ဆရာနောင်
အများနှစ်သက်သော ဒံပေါက်တစ်အိုးကို အောက်ခြေအထိ လှန်ကြည့်လိုက်ပါ။ အိုးအောက်ဘက်မှာ အလိပ်လိုက်ခွေနေသော သစ်ခေါက်တစ်လိပ်ကိုတွေ့ရမည်။ ဤအရာကားသစ်ကြံပိုးတည်း။ သူသာမပါလျှင် အဆိုပါဒံပေါက်သည် မွှေးပျံ့သင်းထုံပြီး စားချင်ဖွယ်ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ အရောင်မရှိ အဆင်းမရှိသော ဟင်းလျာကို အရောင်အဆင်းပြောင်ပြောင်ဝင်းဝင်းနှင့် စားချင်စဖွယ်ဖြစ်အောင်၊ စားချင်စဖွယ်သင်းပျံ့သည့် အနံ့မရှိသေးသော ဟင်းလျာကို စားချင်စရာ အနံ့တထောင်းထောင်းနှင့် ဟင်းကောင်းတစ်ခုဖြစ်လာအောင် စွမ်းဆောင်နိုင်သူမှာ သစ်ကြံပိုးဖြစ်ပါ၏။ အရှေ့အလယ်ပိုင်းနိုင်ငံ ဟင်းလျာတို့တွင် သစ်ကြံပိုးသည် မပါမဖြစ်ဟုပင် ဆိုနိုင်ပါ၏။ ဟင်းလျာနှင့် ဒံပေါက်ချက်ပြုတ်သည့်နေရာတို့မှာသာ သူ့ကိုသုံးသည်မဟုတ်။ အချို့သော ဖျော်ရည်များ လုပ်သည့်နေရာတွင် လည်းကောင်း၊ ကိတ်မုန့်ဖုတ်သည့်နေရာတွင်လည်းကောင်း သုံးကြပါသေး၏။
သစ်ကြံပိုးသည် ရနံ့အားဖြင့်ယဉ်
သမိုင်းတစ်လျှောက်သစ်ကြံပိုးကို သုံးခဲ့သော ရာဇဝင်ကားရှုပ်ထွေးပွေလီမှုများ ရှိနေပါ၏။ တရုတ်စာပေများအား လေ့လာချက်အရဆိုလျှင် သစ်ကြံပိုးကို စတင်သုံးခဲ့ကြသည်မှာ ဘီစီ ၂၈၀၀ ခန့်ကဟု ဆိုသဖြင့် ယနေ့ဆိုလျှင် နှစ်ပေါင်းငါးထောင် နီးပါးရှိလေပြီ။ သစ်ကြံပိုး၏ မူလဘူတ မိခင်ဒေသသည် သီရိလင်္ကာနိုင်ငံဟုဆိုပါ၏။ ထိုဒေသထွက်သစ်ကြံပိုးကိုမှ သစ်ကြံပိုးအစစ်ဟုလည်း ဆိုကြပါ၏။ သီရိလင်္ကာ သစ်ကြံပိုးသည် ရနံ့အားဖြင့်ယဉ်ပြီး အမှုန့်သည် နူးညံ့ညက်ညောပါ၏။ သို့သော် ယနေ့အချိန်တွင် စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနေသော သစ်ကြံပိုးအများစုသည် သီရိလင်္ကာနိုင်ငံမှမလာပါ။ ကမ္ဘာ့သစ်ကြံပိုးစျေးကွက်၏ ၇၀ ရာခိုင်နှုန်း ကိုနေရာယူထားသည်မှာ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံထွက် သစ်ကြံပိုးတို့ဖြစ်ပါ၏။ ဗီယက်နမ်၊ မလေးရှားအပါအဝင် အခြားနိုင်ငံတို့မှထွက်သောသစ်ကြံပိုးမှာ သီရိလင်္ကာနှင့် တရုတ်သစ်ကြံပိုးတို့၏ ဆွေမျိုးသားချင်းများပေတည်း။
