သိန်းညွန့်(PZL)
မြန်မာနိုင်ငံမြောက်ဖျားရှိ ကချင်ပြည်နယ်သည် တောတောင်အလှသဘာဝပတ်ဝန်းကျင်များဖြင့် သာမောဖွယ်ရာဒေသအဖြစ် တည်ရှိနေသည်။ တောတောင်စိမ့်စမ်း၊ မြစ်ရေ အလျဉ်တို့ဖြင့် စိမ်းစိုသာယာကာ သဘာဝဂေဟစနစ်ဖြင့် ဖွဲ့တည်နေသော အဆိုပါဒေသတွင် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားကြသည်မှာလည်း လောကနိယာမ တစ်ရပ်ပင် ဖြစ်ပေသည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းနှင့် ရှင်ဗွေယန်မြို့နယ်တို့အကြား စတုရန်းမိုင် ၂၄၆၀ ရှိကာ အမြင့်ပေ ၁၀၀၀၀ ကျော်ရှိ တောင်တန်း၊ တောင်သွယ်အဖုံဖုံတို့ဖြင့် ဝန်းရံနေသော “ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” သည် ကျား၊ အာရှဆင်၊ ကျားသစ် အပါအဝင် နို့တိုက်သတ္တဝါ ၅၁ မျိုးနေထိုင်ကျက်စားရာ ဘေးမဲ့တော ဖြစ်သည်။
ကျားများကို အချိန်မီ ထိန်းသိမ်းကာကွယ်
ရည်ရွယ်ချက် ခြောက်ရပ်ဖြင့် ဖော်ဆောင်နေသော အဆိုပါဘေးမဲ့တောသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေဖြစ်သည့် “ကျား” များကို အချိန်မီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရင်း ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများအဖြစ် ထိန်းသိမ်းရန်အတွက် ရည်ရွယ်ရင်းပင် ဖြစ်သည်။

သဘာဝအခြေခံ ခရီးသွားလုပ်ငန်း
ချင်းတွင်းမြစ် မြစ်ဖျားခံရာ ရေဝေရေလဲဒေသဖြစ်၍ သဘာဝပတ်ဝန်းကျင် နှင့် ဘူမိရုပ်သွင်တို့ကို ထိန်းသိမ်းရန် အတွက်လည်း ဤဘေးမဲ့တောသည် အရေးပါလျက်ရှိနေသည်။
ထိုမျှမက နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အထောက်အပံ့ဖြစ်စေသော “သဘာဝအခြေခံ ခရီးသွားလုပ်ငန်း” ဖွံ့ဖြိုးရေးအတွက်ပါ အကျုံးဝင်သော စီမံချက်လည်းဖြစ်သည်။
တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်
လွန်ခဲ့သော ၁၉၉၈ ခုနှစ်မှ အစပြုကာ ၂၀၀၃ ခုနှစ်အထိ ပြည်တွင်းနှင့် ပြည်ပပညာရှင်များ ပူးပေါင်းကွင်းဆင်းခဲ့သော ဇီဝဗေဒလေ့လာရေး အစီအစဉ်အရ အဆိုပြုတင်ပြချက်၏ ရလဒ်တစ်ခု အဖြစ် “ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” ဟူ၍ ၂၀၀၄ ခုနှစ်က သတ်မှတ်ခဲ့သည်။
တစ်ဖန် သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) တို့ ပူးပေါင်း ရွက်ဆောင် တင်ပြချက်အရ ၂၀၁၀ ပြည့်နှစ်၌ “ဟူးကောင်းချိုင့်ဝှမ်း(တိုးချဲ့) တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော” အဖြစ် တိုးချဲ့ သတ်မှတ်ခဲ့ကြောင်း သိမှတ်ရပေသည်။

အဆိုပါ ဘေးမဲ့တော၏ ပတ်ဝန်းကျင် အခင်းအကျင်းကို လေ့လာစေ့ငုကြည့်ပါလျှင် အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်လက် တက်များ စတင်မြစ်ဖျားခံရာ ကူမွန် တောင်တန်းကြီးကို မြင်တွေ့နိုင်သည်။
အနောက်ဘက်နှင့် မြောက်ဘက်တို့တွင်ကား ဗြဟ္မပုတ္တရမြစ်နှင့် ချင်းတွင်းမြစ် တို့မြစ်ဖျားခံသည့် ပတ်ကွိုင် တောင်တန်းကို ရှုစားနိုင်ပေသည်။
တနိုင်းမြစ်ကို ဖြစ်ပေါ်စေ
တောင်ဘက်တွင်မူ တောင်ကုန်းနိမ့်အချို့ရှိနေပြီး အလယ်ဗဟိုတွင် ပြန့်ပြူးကျယ်ပြောလှသော လွင်ပြင်ကျယ်နှင့် အရှေ့နှင့် အနောက်ဘက်တို့ရှိ ရေဝေတောင်တန်းမှတစ်ဆင့် ချောင်းအသွယ်သွယ်တို့က လွင်ပြင်၏ အလယ်ကြောမှ စီးဆင်းပေါင်းဆုံကြကာ ချင်းတွင်းမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သည့် “တနိုင်းမြစ်” ကို ဖြစ်ပေါ်စေခဲ့ပေသည်။
သစ်ခွနှင့် ပရဆေးမျိုးစိတ် ၂၀ ရှင်သန်ပေါက်ရောက်
ကညင်၊ တောင်သရက်၊ သစ်အယ်၊ သစ်ချ၊ ချယ်ရီရိုင်း စသော သစ်မျိုး ၃၇ မျိုးကို ဘေးမဲ့တောအတွင်း မြင်တွေ့ နိုင်မည်ဖြစ်ပြီး ဝါး၊ ကြိမ်၊ သစ်ခွနှင့် ပရဆေးမျိုးစိတ် ၂၀ ရှင်သန်ပေါက် ရောက်နေခြင်းကလည်း ဘေးမဲ့တော၏ ထူးခြားချက်တစ်ရပ်ပင် ဖြစ်သည်။
“ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော”သည် တောင်တန်း၊ သစ်တော၊ မြက်ခင်း စသည့် ဇီဝပထဝီ အနေအထား ဖြစ်တည်နေခြင်းဖြင့် အပူလျော့ စိုစွတ်အမြဲစိမ်းတော၊ အမြဲစိမ်းတောနှင့် တောင်ပေါ်တောစိမ်းများ လွှမ်းခြုံထားသည့် သာယာကြည်မွေ့သော တောတောင်အလှရှုခင်းများဖြင့် စုဖွဲ့ဖြစ် တည်နေသည်။
ရှုကြည့်ခံစား သုတေသနပြု
ဤသို့အားဖြင့် သဘာဝရှုခင်း တောတောင်၊ တောရိုင်းတိရစ္ဆာန်များနှင့် ချောင်းလက်တက် အသွယ်သွယ်၌ လှေစုန်စီးခြင်း၊ တောတွင်းဆင်စီး၍ ရက်ရှည်ခရီးသွားခြင်းများ ဆောင်ရွက်နိုင်သော ရှုကြည့်ခံစားဖွယ်၊ လေ့လာသုတေသနပြုဖွယ် အဖုံဖုံတို့ဖြင့် ပြည့်စုံနေသည့် မြန်မာ့အလှတန်ဆောင် ရပ်ဝန်းဒေသတစ်ခုအဖြစ် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်ဖမ်းစားနိုင်မည့် ဘေးမဲ့တောတစ်ခု ဖြစ်ပါကြောင်း စေ့ငုတင်ပြလိုက်ရပါသည်။
