

 

အဲဒီနောက် ကဏ္ဍပေါင်းစုံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ အသေးစိတ်ဆွေးနွေး ခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဗဟိုပြုပြီး အရှေ့တောင်အာရှဒေသမှာ ဆက်ဆံ ဆက်သွယ်ရေး တိုးမြှင့်တော့မယ်လို့ အချက်ပြလိုက်တာပါပဲ။

 

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာသည်ထက် ခိုင်မာအားကောင်းအောင် တိုးမြှင့်ပြီး ဗဟုဝင်ရိုးဆီ ပြောင်းလဲရေးအတွက် တခြားကမ္ဘာ့ နိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တရုတ်ပညာရှင်များက ပြောထားတာကို တွေ့ရပါတယ်။

 

ဒီတော့ မကြာခင်တွေ့ဆုံမယ့် ပူတင်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှုကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကို သုံးသပ်ရရင် ပထမဆုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာပါလိမ့်မယ်။

 

လက်ရှိမှာကိုပဲ ဒီနှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုက ၃၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်။ မကြာသေးခင်ကပြီးဆုံးသွားတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ နှစ်နိုင်ငံကြား သဘောတူစာချုပ်ပေါင်း ၇၉ ခုအထိ ချုပ်ဆိုနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာနဲ့ကြည့်ရင် ဘီလီယံ ၁၆၀ အထိ ရှိပါတယ်။

 

ကန်ဒေါ်လာ သို့မဟုတ် ဗြိတိန်ပေါင်အသုံးပြုမှု ဖယ်ရှားသွားနိုင်ပါလိမ့်မယ်

 

စီးပွားရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သို့မဟုတ် ဗြိတိန်ပေါင်အသုံးပြုမှုကို ဖယ်ရှားသွား နိုင်ပါလိမ့်မယ်။ လက်ရှိ စွမ်းအင်ရောင်းဝယ်မှုမှာ ယွမ်ငွေတစ်ဝက်၊ ရူဘယ်ငွေတစ်ဝက်နဲ့ လုပ်ဆောင် နေပါပြီ။

 

စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်လာပါလိမ့်မယ်။ မကြာသေးခင်ကပဲ ရုရှားနိုင်ငံမှာနိုင်ငံ စုံစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ရာ တရုတ်နိုင်ငံက ပထမဆုံးအနေနဲ့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေ အားလုံး ပါဝင်ပူးပေါင်းထားတာကို တွေ့ရပါတယ်။

 

သူတို့နှစ်ဦး တွေ့ဆုံမှုဟာ ဗဟုဝင်ရိုးဆီကို ဦးတည်သွားတာဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ အမေရိကန်နိုင်ငံကို ထည့်တွက်မှု လျော့ကျသွားပါလိမ့်မယ်။

 

ပြည်တွင်းရေးဖြစ်စဉ်တွေမှာ အနောက်အုပ်စု ဝင်ရောက်စွက်ဖက်မှုကို သည်းခံခဲ့ရ

 

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ နိုင်ငံတကာဆက်ဆံရေးမှာ စည်းကမ်းမရှိပါဘူး။ ဧကဝင်ရိုးဖြစ်စဉ် အခါတုန်းက ကမ္ဘာသူ ကမ္ဘာသားများရဲ့ ရပ်တည်ရှင်သန်မှုဟာ သူတို့အပေါ်မှာ မူတည်နေတဲ့အတွက် တခြားနိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်စဉ်တွေမှာ အနောက် အုပ်စုရဲ့ ဝင်ရောက်စွက်ဖက်မှုကို သည်းခံခဲ့ရပါတယ်။

 

အခုတော့ ကမ္ဘာကြီးဟာ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ဗဟုဝင်ရိုးဆီကို တဖြည်းဖြည်း ကူးပြောင်းလာနေပါပြီ။

 

ဗဟုဝင်ရိုးဆီကိုကူးပြောင်းသွားပြီးရင် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ကမ္ဘာကြီးအပေါ်လွှမ်းမိုးမှု လျော့ကျသွားမှာ ဖြစ်သလို နိုင်ငံအားလုံးကလည်း တန်းတူညီမျှမှုရှိရှိနဲ့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး အချုပ်အခြာအာဏာကို ပိုမိုပိုင်နိုင်စွာ ကျင့်သုံးလာ နိုင်မှာဖြစ်ပါတယ်။

 

ဧကဝင်ရိုးကနေ ဗဟုဝင်ရိုးဆီပြောင်းလဲနိုင်ရေး အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လာမယ်

 

ဒါကြောင့် မကြာမီလုပ်ဆောင်မယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှုဟာ ကမ္ဘာကြီးကို ဧကဝင်ရိုးကနေ ဗဟု ဝင်ရိုးဆီပြောင်းလဲနိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမယ်လို့ဆိုရခြင်း ဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ သုံးသပ်တင်ပြလိုတာက ယနေ့ကမ္ဘာမှာ ခေတ်တွေ၊ စနစ်တွေပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပါပြီ။ ပြောင်းလဲမယ့်ပုံစံက ဧကဝင်ရိုးမှသည် ဗဟုဝင်ရိုးဆီသို့ ဖြစ်ပါတယ်။

 

ဒီနေရာမှာ မြန်မာ့ခေါင်းဆောင်ရဲ့မဟာဗျူဟာ အမြင်ကြောင့် မြန်မာနိုင်ငံက ဒီလိုပြောင်းလဲမှုမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့်ရခဲ့ပါပြီ။ ဒီလိုပါဝင်ခွင့်ရရှိမှု ကနေမှတစ်ဆင့်ခေတ်၊ စနစ်ပြောင်းလဲမှုလှိုင်းကို ကျကျနနစီးပြီး ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအပေါ် တင်ပေးနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

Ref: Global Times