သမိုင်းခေတ်ဦးမှာ သုံးခဲ့သော သစ်ကြံပိုးတို့ကား စျေးကြီးလှ၏။ သစ်ကြံပိုး ၃၅၀ ဂရမ်သည် ငွေစင်အလေးချိန် ၅၀၀၀ ဂရမ်၏စျေးနှင့်အတူတူဖြစ်ခဲ့ဖူးပါ၏။ အလေးချိန်ချင်းတူလျှင် သစ်ကြံပိုး၏ ဈေးသည် ငွေစင်စျေး၏ ၁၅ ဆရှိသည် ဆိုသည့်သဘောပါပေ။ ယနေ့အချိန်တွင်မူ ဆင်းရဲချမ်းသာမရွေး သစ်ကြံပိုးကို ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေ ရောက်လေပြီ။ စျေးကွက်ထဲမှာ သစ်ကြံပိုးကို အမှုန့်အနေဖြင့်ဝယ်မည်ဆိုလျှင် သိရီလင်္ကာ သစ်ကြံပိုးလား၊ တရုတ်သစ်ကြံပိုးလားဆိုသည်ကို ခွဲခြားရခက်ပါ၏။ စျေးချိုချိုဖြင့် အများဆုံးရောင်းချနေသည်မှာ တရုတ်သစ်ကြံပိုး အမှုန့်ဖြစ်ပြီး တရုတ်သစ်ကြံပိုးနှင့် သီရိလင်္ကာသစ်ကြံပိုးမှုန့်နှစ်မျိုးကို ရောနှောရောင်းချသည်လည်းရှိပါ၏။ အခေါက်အနေဖြင့် ဝယ်မည်ဆိုလျှင် ထိုသစ်ကြံပိုးနှစ်မျိုး၏ ပုံပန်းသဏ္ဌာန်မှာ ကွဲပြားမှုရှိလေသည်။
သီရိလင်္ကာသစ်ကြံပိုးကို သစ်ကြံပိုးအပင်၏ အကိုင်းများမှ ထုတ်လုပ်သည်ကများပါသည်။ သစ်ကြံပိုးအကိုင်းများကို ချိုင်ချပြီးနောက် အခြောက်လှန်းပါသည်။ ပြီးမှ အခေါက်ကို ခွာပါသည်။ အပေါ်အခွံမာကိုဖယ်ပြီး အောက်ခံအသားကို စက္ကူလိပ်သဖွယ်လိပ်ပါသည်။ သစ်ကြံပိုးခေါက်လိပ်တစ်ခု အလျားသည် သုံးပေကျော်လောက် ရှည်ပါသည်။ ထို့အလိပ်ကို အချင်းတစ်စင်တီမီတာခန့် အရွယ်ရအောင်လိပ်ပါသည်။ ပြီးမှ ရောင်းရဝယ်ရလွယ်အောင် သုံးလက်မခန့် အပိုင်းငယ်များအဖြစ်ပိုင်း ဖြတ်ပါသည်။ အရောင်အဆင်းမှာ နီညိုရင့်ရောင်ရှိပြီး စက္ကူသားတမျှ ပါးလွှာသော သစ်ကြံပိုးခေါက်ဟု ဆိုနိုင်ပါသည်။
တရုတ်သစ်ကြံပိုးကားအပင်ကို မြေကြီးနားကပ်၍ ခုတ်လှဲပြီးမှ ထုတ်လုပ်သည်မျိုးရှိသလို အပိုင်းပိုင်းဖြတ်၍ ခုတ်ချပြီးမှ ထုတ်လုပ်သည်မျိုးလည်း ရှိ၏။ မာသောအကာသားကို မယူဘဲ မွှေးရနံ့နှင့်ပြည့်စုံသော အတွင်းအခေါက်သားကို ယူပါသည်။ ထိုအခေါက်ကို လိပ်ပြီးအပိုင်းငယ်များအဖြစ် ဖြတ်တောက်ရောင်းချပါသည်။ တရုတ်သစ်ကြံပိုး၏အခေါက်မှာ သုံးမီလီ မီတာမျှထူသဖြင့် သီရိလင်္ကာသစ်ကြံပိုးထက်များစွာ ပိုထူပြီး အိမ်သုံးစက်ငယ်များဖြင့် အမှုန့်ကြိတ်ရန် မဖြစ်နိုင်ပါ။ တရုတ်သစ်ကြံပိုးတွင် ကူမရင်ခေါ်သွေးကြဲစေသည့် ဓာတ်ပစ္စည်းတစ်မျိုးပါဝင်မှုမှာ သီရိ လင်္ကာသစ်ကြံပိုးထက် များစွာပိုပါသည်။ သို့ဖြစ်၍ ဆေးသုံးကဏ္ဍတွင် သီရိလင်္ကာသစ်ကြံပိုးကပို၍ သင့်တော်ပါသည်။
