မြန်မာနိုင်ငံ၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက အထူးအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပါသည်။ လယ်ယာသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် တည်ငြိမ်ရေး အရေးကြီးပါသည်။ အထွက်နှုန်းလည်းကောင်း၊ အရည်အသွေးလည်းကောင်းမွန်မှသာ နိုင်ငံတကာဈေးကွက်တွင် တွင်ကျယ်နိုင်ပြီး တောင်သူလယ်သမားတို့ဘဝများလည်းပြေလည်ပါမည်။
သီးနှံအထွက်တိုးရေး ဆိုရာ၌ မြေ၊ ရေ၊ မျိုးတို့က အဓိကလိုအပ်သည်ဖြစ်သော်လည်း ထွက်နှုန်းကို အဟန့်အတားဖြစ်စေမည့် အနှောင့်အယှက်များလည်း ရှိနေပါသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးများရှိသလို ပိုးမွှားနှင့် ရောဂါများကြောင့်လည်း ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။
ပိုးမွှားနှင့် ရောဂါသည် လယ်သမားတို့ နှစ်စဉ် ရင်ဆိုင်ဖြေရှင်းနေရသောပြဿနာကြီးတစ်ခုဖြစ်ပါသည်။ လယ်ယာသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်သီးနှံများ၊ နှစ်ရှည်သီးနှံများစသည့် မည်သို့သော စိုက်ပျိုးရေး သီးနှံကိုမဆို ဖျက်ဆီးနိုင်သည့်အားလျော်စွာ အထူးဂရုပြု နှိမ်နင်းရလေ့ရှိပါသည်။
စပါးတွင် ဆစ်ပိုး၊ ဖြုတ် စသည့် ပိုးမွှားများ၊ စပါးဂုတ်ကျိုး၊ ရွက်ညိုပြောက်၊ ဘက်တီးရီးယားရွက်ခြောက် စသည့်ရောဂါများကြောင့် ထွက်နှုန်းကျခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ကြုံတွေ့နိုင်သလို အခြားသီးနှံများတွင်လည်း ပိုးအမျိုးမျိုး၊ မှိုရောဂါအမျိုးမျိုး၏ရန်ကြောင့် ပျက်စီးမှုများရှိပါသည်။ ယခုနှစ်ဆန်းပိုင်းတွင် စတင်ခဲ့သည့် နိုင်ငံတစ်ဝန်းရှိ ပြောင်းစိုက်ခင်းများတွင် ကျရောက်သော ငမြှောင်တောင်ပိုး မျိုးစိတ်အသစ်တစ်မျိုးကြောင့် ပျက်စီးမှုများ ကြုံတွေ့နေရသည်။ အစိုးရတာဝန်ရှိသူများက အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခြင်း၊ စိုက်ပျိုးရေးကုမ္ပဏီအချို့၏ ကူညီမှုဖြင့် ဆေးနှင့်နည်းပညာများ ဖြန့်ဝေရင်း ကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နေကြရသည်။
ပိုးမွှားရောဂါကျလျှင် မလွဲမသွေ ကာကွယ်နှိမ်နင်းရမည်သာ ဖြစ်၏။ထိုသို့နှိမ်နင်းရာတွင်လည်း သဘာဝနည်းလမ်းနှင့် ဆေးများသုံးကြသလိုဓာတုဆေးဝါးများ သုံးစွဲရသည်လည်းရှိရာ မည်သည့် နည်းလမ်းကိုသုံးသည်ဖြစ်စေ စနစ်တကျဖြစ်ရန်လိုပါမည်။ ဆေးများဖော်စပ်ရာတွင်အချိုးအစားမှန်ကန်မှု၊ သုံးစွဲသည့်နှုန်းထား မှန်ကန်မှုရှိမှသာ ထိရောက်မည်ဖြစ်ပါသည်။
ဓာတုဆေးများဆိုလျှင်ကား သည့်ထက်ပို၍ ဂရုပြုရန် လိုအပ်ပါသည်။ဓာတုအဆိပ်များ၏ အန္တရာယ်က အလွန်ကြီးမားသည်ဖြစ်၍ အထူးသတိထားရပါမည်။ သိုလှောင်သိမ်းဆည်းရာတွင် ဖြစ်စေ၊ ကိုင်တွယ်အသုံးပြုရာတွင်ဖြစ်စေ အညွှန်းကို နားလည်အောင်ဖတ်ပြီး လိုက်နာရန်လိုအပ်ပါသည်။ ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် လက်လှမ်းမမီအောင် ထားသည်မှအစ၊ သုံးပြီး အခွံများကို မြစ်ထဲချောင်းထဲ၊ မြစ်နားချောင်းနား တော်သလို မဟုတ်ဘဲ သေချာစွာ ဘေးကင်းအောင် မြေမြှုပ်လွှင့်ပစ်ပြုခြင်း မီးရှို့ဖျက်ဆီးခြင်းအထိ ဂရုတစိုက် ပြုကြရန်လိုပါမည်။အကာအကွယ်ဝတ်စုံများ လက်အိတ်များကိုလည်း လိုအပ်သလိုဝတ်ဆင်ကာ အသုံးပြုကြရပါမည်။
ထို့ပြင် ဆေးညွှန်းအတိုင်း တိတိကျကျ လိုက်နာခြင်တွယ် အသုံးပြုကြရန်လည်း အရေးကြီးပါသည်။ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး စသည်တို့ကို လွဲမှားအသုံးပြုခြင်းဖြင့် စိုက်ခင်းများပျက်စီးသည့် သာဓကများ များစွာရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေး ဆေးကုမ္ပဏီများမှ ဝန်ထမ်းများထံ အကြံတောင်းကာ အသုံးပြုသင့်ပါသည်။ ဆေးတင်သွင်း ဖြန့်ချိနေကြသူများကလည်း ဆေးဘူးဆေးထုပ်ပါ အòန်းစာများကို လယ်သမားများ နားလည်အောင် ရေးသားဖော်ပြပေးရန်လိုပါသည်။ အရည်အသွေးနှင့် စံသတ်မှတ်ချက်များအတိုင်းလည်း ပြည့်ဝရန်နှင့် အရည်အသွေးမပြည့်ဝမှုကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများအတွက် တာဝန်ယူကြဖို့ လိုပါမည်။
အစိုးရ တာဝန်ရှိသူများက ထိုသတ်မှတ်ချက်များအတိုင်း ဖြစ်ရေးနှင့်တရားမဝင်ဆေးဝါးများကို တားဆီးနိုင်ရန် ထိထိရောက်ရောက် စစ်ဆေးအရေးယူကြရန်လည်း လိုအပ်ပါမည်။
ထိုသို့ ဘက်စုံ ထောင့်စုံ တာဝန်ယူဆောင်ရွက်နိုင်ကြမှ လယ်သမားတို့၏ဘဝများ ချောင်လည်ရေးနှင့် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ လှမ်းနိုင်မည်ဟု ထင်မြင်ပါကြောင်း။ ။
မြန်မာ့အလင်း