ဝဏ္ဏ (TGI)
စက်တင်ဘာလ ၅ ရက် ရုရှားစံတော်ချိန်အရ နံနက်ပိုင်းသည် ရာသီဥတုသာယာကြည်လင်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပထမဆုံး သွားရောက်လေ့လာမည့်နေရာက Makarov Pacific Higher Naval School ဖြစ်သည်။ လေယာဉ်ခရီးစဉ် ၆ နာရီကျော်ကြာ ခရီးနှင်ခဲ့ရသော် လည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်းဆန်း တက်ကြွစွာဖြင့်ပင် လေ့လာရေးခရီးစဉ်ကို စတင် သည်။
ကော်ဇောနီခင်း၍ ကြိုဆို
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ယာဉ်တန်း သင်တန်းကျောင်းသို့ ရောက်ရှိချိန်တွင် ကျောင်းအုပ် ကြီးဖြစ်သူ Rear-Admiral Vladimir Vasilievich BURAKOV နှင့် တာဝန်ရှိသူများက ဖော်ရွေစွာဖြင့် ကြိုဆိုသည်။ ကျောင်းအတွင်း ဧည့်ခန်းတွင် လျှောက်လမ်းတစ်လျှောက် ကော်ဇောနီခင်း၍ ကြိုဆိုမှုကလည်း အလေးအနက်ထားမှုကို ဖော်ပြ နေသည်။ ကျောင်းအုပ်ကြီးက ကျောင်း၏သင်တန်း သား အဆောင်များနှင့် ဌာနများဖြန့်ခွဲဆောင်ရွက် ထားရှိမှု၊ နှစ်စဉ်သင်တန်းသားများ စိစစ်ရွေးချယ်မှု၊ တက်ရောက်စေမှု၊ သင်တန်းသားများအား သင်တန်းနှစ်အလိုက် ဘာသာရပ်များ သင်ကြားပို့ချ နေမှုနှင့် သင်တန်းကျောင်း၏ သမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြသည်။ မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှားနိုင်ငံ(ရေ)တပ်တို့၏ သင်ကြားပို့ချပုံ၊ သင်တန်း သားခေါ်ယူမှု၊ လေ့ကျင့်မှုတို့ကိုနှိုင်းယှဉ်၍ အကြီး အကဲ၏ သိလိုသည့်မေးခွန်းများက မနည်းလှ။ အချိန်ခန့်ခွဲမှုအရ လှည့်လည်ကြည့်ရှုရန်လည်း အချိန်ပေးရဦးမည်ဖြစ်၍ အချို့မေးခွန်းများ၊ သိလိုသည်များကို လှည့်လည်ကြည့်ရှုရင်း ဆောင်ရွက်ကြမည်ဟုပြောရင်း စကားဖြတ်ပြီး လှည့်လည်ကြည့်ရှုမှုကိုစသည်။
လေ့ကျင့်သင်ကြားပေးမှုများ ကြည့်ရှု
ကျောင်းဝင်းအတွင်း စာပေသင်ကြားပို့ချမှု၊ သင်ကြား၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများတပ်ဆင်သုံးစွဲမှုများ၊ Multimedia Room များဖြင့် လေ့ကျင့်သင်ကြားပေးမှုများကို ကြည့်ရှုသည်။ မတူညီသည့်ဌာနများအလိုက် ရှင်းလင်းပြသမှုတိုင်း တွင် မြန်မာ့တပ်မတော်နှင့် လေ့ကျင့်ရေး၊ ပညာရေး တို့အတွက် အထောက်အကူပြုစေမည့် မေးခွန်းများ မေး၍ သိလိုသည်များကို စူးစမ်းသည်။ စက်မှု၊ လက်မှုပညာရပ်များဖြင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်နေမှုများ၊ အုပ်ချုပ်မှုကိစ္စရပ်များ ဖြစ်သည့် သင်တန်းသားများနေထိုင်မှု၊ ကျွေးမွေးမှု စနစ်တိုင်းတွင်လည်း သိရှိပြီးဖြစ်သည့် အကြောင်း အရာအချို့ပါသည့်တိုင် ပြောင်းလဲလာမှု ရှိ/မရှိကို တီးခေါက်မေးမြန်းသည်။
သင်တန်းကျောင်း၏ စာကြည့်တိုက်အား IT စနစ်ဖြင့် ဖွင့်လှစ်ထားမှု၊ သင်တန်းသားများ ကိုယ်တိုင် ဆိုလာစနစ်သုံး ရေယာဉ်စမ်းသပ် မောင်းနှင်မှုတို့ကို ကြည့်ရှုချိန်တွင် အမိမြန်မာပြည် ၏ အနာဂတ်မျိုးဆက်သစ်များ၊ အဆင့်မြင့်ပညာ သင်ကြားကြမည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက်ပါ ရည်ရွယ်သည့်မေးခွန်း များတွင် စေတနာစိတ်ကို ခံစားမြင်ရသည်။ အနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်ရေးတွင် ပညာရေး၏ အရေးကြီးပုံကို အလေးအနက်ထားမှုက အထင်းသားရှိသည်။
အကြံပြုသည်များကို ဆွေးနွေး