သစ်ကြံပိုးကို သမိုင်းတစ်လျှောက်တွင် ဟင်းခတ် အမွှေးအကြိုင်အဖြစ်ရော ဆေးအဖြစ်ပါ သုံးခဲ့ကြ၏ ထူးခြားသည်မှာ ရေခဲသေတ္တာမပေါ်မီ ကာလများ၌ အသားကိုကြာရှည်ခံထိန်းသိမ်းရန် သစ်ကြံပိုးကို သုံးခြင်းဖြစ်၏။ ဗက်တီးရီးယား ပေါက်ပွားမှုကို ထိန်းပေးသော စွမ်းရည်ကြောင့်လား သို့မဟုတ် မလတ်ဆတ်တော့သည့် အသား၏အနံ့ကို ထိန်းပေး နိုင်သော စွမ်းရည်ကြောင့်လား မဆိုနိုင်ပါပေ။ ဆေးအနေဖြင့်မူ အီဂျစ်ယဉ်ကျေးမှု ခေတ်ကာလတုန်းက သစ်ကြံပိုးဆီ လိမ်းဆေးအဖြစ် သုံးစွဲခဲ့ကြ၏။ မံမီရုပ်အလောင်းများကို ပြုပြင်ရာတွင် ကြာရှည်အထား ခံစေရန်အတွက် သစ်ကြံပိုးအမှုန့်ကိုလည်းကောင်း၊ သစ်ကြံပိုးအဆီကို လည်းကောင်းသုံးခဲ့ကြသေးသည် ဟုဆိုလျှင် ယနေ့ခေတ် လူတို့သစ်ကြံပိုး သုံးချင်စိတ် ပျောက်သွားမည်လား မပြောတတ်။
ခန္ဓာကိုယ်တွင်း ထိခိုက်ပျက်စီးမှုကို သက်သာစေ
မည်သို့ပင်ဆိုစေကာမူသစ်ကြံပိုးသည် အိမ်တွင်ဆောင်ထားပြီး ဗီတာမင်အားဆေးလုံးများ သောက်သလို နေ့စဉ်သုံးစွဲနိုင်သော ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးလည်းဖြစ်ပါပေသည်။ သူ့တွင် ဆေးဖက်ဝင် ဂုဏ်သတ္တိပေါင်း မြောက်မြားစွာရှိသည်။ ထိခိုက် ဒဏ်ရာကြောင့် မဟုတ်သော ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို သက်သာစေသော အစွမ်းရှိသည်။ ဆေးရုံဆေးခန်းပြရသည့်အဆင့်ထိ ချက်ချင်းဒုက္ခမပေးသော အဆိုပါကိုယ်တွင်း ရောင်ရမ်းမှုတို့သည် ရေရှည်တွင် ကင်ဆာရောဂါရခြင်း၊ သွေးချိုဆီးချိုဖြစ်ခြင်း၊ နှလုံးနှင့် သွေးတိုးရောဂါများရခြင်း၊ အဝလွန် ခြင်းတို့ကို ဖြစ်စေသောလက်သည် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါကြောင့် သေဆုံးရသူထက် ကူးစက်မှုမရှိသော နာတာရှည်ရောဂါများ ကြောင့် သေဆုံးရသူကများသည်ဖြစ်ရာ သစ်ကြံပိုးက မိသားစုနှင့် နိုင်ငံတော်၏ ဆေးကုသမှုဘဏ္ဍာ ရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပါလိမ့်မည်။ သစ်ကြံ ပိုးတွင်ဓာတ်တိုး ဟန့်တားပစ္စည်းများလည်း ပါဝင် သည်ဖြစ်ရာ ခန္ဓာကိုယ်တွင်း ထိခိုက်ပျက်စီးမှုတို့ကို လည်း သက်သာစေပါလိမ့်မည်။
သစ်ကြံပိုး၏ အထူးခြားဆုံး ဂုဏ်သတ္တိကိုပြောပါ ဟုဆိုလျှင် သွေးချိုဆီးချိုရောဂါကို သက်သာစေသော ဂုဏ်သတ္တိ၊ သွေးချိုဆီးချိုအလွယ်နှင့်မဖြစ်အောင်ကာကွယ်ပေးနိုင်သော ဂုဏ်သတ္တိကိုပင် ပြရပါလိမ့်မည်။ ဤပရဆေးသည် ကိုယ်တွင်းရောင်ရမ်းမှုကို ကျစေသည့်ပြင် ဆဲလ်များက အင်ဆူလင်ဟော်မုန်း ဆန့်ကျင်မှုကိုလည်း