နေပြည်တော် စက်တင်ဘာ ၂၁

             

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)အား ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူ များက စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်း (၈)ကျောင်း၏ သမိုင်းအကျဉ်း၊ သင်တန်းကျောင်း များ၏ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၂) စက်မှုသင်တန်း ကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အသစ်ဖွင့်လှစ်မည့် အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)နှင့် အမှတ်(၈) စက်မှုသင်တန်းကျောင်း (သထုံ)တို့ကို သတ်မှတ်လျာထားသည့်အချိန်တွင် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ နည်းပြ လေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး) စီမံကိန်းများ၏ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ တရုတ်နိုင်ငံသို့ နည်းပညာသင်တန်းစေလွှတ်မည့် သင်တန်းနည်းပြများကို သက် ဆိုင်ရာ ဘာသာရပ်အလိုက် စနစ်တကျရွေးချယ်စေလွှတ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်မည့်အစီအစဉ်ကို Project Management Schedule ရေးဆွဲ တင်ပြရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်နေသည့် သင်တန်းကျောင်း အဆင့်မြှင့် တင်ခြင်းစီမံကိန်း အောင်မြင်စွာပြီးမြောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဂျပန်ဘာသာ စကားသင်တန်း ပို့ချနေမှု၊ ဓာတ်ခွဲခန်းများ၊ Exhibition Room နှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအလုပ်ရုံသစ် တည်ဆောက်နေမှု၊ အကြီးစား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အလုပ်ရုံ(၃)ရုံနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတည်ပြုပြဋ္ဌာန်းထားသည့် စက်မှုဇုန် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)