လှည့်လည်ကြည့်ရှုလေ့လာမှုများ အပြီးတွင် ကျောင်း၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ထိုး၍ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။ တုံ့ပြန်သည့်စေတနာအဖြစ် ကျောင်းအုပ်ကြီး ကလည်း လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ပြီး သင်တန်းကျောင်းမှ သင်တန်းသားအချို့နှင့် တွေ့ဆုံ သည်။ သာမန်တွေ့ဆုံမှုတော့မဟုတ်။ Media သင်တန်းသားများဖြစ်၍ သူတို့သိလိုသည်များကို မေးသည်။ အကြံပြုလိုသည်များကိုလည်း ပေးသည်။ အကြီးအကဲကမူ ပြုံးရွှင်ရယ်မောပေါ့ပါးစွာဖြင့် ဖြေသည်။ အကြံပြုသည်များကို ဆွေးနွေးသည်။ သင်တန်းသားများလည်း လေးနက်သည့်စကား၊ ပေါ့ပါးသည့်ဟန်ဖြင့် တွေ့ရသည်ကပင် ကြည်နူး စရာ။
ဒုတိယမြောက် ဆက်လက်လေ့လာသည်က အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters ဖြစ်ပြီး Deputy Commander of Pacific Navy Fleet ဖြစ်သူ Rear-Admiral Vladimir ASTAKHOV နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ ထို့နောက် ရေငုပ်သင်္ဘောဌာနချုပ် အတွင်းတွင်ရှိသည့် ရေငုပ်သင်္ဘောများပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်မှု၊ ကမ်းကပ်ရေငုပ် သင်္ဘောများ၏အုပ်ချုပ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လိုက်လံရှင်းလင်းပြသ သည့် အင်အားတောင့်တင်းသည့် ရေတပ်ပီပီ ရေငုပ် သင်္ဘောများကမနည်းလှ။
အင်အားတစ်ခု တောင့်တင်းလာမည်
မြန်မာ့တပ်မတော်(ရေ)သည်လည်း တစ်လှမ်း မကသော ခြေလှမ်းအဖြစ် ရေငုပ်သင်္ဘောအချို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မဝေးတော့သည့်ကာလတွင် ရှိသင့်သည့် အင်အားတစ်ခု တောင့်တင်းလာမည် ပင်ဖြစ်သည်။ အနာဂတ်တပ်မတော်(ရေ)အတွက် အကြီးအကဲ မျှော်မှန်းမှုများက မေးခွန်းများတွင် သိသာသည်။ အနာဂတ်အတွက် စံပြုရန် သို့မဟုတ် နှိုင်းယှဉ်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ထား သည့် ယခုလေ့လာမှုသည် အကျိုးရလဒ်မနည်းလှဟု ထင်သည်။ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်မှုကို နှစ်ဖက်အကြီးအကဲများ ဆောင်ရွက် အပြီးတွင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရေငုပ် သင်္ဘောဌာနချုပ်မှ ပြန်လည်ထွက်ခွာကြသည်။ နားနေရန်မဟုတ်။ ရသရွေ့သော အချိန်အတွင်း နေ့လယ်စာစားပြီးနောက် ယမန်နေ့က တည်းခို ခဲ့သည့် Far Eastern Federal University(FEFU) အတွင်းရှိ Medical School နှင့် Medical Center များသို့ ကူးသည်။ Medical School တွင် Vice President of Medical Affairs of FEFU ဖြစ်သူ Dr. Oleg l.Pak နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျောင်းခန်းမအတွင်း၌ ကျောင်း၏ လက်ရှိဆောင် ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
တင်ပြချက်များအရ ထူးထူးခြားခြား သတိပြုမိ သည်များလည်းရှိသည်။ ဆေးပညာရပ်များကိုသာ သင်ကြားနေခြင်းမဟုတ်ဘဲ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု သင်တန်းများကိုပါ စာတွေ့၊ လက်တွေ့လေ့ကျင့်နေမှုနှင့် Robotic and Mech-anistic နည်းပညာအသုံးပြု၍ ခွဲစိတ်ကုသမှုများကိုပါ လေ့ကျင့်ဆောင်ရွက်နေမှုတို့ ဖြစ်သည်။ ကျယ်ပြန့် လှသည့် ဆေးပညာနယ်ပယ်အတွက် အကြားအလပ် မရှိအောင် စီမံမှုနှင့် ခေတ်နှင့်အညီ ရင်ပေါင်တန်း နိုင်မှုများဟု ဆိုရမည်ဖြစ်သည်။
မင်္ဂလာသတင်းလည်း ကြားရ
ဤကျောင်း၏ ပညာဂုဏ်အရှိန်အဝါအရ လာရောက်ပညာသင်ကြားနေသည့် နိုင်ငံတကာမှ သင်တန်းသားများကလည်း မနည်းလှ။ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ လာရောက်ပညာသင်ကြားနေသည်ဟု သိရပြီး မြန်မာနိုင်ငံ ဆေးပညာလောကအတွက် မင်္ဂလာသတင်းလည်း ကြားရသည်။ မြန်မာနိုင်ငံမှ လည်း သင်တန်းသားများ စေလွှတ်မည်ဆိုပါက လက်ခံသင်ကြားပေးရန် အသင့်ရှိသည်ဟူသော သတင်း၊ ပညာသင်ယူမှု အခွင့်အလမ်းသာမက အနာဂတ်မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်နိုင်ရန် ခွန်အားတစ်ရပ်တစ်ဖွယ် ဖြစ်လာ မည့် သတင်းဖြစ်သည်။ မင်္ဂလာမည်ပေစွ။ အကြီး အကဲ၏ မျက်နှာတွင်လည်း ရလဒ်ကောင်းသည့် ကမ်းလှမ်းမှုအတွက် ပီတိဖြင့် ပြုံးရွှင်နေသည်က ကြည်နူးဖွယ်ပင်။
