အောင်လင်း

ယမန်နေ့မှအဆက်


မော်သည် နှုတ်ခမ်းကလေးစူစူဖြင့် ကျန်လူများကို မိတ်ဆက်ပေးလိုက်သည်။
“ဟောဒါက မိုက်ကယ်ဘအေး” 
“ဒါက မစ္စတာရှားမား” 
“ဒါက ကိုညွန့်တင်” 
“ဒါက စန္ဒရားကိုအောင်နိုင်” 
“သူ့တော့ သိမှာပေါ့။ ရုပ်ရှင်မင်းသား ကိုမြင့်ဦး”
မော်သည်  တစ်ယောက်ပြီး   တစ်ယောက်၊ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် မိတ်ဆက် ပေးလိုက်သည်။ တချို့ကိုမူ ကိုဘခက်နှင့်သာမက မွန်နှင့် ‘မ’တို့နှင့်ပါ မိတ်ဆက်၍ပေးလိုက်သည်။ မွန် နှင့် ‘မ’တို့သည် မော့်ကို တအံ့တသြကြည့်နေကြသည်။
မော်၏မိတ်ဆွေများကား  များလှသည်။ လူလည်း စုံလှသည်။ အမှန်၌လည်း ကနေ့ မော်၏မွေးနေ့ ဖြစ်၍  မော်ကိုယ်တိုင် သူ့မိတ်ဆွေများကို ရွေး၍ ဖိတ်ထားခြင်းဖြစ်သည်။ ထိုအထဲတွင် မွန်နှင့် ‘မ’တို့ မသိသူ အတော်များများပါလာသည်။ 
မော်သည် နောက်ဆုံးတစ်ယောက်ကို မိတ်ဆက် ပေးလိုက်သည်။ 
“သူကတော့ မော်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပဲ၊ ဘလှသန်းထွန်းလို့လည်းခေါ်တယ်၊   ဂျော်နီလို့ လည်းခေါ်တယ်။ ပြီးတော့ ပက်ဘွန်းလို့ခေါ်တယ်”
ကိုဘခက်သည်   မော်မိတ်ဆက်ပေးလိုက်သူကို အကဲခတ်၍ ကြည့်လိုက်သည်။ သူဝတ်ထားသော အဝတ်အစားများမှာ  ကိုဘခက်၏မျက်စိထဲတွင် တစ်မျိုးဖြစ်နေသည်။
အင်္ကျီမှာ   ကြောင်ကြောင်ကျားကျား   အကွက် ကြီးများဖြင့် မိန်းမထဘီဆင်ကို ချုပ်ထားသည်နှင့် တူ၏။  ဘောင်းဘီမှာလည်း   အသားနှင့်ကပ်နေ သဖြင့်   ရာမဇာတ်ထဲမှ   မျောက်များဝတ်သော စွပ်ကျယ်ဘောင်းဘီနှင့် တူလှသည်။ ရာမဇာတ် ထဲ၌မူ မျောက်ဘဝဖြင့် အသားကပ်ဘောင်းဘီကို ဝတ်ထားခြင်းမှာ   ကြည့်၍ ကောင်းသော်လည်း အနှီဘလှသန်းထွန်းဆိုသော သတ္တဝါကလေးကား လူစင်စစ်ဖြစ်ပါလျက်နှင့်   မျောက်ဘောင်းဘီကို ဝတ်ထားခြင်းမှာ    ကိုဘခက်၏မျက်စိထဲတွင် ကန့်လန့်ဖြစ်တော့၏။
ဘလှသန်းထွန်းကား   ကိုဘခက်ကို အလျဉ်း ဂရုစိုက်ပုံမပေါ်။   ပြုံးဖြီးဖြီးဖြင့်သာ  ကြည့်ရင်း နေရာမှထလိုက်သည်။
“ဟဲ ... ဟဲ ကျွန်တော်ကတော့ အဆိုတော် မင်းသားပက်ဘွန်း။ အဲလေ ... ဟုတ်ပေါင်၊ ဟိုက ပက်ဘွန်း၊ ကျွန်တော်က ပဲ့ပွန်း။ ပွတ်ပါများတော့ ပဲ့ပြီးပွန်းနေတဲ့ ဘလှသန်းထွန်းပေါ့ခင်ဗျာ။ မြန်မာ ထုံးစံမရှိပေမယ့် နောင်ကြီးရဲ့ လက်ကလေးကိုဆွဲပြီး နှုတ်ဆက်ပါရစေ။ အနုပညာသည်လေ ... အဲလေ ယောင်လို့၊  အနုပညာသည်တွေရဲ့ လက်ဆိုတော့ ဘယ်လောက်များနုသလဲလို့ စမ်းကြည့်ချင်လို့ပါ”
