ဝဏ္ဏ (TGI)
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ရာသီဥတုသာယာလျက်ရှိသည်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ တည်းခိုလျက်ရှိသည့် Far Eastern Fedral University (FEFU)၏ ဧည့်ခန်းတစ်ခုအတွင်း သတင်းဌာနကြီး နှစ်ခုမှ ဝန်ထမ်းများအပြေးအလွှားပင် အလုပ်များနေသည်။ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနဟူသော နာမည်ကြီးမီဒီယာများပီပီ တခဏအတွင်း လိုအပ်သည့် ပြင်ဆင်မှုများပြီးသည်။ ချိန်းဆိုထားသည့်အချိန်၊ ချိန်းဆိုထားသည့်နေရာသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရောက်ရှိစဉ်တွင် သူတို့၏ တွေ့ဆုံမေးမြန်းမှုကို စသည်။
မီဒီယာများ၏ အမေးစကား အစသည် အာရှ - ပစိဖိတ်ဒေသ လုံခြုံရေး ဆိုင်ရာ သဘောထားအမြင်ကို ဖြေကြား ပေးရန်ဖြင့် စသည်။ မြန်မာဟူသော နိုင်ငံအဆင့်မျှကိုသာ စူးစိုက်နေသည် ဟု မြင်လေသည်လား။ သို့တည်းမဟုတ် ကမ္ဘာ့နိုင်ငံရေး၊ ကာကွယ်ရေးအခြေအနေတို့ကို လျစ်လျူရှုနေသည်ဟု ထင်လေ သည်လား မသိရ။ အကြီးအကဲ၏ အဖြေ စကားကို သူတို့ ငံ့လင့်စွာစောင့်သည်။ အကြီးအကဲက နိုင်ငံတစ်နိုင်ငံတည်းသာ မဟုတ်၊ ကမ္ဘာ့နိုင်ငံရေး၊ ကာကွယ်ရေး စသည်တို့အပြင် စီးပွားရေးနယ်ပယ်အရ ဆက်စပ်နေမှုများကို အကျယ်တဝင့်ဆိုသလို သုံးသပ်ချက်များနှင့်တကွ ပြန်ဖြေသည်။ မြင်ထောင့်တူခြင်း၊ မတူခြင်းသည် ပဓာနမကျ။ မှန်ကန်သည့် သုံးသပ်ချက်သာ ပဓာနကျသည်ကို မီဒီယာများ သဘောပေါက်သည်။ နောက်ဆက်တွဲသော မေးခွန်းပေါ်မလာ။
အာရှ - ပစိဖိတ် အရေးအပြီးတွင် မေးခွန်းများက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများဘက်သို့ လှည့်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲလာမှုအခြေအနေ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မေးသည်။
ကလောင်ကို လက်နက်သဖွယ် အသုံးချနေသည့် ဩဇာခံမီဒီယာများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ်အဖြစ် Rood Map ၅ ရပ်ကို ရေးဆွဲ၍ ဆောင်ရွက်နေသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်နယ်ပယ်များ အလိုက် ဦးတည်ချက် ၉ ရပ်ချမှတ်၍ ကြိုးပမ်းထမ်းဆောင်နေသည်။ နေ့မနား၊ ညမအားဆိုသည့်စကားစုဖြင့် အထူးပြု နိုင်သည်အထိ ကြိုးပမ်းနေသည်။ အကြီး အကဲအနေဖြင့် ဤကိစ္စအရေးအရာများ အတွက် ဆောင်ရွက်နေမှုများကို သိသူ သိ၍၊ မသိအောင်လုပ်သူက လုပ်နေဆဲ သာဖြစ်သည်။ မြင်သူမြင်၍ မမြင်အောင် တားဆီးပိတ်ဆို့မှု လုပ်သူကလည်း လုပ်နေဆဲသာဖြစ်၏။ ကလောင်ကို လက်နက်သဖွယ် အသုံးချနေသည့် ဩဇာခံမီဒီယာများကြားတွင် ဆောင်ရွက် ချက်များက ထင်ရှားပေါ်လွင်လာခြင်း သို့ မရောက်ခဲ့။
