မိုင်းယောင်း ၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စုရှိ ဇီးအုန်ကျေးရွာတွင် ငါးကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ရွာလယ်ကွင်းပြင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်သစ်ကူးပွဲကို ဓမ္မဆရာ ဦးယေရှာကိက ဆုတောင်းခြင်းအစီအစဉ်ဖြင့် စတင်ဖွင့်လှစ်ပြီး နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာကြသော လူကြီးမိဘများအား လားဟူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာအား ပြုလုပ်ကာ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက နှစ်သစ်ဆုမွန်ကောင်း နှုတ်ခွန်းဆက်စကားပြောကြားကာ၊ လားဟူတိုင်းရင်းသားများက ရိုးရာမြေဝိုင်းအကနှင့် အိုးစည်၊ ဗုံမောင်းအကများဖြင့် တီးမှုတ်ကပြဖျော်ဖြေခဲ့ကြပြီး၊ တက်ရောက်လာသူများအား နှစ်သစ်ကူးအထိမ်းအမှတ် မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်အတွင်း လားဟူတိုင်းသားများ နေထိုင်ရာ ဇီးအုန်ကျေးရွာ၊ ရှေခင်ကျေးရွာ၊ ပါဆန်းကျေးရွာနှင့် နမ့်ဆီလင်းကျေးရွာတို့တွင် အဆိုပါ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် အထွဋ်အမြတ်ထား ကျင်းပလေ့ရှိကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)