လျော့နည်းစေသည်ဖြစ်ရာ သွေးသကြားရေချိန်ကို ရေရှည်တွင် သိသာစွာ ကျဆင်းစေသည်။ သုတေသနများအရ မနက်စောစော အစာမစားမီတိုင်းသော သွေးသကြားရေချိန်ကို ၁၀- ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းစေသည်ဟု ဆိုပါသည်။ မြေပြင်တွင် လက်တွေ့သုံးစွဲနေသူများ၏အဆိုအရ ဆီးချိုအမှတ် ၄၀ လောက်ထိ ကျသည်ဟု သိရပါသည်။ သုံးလတစ်ကြိမ် တိုင်းတာသော သွေးဆဲလ်နီ သကြားဓာတ်ကိုလည်း တစ်ရာခိုင်နှုန်း ဝန်းကျင်အထိ ကျစေကြောင်း တွေ့ရပါသည်။
သွေးသကြားကို နေ့စဉ်တိုင်းတာ
သွေးချိုဆီးချိုရောဂါ ကာကွယ်လိုသူတို့အနေဖြင့် အာဟာရဓာတ် မျှတစွာစားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားခြင်းတို့နှင့်အတူ နေ့စဉ်သစ်ကြံပိုး အမှုန့်လက်ဖက်ရည်ဇွန်းဝက်ကို ညစာ စားပြီးချိန်တွင် သောက်သုံးနိုင်ပါသည်။ ဖြစ်ဆဲအမျိုးအစားနှစ် သွေးချိုဆီးချိုဝေဒနာရှင်တို့အနေဖြင့်မူ သွေးသကြား ရေချိန်တိုင်းတာချက်အပေါ်မူတည်ပြီး လက်ဖက်ရည် ဇွန်းဝက်မှ နှစ်ဇွန်းအထိ နေ့စဉ်သောက်နိုင်ပါသည်။ သွေးချိုဆီးချိုကျ ဆေးသောက်နေရလျှင် သွေးသကြား ရေချိန်ကို နေ့စဉ်တိုင်းတာပြီး ဆရာဝန်နှင့်တိုင်ပင် ကာဆေးချိန်ကို ညှိသင့်ပါသည်။
သစ်ကြံပိုးအမှုန့်ကို သုံးဆောင်ခြင်းသည် သွေးသကြားရေချိန်ကျဆင်းရေး တစ်ခုတည်းတွင်သာ အကျိုးသက်ရောက်မှု ရှိသည် မဟုတ်ပါ။ အာရုံကြော ဆဲလ်များ ထိခိုက်ပျက်စီးမှုကိုလည်း အထိုက်အလျောက် ကာကွယ်ပေးပါသည်။ အောဆိုင်းမား ဟုခေါ်သော မှတ်ဉာဏ်ကျဆင်းသည့်ရောဂါနှင့် ပါကင်ဆန်ဟုခေါ်သော ခြေတုန်လက်တုန်ရောဂါတို့ မဖြစ်စေရန်လည်းကောင်း၊ ဖြစ်ဆဲရောဂါရှင်တို့တွင် ရောဂါရှေ့တိုးနှုန်း နှေးစေရန်လည်းကောင်း သစ်ကြံပိုးက ဆောင်ရွက်ပေးပါသည်။ သွေးချိုဆီးချိုလည်း အာရုံကြောဆဲလ်များကို ထိခိုက်ပျက်စီးစေနိုင်သည်ဖြစ်ရာ ဤပရဆေးသည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ထိနိုင်သောသဘော ဖြစ်ပါသည်။ သို့သော်ဆေး အလုပ်လုပ်မှု သေချာအောင် လူအတော်များများဖြင့် စမ်းသပ်ချက် အတော်များများ ဆက်လုပ်ဖို့ လိုပါဦး မည်။ ဤသို့ပင် သေချာမှုရှိအောင်ဆက်၍ စမ်းသပ်ဖို့ လိုနေသေးသောကိစ္စတစ်ခုမှာ ကင်ဆာကိုကာကွယ် ကုသနိုင်သည်ဟူသော အချက်ဖြစ်ပါသည်။ ဓာတ်ခွဲ ခန်းအတွင်း မွေးမြူထားသော ကင်ဆာဆဲလ်များနှင့် လည်းကောင်း၊ ကင်ဆာဖြစ်အောင် လုပ်ထားသော ကြွက်များနှင့်လည်းကောင်း စမ်းသပ်ရာမှ သစ်ကြံပိုး၏ ကင်ဆာကာကွယ်ကုသနိုင်စွမ်းကို တွေ့ပြီးဖြစ် သော်လည်း သက်ရှိလူတွင် ဤသို့ဖြစ်မဖြစ် စမ်းရပါဦးမည်။