ယခု သတင်းဌာနများ၏ အမေး စကားမှတစ်ဆင့် ကမ္ဘာသို့ပင် သိအောင် အကြီးအကဲက ရှင်းလင်း ပြောဆိုသည်။ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများမှာ တွေးထင်သုံးသပ်ချက်၊ စည်းဝေးတိုင်ပင် ၍ ရလာသည့် ဆုံးဖြတ်ချက်၊ ကာယကံမြောက် အကောင်အထည်ဖော် ဆောင်ရွက်မှု စသည့်အရှိတရားများဖြစ်သည့် အတွက် ဖြေဆိုရန်စကားက မခက်ခဲ့။ ကမ္ဘာက မသိသည့်ကိစ္စရပ်များ၊ မသိ အောင် ပိတ်ဆို့ခံထားရသည့်အကြောင်း အရာများကြားတွင် ယခုမေးခွန်းများအရ ကမ္ဘာကသိခွင့်ရသည်။ အမှားကြာ၊ အမှန်ဖြစ်သည်ဟူသော အခြေအနေကို အမှားက အမှားသာဖြစ်၍ အမှန်သည် ဤသည့် အချက်အလက်များသာဟု ဖွင့်ဟပြနိုင်ခြင်းဟု ဆိုနိုင်သည်။
တည်ဆဲဥပဒေများ တိကျစွာလိုက်နာ
အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒ များ၊ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမေးစကားများတွင်လည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက် ကို ပြတ်ပြတ်သားသား ဖြေကြား သည်။ ထီးမိုးပေးခြင်းသည် ရာသီဥတုဒဏ်အတွက် ကာကွယ်ပေးခြင်းဖြစ်သော်လည်း အခြားသော တစ်ဖက်တွင် လောင်းရိပ်မိတတ်သည့် သဘောကိုလည်း စောင်းပါးရိပ်ခြည်ဖြင့် ထည့်ပြောသည်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ မြန်မာနိုင်ငံမှ လေးစားလိုက်နာဆောင်ရွက်နေမှုများအတွက် မြန်မာသည် အမှားအယွင်းမရှိ၊ စည်းကမ်း ဘောင်အတွင်းသာရှိပြီး ဆောင်ရွက် နေသည်ကိုလည်း အဖြေစကားတွင် ထည့်သွင်းဖြေကြား သည်။ လေးစား လိုက်နာနေသည့် အကြောင်းခြင်းရာများ အတွင်း မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအဝင် တည်ဆဲဥပဒေများ အပေါ် တိကျစွာလိုက်နာဆောင်ရွက်နေမှုများကိုလည်း ကျန်နေခြင်းမရှိ။ No Man Above The Law ဟူသော စကားကို ညွှန်းရင်းဖြေဆိုသည်။ အမေးစကား တိုတောင်းသည်။ အဖြေစကားကို ပြည့်စုံခြင်းသို့ ဦးတည်သည်မို့ အချိန်တစ်ခုမျှကြာသည်။ အပိုအလိုဟူ၍ တော့မရှိ။ ထောင့်စေ့သည်ဟုပင် ညွှန်းဆို နိုင်သည့် အဖြေစကားဖြစ်သည်။
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်နိုင်မှု အခြေအနေ များကို မေးမြန်းရာတွင်လည်း အယူအကောက်လွဲစေနိုင်သည့် အမေးအချို့ ပါသည်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေမှု၊ ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို ဖြေကြားမှုတွင် အကြီးအကဲသည် တက်တက်ကြွကြွပင်ရှိသည်။ ဖြေကြားချက်တွင် အကြီးအကဲ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားလိုက်နာမှုကိုလည်း အထင်းသားမြင်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားချက်ကို ကျော်လွန်စေမှု အလျဉ်းမျှမရှိ။ အမျိုးသားအကျိုးစီးပွားကိုသာ ရှေးရှု သည်ကို သတိပြုမိသည်။ မီဒီယာများ၏ မေးမြန်းမှုအပေါ် အလေးအနက်ထား၍ ပြည့်စုံစွာဖြေကြားမှုသည် အချိန်ကာလ တစ်ခုသို့ တိုင်သည်အထိ ကြာသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ် သွားရောက်လေ့လာ
မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားပြီးစဉ်တွင် အကြီးအကဲအတွက် နားနေချိန်အဖြစ်မပါရှိ။ ရောက်ရှိနေ သည့်အချိန်အတွင်း အမိမြန်မာနိုင်ငံအတွက် လေ့လာသင့်သည်ကို လေ့လာ၊ ဆွေးနွေးသင့်သည်ကို ဆွေးနွေး၊ မေးမြန်း စူးစမ်းသင့်သည်ကို မေးမြန်းစူးစမ်းရန် ပြင်ဆင်ရသည်။ Far Eastern Federal University(FEFU) အတွင်း စက်တင်ဘာ လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022) သို့ သွားရောက်လေ့လာ ခြင်းကို ဆောင်ရွက်သည်။
Forum အတွင်း ဦးစွာရောက်ရှိသည် က RZD Russian Railways ကုမ္ပဏီ ဖြစ်သည်။ ပြခန်းမှ တာဝန်ရှိသူများက ကြိုဆိုပြီးနောက် မီးရထားလမ်းကြောင်းများနှင့် ပတ်သက်သည့် နည်းပညာရပ်များ၊ ဝန်ဆောင်မှုပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ မိမိတို့ နိုင်ငံအတွက်ဆိုလျှင် ဘာတွေလိုအပ်မလဲ ဟု တွေးလေ့ ရှိသူပီပီ အကြီးအကဲ ထံတွင် မေးခွန်းများက မနည်းလှ။ ပြခန်းတာဝန်ရှိသူများကလည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းလင်းတင်ပြသည်။ RZD Russian Railways ပြခန်းအပြီးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး Rus Hydro Hydroetectris Power Gene-ration Company ပြခန်းကို ရောက်ရှိ လေ့လာသည်။ လူတို့၏ စား၊ ဝတ်၊ နေရေးဟူသော အဓိကအရေးအရာများ အတွက် လျှပ်စစ်သည် မရှိမဖြစ်လိုအပ်သည့် ခေတ်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်ယူရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နျူကလီးယား စွမ်းအင်၊ လောင်စာ ဆီသုံးစွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် စသည့်နည်းလမ်းများစွာဖြင့် လျှပ်စစ် ဓာတ်အားကို ထုတ်ယူနိုင်ရာ နိုင်ငံတော်နှင့် ပြည်သူ၊ ပြည်သားများ ထိခိုက်မှု အနည်းဆုံးနှင့် လုံလောက်စွာ ရရှိသုံးစွဲနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ထုတ်ယူရရှိရေးတို့မှာ အရေးကြီးလှသည်။ များပြားလှစွာသော ထုတ်ယူမှု စနစ်၊ သဘာဝပတ်ဝန်းကျင်ရရှိနိုင်မည့် စွမ်းအား၊ ကုန်ကျမည့်စရိတ် စသည်တို့ အတွက် အကြီးအကဲ၏ မေးမြန်းစူးစမ်း မှုသည် ဤနေရာတွင်လည်း မနည်းလှ။ သဘာဝမှ ပေးအပ်ထားသည့် တော၊ တောင်၊ ရေ၊ မြေနှင့်ရာသီဥတုတို့အပေါ် မူတည်၍ ဆောင်ရွက်နိုင်မည့် အခြေအနေကို သုံးသပ်မေးမြန်းခြင်းဟု သဘောပေါက်မိသည်။
ဆက်လက်လေ့လာမှုတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEBRF Invstment Company ပြခန်းနှင့် Aeroflot Airline ပြခန်းတို့ကို ရောက်ရှိလေ့လာသည်။ ပြခန်းများအလိုက် ပြခန်းတာဝန်ခံများ က လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြကြသည်။ အမိ မြန်မာနိုင်ငံတွင် မြစ်ကြီးလေးသွယ်၊ မြစ်ငယ်များစွာ စီးဆင်းနေသည်။ နေ၏အလင်းရောင်အား ရာသီမရွေး ရရှိနေ သည့် နေရာများစွာ ရှိနေသည်။ သဘာဝ တရားက ပေးအပ်ထားသည့် ဓာတ်ငွေ့ သိုက်များကလည်း မနည်းလှ။ လိုအပ် သည့်နေရာများစွာရှိသည်။ လိုအပ်သည့် လျှပ်စစ်စွမ်းအင်အတွက် လုံလောက် ရုံမက ပိုလျှံအောင် ထုတ်လုပ် နိုင်သည်အထိ ပေါကြွယ်ဝလှသည်။ သို့သော် စွမ်းအားပြည့်ပြည့်ဝဝ မထုတ်ယူနိုင် သေး။ အကျိုးလို၍ ညောင်ရည်သွန်းလို သူ အချို့ရှိသလို မကောင်းကြံသည့် စိတ်ဖြင့် ပိတ်ဆို့နေသူတွေက အဓိက ကျသည်။ တိုးတက်လာသည့် နည်းပညာ အရ ဆောင်ရွက်နိုင်သည့်အခြေအနေရှိသည့်တိုင် လှမ်းကိုင်နိုင်မှုကို တားဆီး နေသူတွေရှိသည်။ ထိုထိုသောအကြောင်း အရာများကြားမှာ အကြီးအကဲကမူ မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားအတွက် နည်းလမ်းတွေ ရှာနေသည်။ ရောက်လေရာ ခရီးစဉ်တိုင်းလိုလိုလျှပ်စစ် ရရှိရေး အလေးပေး ဆွေးနွေးမေးမြန်းနေ သည်ကို သတိပြုမိသည်။
အမိမြန်မာနိုင်ငံအတွက် ပြောဆိုနေမှုများ ပင်ပန်းသည်ဟု အကြီးအကဲ မမြင်မိ
ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းနှင့် Aeroflot Airline ပြခန်းများတွင်လည်း အကြီးအကဲ၏ စိတ်ပါဝင်စား မှုက လျော့ကျသွားမှုမရှိ။ စိုက်ပျိုးရေးကို အခြေခံသည်ဟု အများက သိမှတ်ထား သည့်တိုင် မြန်မာနိုင်ငံတွင်းမှာ အခြား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းတွေ များပြားစွာရှိသည်။ သဘာဝသယံဇာတကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သလို လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများလည်း မနည်းလှချေ။ ဆက်စပ်နေသည့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးအတွက်သာမက သဘာဝ ခရီးသွားလုပ်ငန်းအပါအဝင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ များပြားစွာရှိနေသည့် မြန်မာနိုင်ငံအဖို့ လေကြောင်း ခရီးစဉ်များပြေးဆွဲနိုင်မှုကလည်း အခွင့် အလမ်းများလှသည်။ အကြီးအကဲက ကုမ္ပဏီများအလိုက် မေးသင့်သည်ကိုများ မေး၍ ဖိတ်သင့်သည်များကိုဖိတ်သည်။ ကမ်းလှမ်းသင့်သည်များကို ကမ်းလှမ်း သည်။ အမိမြန်မာနိုင်ငံအတွက် ဇယ်စက်သလို လှုပ်ရှားပြောဆိုနေမှု များမှာ ပင်ပန်းသည်ဟု အကြီးအကဲ မမြင်မိ။
မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုကို စလှမ်းသည်။ ဤခြေလှမ်းကို လျှောက်လှမ်းနိုင်ရေး အတွက် ပညာတော်သင်များ စေလွှတ်၍ ပြင်ဆင်ထားခဲ့သည်မှာ ဆယ်စုနှစ်ပင် နှစ်ခုမျှ ကျော်လာပြီဖြစ်သည်။ ယခု ပြင်ဆင်ချိန်ကာလကို စတင်ကျော်ဖြတ်ပြီးဟု မှတ်တမ်းတင်ရမည့်ကိစ္စမှာ နျူကလီးယားစွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် စတင်ဆွေးနွေးခြင်းဖြစ်သည်။ မြန်မာဘက်တွင် နိုင်ငံ၏ အကြီးအကဲ ကိုယ်တိုင်ဦးဆောင်၍ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ဘက်တွင် အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachv က ဦးဆောင်သည်။