ဘလှသန်းထွန်းသည် ပြုံးဖြီးဖြီးဖြင့် ကိုဘခက် အား  သူ့လက်ကို  ကမ်းပေးလိုက်သည်။ ကိုဘခက် သည် သူ့အား  မျက်တောင်မခတ်  စိုက်ကြည့်နေ သည်။ ဘလှသန်းထွန်းသည် ကိုဘခက်၏လက်ကို လှမ်းဆွဲမည်ပြုလိုက်သည်။    ကိုဘခက်သည် သူ့လက်ကို ဆီး၍ ပုတ်ချလိုက်သည်။
“မလိုပါဘူး၊   ခင်ဗျားသိချင်ရင်  မှတ်ထားပေါ့။ အနုပညာသည်ရဲ့လက်ဟာ  တီးမှုတ်နေတဲ့အခါမှာ မိန်းမလက်ကလေးလို နုနေတတ်ပေမယ့် ရန်သူနဲ့ တွေ့တဲ့အခါမှာ သံလက်သီးလိုပဲ မာတတ်တယ်” 
မော်သည်   ကိုဘခက်အား   မျက်စောင်းထိုး၍ ကြည့်နေသည်။   ဘလှသန်းထွန်းကား  သူ့ကိုပင် မပြောသလို စပ်ဖြီးဖြီးဖြင့် မော့်ကိုကြည့်နေလိုက် သည်။
မွန်သည် နေရာမှထလိုက်သည်။
“ကဲ ... မော် ... ဟောဒီမှာ  ဗစ်တာက  မင်း မွေးနေ့အတွက် လက်ဆောင်ပေးမလို့ ကြည့်စမ်း”
မွန်သည် ဗစ်တာ့လက်မှ ကတ္တီပါဘူးကလေးကို ဝမ်းသာအားရ  ဖွင့်ကြည့်လိုက်သည်။  မိန်းမဝတ် ရွှေရောင်နာရီကလေးတစ်ခု ဖြစ်နေသည်။
မော်သည်  ရွှေနာရီကလေးကို  သူ့လက်တွင် ကပ်၍ကြည့်လိုက်ပြီး မျက်နှာကို ရှုံ့လိုက်သည်။
ပုံကြီးကလည်း  မကောင်းဘူး။ ရှည်လျားလျား ကြီး၊ ဗစ်တာက မော့်ကျတော့ မကောင်းတာဝယ် ပေးတယ် ... မွန့်ကျတော့”
“ဟဲ့ ... မော် ဘာတွေလျှောက်ပြောနေတာလဲ။ နင်မကြိုက်ရင် မဝတ်နဲ့။ ပေးတဲ့လူက စေတနာနဲ့ ပေးတာကို ဒီလိုပြောရသလား”
မော်သည် မွန့်ကို ဘာမျှပြန်မပြောဘဲ နာရီဘူး ကလေးကို  လက်ဆောင်များထည့်သည့်  စားပွဲခုံ ပေါ်သို့ တင်ထားလိုက်သည်။
“ကဲ ... အားလုံးထဲမှ မော်ကြိုက်မယ့် လက်ဆောင် တစ်ခုကိုပေးမယ် လာကြည့်လှည့်” 
ဘလှသန်းထွန်းသည် နံကာသေတ္တာတစ်လုံးကို စားပွဲပေါ်တင်၍ ဖွင့်လိုက်သည်။ အထဲမှ ဓာတ်စက် အငယ်တစ်လုံး ဆွဲထုတ်လိုက်သည်။
မော်သည်ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာနေဟန် ရှိသည်။ ဘလှသန်းထွန်းသည် ဓာတ်စက်အတွင်းမှ မီးကြိုးတစ်ခုကို  အနီးရှိ   ပလပ်ပေါက်နှင့် ဆက် လိုက် သည်။  ပြီးမှ  လက်ဖက်ရည်ပန်းကန်ပြားသာသာ ရှိသော ဓာတ်ပြားများကို ဆွဲထုတ်ပြီးလျှင် သီချင်း ကို ရွေးလိုက်သည်။
“ဓာတ်စက်ကလေးက   ချစ်စရာကလေးနော်၊ ကလေးကစားစရာလေးကျနေတာပဲ”
“အမယ် .. ဒါ မော့်အတွက် အမေရိကားကယူလာ တဲ့လက်ဆောင်။ ဓာတ်စက်ကငယ်ပေမယ့် အစွယ် နဲ့ဗျ၊ အတိုးအကျယ်လုပ်လို့ရတယ်။ အနှေးအမြန် လည်း လုပ်လို့ရတယ်။ ကဲ .. နားထောင်”