သွေးချိုဆီးချိုကို ကာကွယ်မည်
နောက်ဆုံးတင်ပြလိုသောအချက်မှာ သစ်ကြံပိုးသည် ပရဆေးတစ်မယ်သာဖြစ်သော်လည်း သူ့တွင် ရောဂါပိုးမွှားတချို့ကို နှိမ်နင်းနိုင်သောအစွမ်းရှိနေ ခြင်း ဖြစ်ပါသည်။ ဗက်တီးရီးယားပိုး တစ်မျိုးတည်း ပေါ်မှာသာ အစွမ်းရှိသည်မဟုတ်ဘဲ ကုသရခက်ခဲ သော ဗိုင်းရပ်စ်နှင့် မှိုပိုးအချို့အပေါ်တွင်ပါ အစွမ်း ရှိနေခြင်းဖြစ်သည်။ ပိုးသုံးမျိုးလုံးအပေါ်တွင် အစွမ်း ရှိသော ပရဆေးများအဖြစ် ကြက်သွန်ဖြူနှင့် ဆေးပြောင်းပန်း (အီကိုင်နေးစီးယား) တို့သာရှိပါသည်။ အဆုတ်အတွင်းအထိ ဝင်သော ပိုးများအပေါ်တွင် အစွမ်းရှိသည်ဟု သုတေသနများက ဆိုထားရာ ထိရောက်သော ကုသဆေးအကူအညီရဖို့ မလွယ် သည့် ကိုဗစ်ရောဂါတွင် အထောက်အကူပြုဆေး အဖြစ် သုံးနိုင်ခြေရှိပါသည်။ သူ့လိုပင် အစွမ်းထက် သော ကြက်သွန်ဖြူ (ဒါးပြားရိုက် ) နှင့်ဆေးပြောင်း ပန်း ဆေးတောင့်တို့နှင့်တွဲဖက်ပြီး တစ်နေ့သုံးကြိမ် နှုန်း သုံးစွဲစေရာ ကိုဗစ်ရောဂါ အလွန်မဆိုးသေးသော အခြေအနေတွင် အသက်ရှင်မှုနှင့် ရောဂါပျောက် ကင်းသက်သာမှုပိုကောင်းကြောင်း တွေ့ရပါသည်။ တစ်ကြိမ်လျှင် သစ်ကြံပိုးမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သွန်ဖြူဥတစ်လုံးနှစ်ဥ သို့မဟုတ် အမွှာကြီးနှစ်မွှာ ဒါးပြားရိုက်နှင့် ဆေးပြောင်းပန်း နှစ်တောင့်နှုန်းဖြင့် လေးနာရီခြားပြီး အစာနည်းနည်း နှင့်အတူ တစ်နေ့သုံးကြိမ် စားသုံးစေခြင်းဖြစ်ပါသည်။ သစ်ကြံပိုးက ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဖြစ်လာမည့်သွေးချိုဆီးချိုကိုပါ ကာကွယ်မည်ဖြစ်ရာ သဘောကျဖို့ကောင်းပါသည်။
ဤမျှဆေးဖက်ဝင်သော သစ်ကြံပိုးကို အမှုန့်အဖြစ် ဆောင်ထားပြီး နေ့စဉ်ညနေစာစားပြီးတွင် လက်ဖက်ရည်ဇွန်းဝက်မျှ သောက်သုံးနိုင်ပါသည်။ ပူသောရာသီတွင် ရေချိုးပေးဖို့တော့ လိုပါမည်။ သစ်ကြံပိုးမှုန့်သည် မကြာခဏ လေသလပ်လျှင် လည်းကောင်း၊ သိုလှောင်မှုကြာလာလျှင်လည်း ကောင်း အရောင်အဆင်းကျမှုနှင့်အတူ ဆေးစွမ်းရည် ပါကျတတ်သဖြင့် အမှုန့်ကြိတ်ပြီး သစ်ကြံပိုးကို နှစ်လအတွင်း အပြီးသုံးစွဲသင့်ပါသည်။ ။