ထားဝယ် စက်တင်ဘာ ၁၉
အိုဇုန်းလွှာသည် သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးသည့် အလွှာတစ်ခုဖြစ်သောကြောင့် ယခုလက်ရှိကာလအပြင် နောင်အနာဂတ်မျိုးဆက်များအထိ ဆက်လက်ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ကမ္ဘာပေါ်ရှိသက်ရှိများ ရေရှည်ရပ်တည်နိုင်မည်ဖြစ်၍ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။
“၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာ့နှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့”ကို ၁၉၉၅ ခုနှစ်ကတည်းက မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့” ကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ မိမိတို့လူသားများနှင့် သက်ရှိများကို ခရမ်းလွန်ရောင်ခြည်မှ အကာအကွယ်ပေးထားသော စထရာတိုစဖီးယားအလွှာတွင်ရှိသည့် အိုဇုန်းအလွှာကို မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းကြရန် သတိပေးသောအနေဖြင့် နှစ်စဉ်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မီသိုင်းဘရိုမိုဒ် တင်သွင်းမှုကို ပမာဏ အနည်းငယ်သာ နှစ်စဉ်ခွင့်ပြုခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် အိုဇုန်းယူနစ်အစည်းအဝေးတွင် တင်သွင်းသူများနှင့် ဆွေးနွေးချက်များအရ ၂၀၂၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ခွဲတမ်းစနစ်ဖြင့် သာတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် လုံးဝရပ်ဆိုင်းမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် သရုပ်ဖော်ပန်းချီနှင့် စာစီစာကုံး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ပြသသော အသိပညာပေးဗီဒီယိုနှင့် ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်