ရော့ခ်အင်ရိုးသီချင်းသံသည် ဧည့်ခန်းအတွင်း ဆူဆူညံညံထွက်လာသည်။ ဘလှသန်းထွန်းသည် တစ်ကိုယ်လုံး တွန့်လိမ်၍ ကုန်းကော့ကန်ကား ဟန်ဖြင့် ကလိုက်သည်။ 
စောစောကလူသိုက်သည် လှုပ်လှုပ်ရွရွဖြစ်လာ သည်။ မော်သည် နေရာတွင် ရပ်၍ကြည့်နေရာမှ ခြေထောက်ကလေးများ လှုပ်၍လာသည်။ နောက် တစ်ကိုယ်လုံးလှုပ်လာသည်။
ဘလှသန်းထွန်းက မော့်လက်ကိုဆွဲ၍ ကလိုက် သည်။  မော်သည်  ဘလှသန်းထွန်းနှင့် တွဲ၍             ကနေရာမှ ပရိသတ်ဘက်သို့လှည့်၍ အော်လိုက် လေသည်။
“မော့်မွေးနေ့အတွက် အားလုံးကကြပါ”
ဧည့်ခန်းအလယ်တွင်  အတွဲလိုက် အတွဲလိုက် ထွက်လာကြပြီးလျှင် ကကြသည်။ တစ်ယောက်နှင့် တစ်ယောက် ပွေ့တော့မလို ဖက်တော့မလို ကကြ သည်။
တစ်ခါတစ်ရံ ရင်ချင်းကပ်သွား၏။ တစ်ခါတစ်ရံ ခြေထောက်ချင်းလိမ်သွား၏။  တစ်ခါတစ်ရံ ကိုယ် ချင်းပင် လိမ်သွားသည်ဟု ထင်လိုက်ရသည်။
ဘေးအတွဲများက ရိုးရိုးပင် ကနေကြသော်လည်း အလယ်မှာကနေသော မော်နှင့် ဘလှသန်းထွန်းတို့ မှာ အကဲဆုံးဖြစ်သည်။ ဒေါ်ခင်မျိုးသန့်သည် မော့်ကို ကြည့်၍ ပြုံးနေလိုက်သည်။
ကိုဘခက်ထိုင်သောစားပွဲတွင် ကိုဘခက်၊ မ၊ မွန် နှင့် ဗစ်တာတို့သာ ကျန်ရစ်လေသည်။ ဗစ်တာက မွန့် ကို ကရန်ခေါ်သည်။ မွန်က ခေါင်းခါ၍ ငြင်းလိုက်သည်။
“ဒါတော့  မကချင်ဘူး၊  ရိုးရိုးသီချင်းကျမှပဲ က မယ်”
ဗစ်တာသည်  ဘာမှဆက်မပြောတော့ချေ။ တီးလုံးက တဖြည်းဖြည်း ပို၍ကြွလာသည်။ ကသူများ ကား တီးလုံးနှင့်အတူ တဖြည်းဖြည်း ပို၍ရွလာသည်။
ဦးကျော်ဒင်သည် လှေကားထိပ်မှရပ်၍ ကနေ သူများကို    ပြူးကြောင်ကြောင်   ကြည့်လိုက်ပြီး ချက်ချင်းပင် အပေါ်ထပ်သို့ ပြန်တက်သွားလေသည်။ 
‘မ’က ကိုဘခက်ကို အားနာဟန်ဖြင့် ကြည့်လိုက် သည်။ 
“ဆရာ ... တော်တော်မျက်စိနောက်နေပြီလား” 
“ကိစ္စမရှိပါဘူး၊ အထူးအဆန်းတစ်ခုတွေ့ရတာ ပေါ့ ။ ကျုပ်စိတ်ထဲမှာတော့ လူရိုင်းတွေနေတဲ့ ကျွန်း တစ်ကျွန်းကိုရောက်နေသလိုပဲ”
ကိုဘခက်သည် ပြောပြောဆိုဆိုပင် စားပွဲမှထ၍ သူ့အခန်းသို့ ဝင်ခဲ့လေသည်။
အပြင်ဘက်တွင်ကား  ဆူညံလျက်ရှိလေသည်။ သီချင်းတစ်ပုဒ်ဆုံးလျှင်   လက်ခုပ်တီးသံများကို ကြားရသည်။ နောက် ခဏနားကြပြန်သည်။
စကားပြောသံများ    တစ်ယောက်တစ်ပေါက် ကြားရသည်။  နောက်သီချင်းသံကြားရသည်။ တစ်ချက်တစ်ချက် သံသေးသံကြောင်ဖြင့် အော်သံ များကို ကြားရသည်။