အကြီးဆုံးဆိပ်ကမ်း
ခရီးစဉ်အတွင်း ပထမနေ့ လေ့လာရေးခရီး အဖြစ် စတုတ္ထမြောက်နေရာမှာ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port of Vladivostok ဖြစ်သည်။ ဆိပ်ကမ်း၏သက်တမ်း က မနည်းလှ။ ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ် ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်လွန် ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း ကာလများတွင် နိုင်ငံတကာသင်္ဘောများ စတင် ဝင်ရောက်ခဲ့သည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် ၁၉၉၀ ပြည့်နှစ်မှ စတင် သတ်မှတ်ခဲ့ကြောင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဟု သိရသည်။ ဆိပ်ကမ်းသို့ ရောက်ရှိချိန်မှာ အချိန်အရ ညနေပိုင်းဖြစ်သော်လည်း ရာသီဥတုကွဲပြားမှုအရ အမှောင်ဘက်သို့ မရောက် သေး။
ဆိပ်ကမ်းသို့အရောက်တွင် Far Eastern Ship-yard Company (FESC)၏ အကြီးအကဲ Mr.Andrey Severilov နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက ကြိုဆိုသည်။ အစည်းအဝေးခန်းမအတွင်း ရောက်ရှိ စဉ် (FESC) အကြီးအကဲက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှည်လျား သည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများဖြစ် သည့်အတွက် အကြီးအကဲအပါအဝင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လုံး စိတ်ပါဝင်စားစွာ နားထောင်ကြသည်။
ဆက်လက်တင်ပြမှုမှာ ကိုယ်စားလှယ်အဖွဲ့ အတွက် ဝမ်းမြောက်နိုင်သည့် အချက်အလက်တွေ ပါသည်။ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုန်စည် ပို့ဆောင်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများ တင်ပြမှုကြောင့်ဖြစ်သည်။ တင်ပြမှုအပြီးမှာ အကြီး အကဲ၏ သိလိုသည့်မေးခွန်းများစသည်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ် မှုကဏ္ဍမြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်စည်ပို့ဆောင်နိုင်မည့် အခြေအနေများကို ဆက်စပ်၍မေးသည်။
အကြီးအကဲ၏မေးခွန်းများထဲတွင် သူ့ပြည်သူ/ပြည်သားများ၏ သက်သာချောင်ချိရေး၊ အရည် အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများကို လုံလောက် အောင်ရရှိရေး၊ သယ်ယူပို့ဆောင်ခများ လျော့နည်း သက်သာ၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှု မရှိစေရေးစသည့် များစွာသောအကြောင်းတရား များကို အခြေခံသည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့လည်း ပါသည်။ ကျယ်ပြန့်လှသည့်် ဆွေးနွေးမေးမြန်းမှု များတွင် အသေးစိတ်ကျသည့် ဆွေးနွေးမှုအထိ ပါဝင်၏။ ဆိပ်ကမ်းကို လှည့်လည်ကြည့်ရှုသည့်အခါ ကြီးမားကျယ်ပြန့်လှသည့် လုပ်ဆောင်နေမှုများ ကား အံ့မခန်းလှ။
ရလဒ်ကောင်းများလည်း ထွက်ပေါ်
ဆိပ်ကမ်းတွင် လှည့်လည်ကြည့်ရှုပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးပြီး ပထမနေ့၏ လေ့လာမှုအား အဆုံးသတ်၏။ တစ်နေ့တာ လေ့လာ မှု၊ စူးစမ်းမေးမြန်းမှု၊ တွေ့ဆုံဆွေးနွေးမှုများကား မနည်းလှ။ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ကာကွယ်ရေး စသည်ဖြင့် နယ်ပယ်များ လှသည်။ ခရီးစဉ်၏ ပထမဆုံးသော နေ့ဟုဆိုသည့် တိုင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက် ခဲ့မှုများက အမိမြန်မာပြည်အတွက် အကျိုးရှိစေမည့် ရလဒ်ကောင်းများလည်း ထွက်ပေါ်လာခဲ့သည်က ထင်ရှားသည်။
(ဆက်လက်ဖော်ပြပါမည်)