ကြီးမားကျယ်ပြန့်လှသည့် စီမံကိန်းဖြစ်သည်မို့ ဆွေးနွေးမှုများကလည်း အသက်ဝင်လွန်းလှသည်။ နျူကလီး ယားစွမ်းအင်နှင့် ပတ်သက်၍ အတွေ့အကြုံနှင့် နည်းပညာများ လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံ ပြည်သူလူထုအကျိုးရှိစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို စတင်ဆွေးနွေးကြ သည်။ ကိုယ်စီ သော နိုင်ငံအလိုက် ပြည်သူကိုရှေးရှု သော ဆွေးနွေးမှုများဖြစ်သည့်အတွက် နှစ်ဖက်ဆွေးနွေးမှုမှာ အပြုံးပန်းများဝေသည်။ နျူကလီးယားစွမ်းအင်ကို ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်သည်မို့ ငြိမ်းချမ်းစွာအသုံးပြုရန်ဟု အထူးပြု စကားဖြင့် ပူးပေါင်းဆောင်ရွက်မည်။ လုပ်ငန်းစဉ်များ (Rood Map) ချမှတ်၍ ဆောင်ရွက်ကြမည်ဟု အသွင်အမြင်တူစွာဖြင့် ဆွေးနွေးကြသည်။
မြန်မာအတွက် ဆေးတစ်ဖုံ ယူဆောင်လာနိုင်ပြီ
ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရန် ရည်ရွယ်ထားသည်ဖြစ်၍ နျူကလီးယားစွမ်းအင်ကို လျှပ်စစ် ဓာတ်အား ထုတ်ယူရေး၊ သိပ္ပံနှင့်သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးချရေးတို့ကို ဆက်လက်ဆွေးနွေးကြသည်။ မြန်မာမှု နယ်ပယ်တွင် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဟူသော ဆိုရိုးစကားရှိသည်။ ဤနျူကလီးယား စွမ်းအင်အတွက် သုံးတတ်အောင် ကြိုတင်ပြင်ဆင်ထားသည်။ ခေတ်၏ တိုးတက်မှုနှင့် ရင်ပေါင်တန်း၍ ပညာများကို ဆက်လက်ဆည်းပူးနေသည်။ တတ်ကျွမ်းပြီး လက်တွေ့ဆောင်ရွက်နေသည့် အဖွဲ့အစည်းနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်။ ဘက်စုံသော ပြင်ဆင်မှုများပြုပြီး ဖြစ်သည့်အတွက် ဘေးဖြစ်နိုင်သည်ဆိုသည့် စကားကို ဖယ်ရှား၍ မြန်မာအတွက် ဆေးတစ်ဖုံကို ယူဆောင်လာနိုင်ပြီဟု ယုံကြည်မိသည်။
တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် မော်ကွန်းသစ်ဖြစ်လာမည့် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို လုပ်သည်။ ရှေ့ဆက်ဆောင်ရွက်သွား ရမည့် လုပ်ငန်းစဉ်များအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခြင်းကို ရုရှားဘက်မှ ရုရှားနိုင်ငံပိုင် Rosatom State Corporations အမှုဆောင်အရာရှိ ချုပ် Mr. Alexey Evgenievich Likhachv ကလက်မှတ်ထိုးသည်။ မြန်မာဘက် မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့က လက်မှတ်ကပင် ဤစီမံကိန်းကြီးအပေါ် အလေးအနက် ထားရှိမှုကို ပေါ်လွင်စေသည်။ လတ်မှတ် ရေးထိုးမှုအပြီးတွင် ထွက်ပေါ်လာသည့် ဩဘာလက်ခုပ်သံက မြန်မာနိုင်ငံ အတွက် ရည်ရွယ်သည့် လက်ခုပ်သံများ ဟု ထင်မိသည်။ ခေတ်မီတိုးတက်ခြင်း ဟူသော အကျိုးတရားကို ရရှိစေမည့် အကြောင်းတရားကို ဆောင်ရွက်နိုင်ခဲ့မှု အတွက် ဩဘာကနားဝင်ပီယံရှိလှသည်။ ခရီးစဉ်ဒုတိယနေ့၏ မင်္ဂလာမည်မှုက ကျွန်တော်တို့ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် ဦးတည်နေသည်ကိုလည်း ခံစား နေမိပါသည်။
နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးပြီးသော်လည်း အကြီး အကဲ၏ တစ်နေ့တာလုပ်ဆောင်ဖွယ်ကမူ မပြီးဆုံးသေး။ ရရှိသောအချိန်တိုအတွင်း ဇယ်စက်သလို လှုပ်ရှားရပြန်သည်။ တွေ့ဆုံဆွေးနွေးမှုပြုရန် ကျန်နေသေးသည်မို့ FEFU Campus ကို သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံ ပေးနှင့် ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေးသည်။ မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် ၍ စုံစုံလင်လင် တက်ရောက်သကဲ့သို့ ရုရှားဘက်တွင်လည်း ရုရှားဖက် ဒရေးရှင်း နိုင်ငံသမ္မတ၏ အကြံပေး နှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူး အတွင်းရေးမှူးနှင့်အတူ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin နှင့် ကိုယ်စားလှယ်များ တက်ရောက် သည်။
ဆွေးနွေးမှုများ အားပါအသက်ဝင်လှ
တွေ့ဆုံဆွေးနွေးမှုသည် ချစ်ကြည် ရင်းနှီးခင်မင်မှုကို အခြေတည်သည်မို့ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုသလို ဆွေးနွေးကြ သည်။ ဖိုရမ်ကို တက်ရောက်ရန် ဖိတ်ကြားမှု ရောက်ရှိချိန်တွင်လည်း ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ကျေးဇူး တင်စကားဆိုသည့်အခါ ရုရှားကိုယ်စား လှယ်အဖွဲ့ ကျေနပ်ပြုံး ပြုံးသွားကြ သည်မှာ အသက်ဝင်လှသည်။ သံတမန် ဆက်ဆံမှု (၇၅) နှစ်မြောက်ကာလအတွင်း နိုင်ငံနှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်ကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံ ရေးကောင်း တည်ဆောက်နိုင်ခဲ့မှု၊ အရပ် ဘက်ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများကို ပီတိလွှမ်းခြုံ သည့် ဆွေးနွေးမှုများ ပြုသည်။ ရုရှားနှင့်မြန်မာ မိတ်ဆွေ ညီအစ်ကိုနိုင်ငံနှစ်ခုကြား ကဏ္ဍသစ် များတွင် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးတို့အတွက် တိုက်ရိုက်လေကြောင်း လိုင်းများပြေးဆွဲရေး စသည်တို့ကိုလည်း ဆွေးနွေးသည်။ ရှိရင်းစွဲ ပူးပေါင်း ဆောင်ရွက်မှုများကို အဆင့်မြှင့်တင်၍ ဆောင်ရွက်မည့် ကိစ္စရပ်များဖြစ်၍ ကျယ်ပြန့်လှသည်။ နိုင်ငံနှင့် ပြည်သူများ အတွက်ဟု ကိုယ်စီရည်မှန်းထားသူများ ဖြစ်၍ ဆွေးနွေးမှုများမှာ အားပါ အသက်ဝင်လှသည်။
နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရင်းနှီး မှုသာမက ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင် ရေးအတွက်လည်း ဆွေးနွေးမှုပြုလုပ် သည်။ နယ်ပယ်ကား ကျယ်ဝန်းလှ သည်။ ကဏ္ဍပေါင်းစုံဟု သတ်မှတ်၍ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အမိ မြန်မာနိုင်ငံအတွက် ရလာနိုင်မည့်အကျိုး ကျေးဇူးကား မနည်းလှ။ စီးပွားရေး၊ လူမှုရေးမှသည် နိုင်ငံရေးနယ်ပယ် အပါအဝင် နယ်ပယ်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်လာမည့် အခြေအနေကောင်း များကို မြင်နေပြီဟုပင် ဆိုရမည် ဖြစ်သည်။