ကိုဘခက်သည်   စာကြည့်စားပွဲတွင်   ထိုင်၍ စာအုပ်ကို လှန်လိုက်သော်လည်း စာထဲ၌ စိတ်ဝင် စား၍မရပေ။ ဘေးပေါက်ကိုဖွင့်၍ အိမ်ရှေ့ပန်းခြံ ဘက်ဆီသို့ ထွက်ခဲ့သည်။
ပန်းခြံထဲသို့ ရောက်လာသောအခါ သူ့စိတ်မှာ အလိုလို လန်းဆန်း၍လာသည်။
စောစောကမူ နားလည်းငြီးသည်၊ မျက်စိလည်း နောက်သည်။ အသက်ရှူရလည်းကျပ်သည်။ ယခုမူ နားလည်းအေးရသည်။  မျက်စိလည်း မနောက် တော့ပေ။ အသက်ရှူလည်း မကျပ်တော့ပေ။
ညမွှေးပန်းရနံ့သည်   သင်းသင်းကြိုင်လျက်ရှိ သည်။ လေပြည်ကလေးသည် ခပ်ညင်းညင်း တိုက် ခတ်လျက်ရှိသည်။ ကောင်းကင်၌ကား မိုးသားများ ကင်းစင်လျက်ရှိသည်။  ကြယ်ကလေးများသည် ကမ္ဗလာအနက်ပေါ်တွင် ဖြန့်ကျဲထားသော စိန်ပွင့် ကလေးများလို  တလက်လက်  တောက်ပလျက်ရှိ သည်။
ကြယ်ရောင်ကလေးများအောက်တွင် ပန်းခြံသို့ သွားသောလမ်းကလေးကို ခပ်ရေးရေးမြင်ရသည်။
ကိုဘခက်သည် ပန်းခြံအတွင်းသို့ တစ်လှမ်းချင်း လျှောက်ခဲ့လေသည်။ စံပယ်ရုံဘေးမှ ထိုင်ခုံကလေး အနားသို့ရောက်သောအခါ သူသည် ထိုင်ခုံပေါ်သို့ အမောပြေ လှဲချလိုက်သည်။ တစ်နေ့လုံး ကျပ်တည်း လာခဲ့သောစိတ်ကို ခုမှ ပြန်၍ လန်းဆန်းစေရသည်။
ကိုဘခက်သည် တန်းလျားပေါ်တွင် လှဲချလိုက်ပြီး လျှင် ကောင်းကင်မှ ကြယ်ကလေးများကို ကြည့်နေ မိသည်။
မိုးသားကင်းစင်သော ကောင်းကင်ကိုကြည့်ရင်း သူ့စိတ်မှာ   အလိုလို  ပေါ့ပါးလာသည်။ ပန်းရနံ့ ကလေးများကို ထွေးပိုက်ယူငင်လာသည့် လေအေး ကလေးကို ရှူရှိုက်လိုက်ရသဖြင့် ရင်ထဲတွင် အေးမြ ၍သွားလေသည်။
ကိုဘခက်သည် မြိုင်ဂန္ဓမာသီချင်းကြီးကို ခပ်တိုး တိုးညည်းလိုက်လေသည်။
ထိုအတွင်းမှာပင် သူ့အနားဆီသို့ရောက်လာသော ခြေသံကို ကြားလိုက်ရသည်။ ကိုဘခက် ခေါင်းကိုငဲ့ ၍ကြည့်လိုက်သည်။ မှောင်ရိပ်ကျနေသောနေရာ ဖြစ်၍ ဘာကိုမျှ မမြင်ရချေ။
“ဆရာလည်း မျက်စိနောက်တာနဲ့ ဒီမှာလာနေ တယ်ထင်တယ်”
‘မ’သည် ကိုဘခက်ခြေရင်းမှ စံပယ်ရုံရိပ်အောက် တွင် အသာဝင်၍ ထိုင်လိုက်လေသည်။ ကိုဘခက် သည်  မသဲမကွဲဖြစ်နေသော  ‘မ’၏သဏ္ဌာန်ကို ကြည့်၍ သနားသလို ဖြစ်မိတော့သည်။ အမှန်တော့ ‘မ’သည် မရှောင်သာသော ပတ်ဝန်းကျင်အတွင်း၌ ရပ်တည်နေရသော်လည်း   သူ့ပတ်ဝန်းကျင်ကို   သူ   ပျော်ပိုက်ဟန်မတူချေ။    သူ့ပတ်ဝန်းကျင်ကို အနည်းနှင့်အများတော့ ငြီးငွေ့ရှာပေမည်။
ဆက်လက်ဖော်ပြပါမည်။